ကျားဖြန့်လုပ်ငန်းက တရုတ်နိုင်ငံသားတွေ မဲဆောက်မြို့ကို ရွှေ့ပြောင်း
လုပ်ကိုင်နေတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက တရုတ်လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေ ဒီလထဲမှာ မဲဆောက်မြို့ကို ရွှေ့ပြောင်းတာ များလာတယ်လို့ ရွှေကုက္ကိုမြို့က ကျားဖြန့်အလုပ်သမားတွေက ပြောပါတယ်။
-
RFA Burmese
2024-08-13 -
-
-
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကစပြီး လာမယ့် စက်တင်ဘာလ ၃၁ ရက်နေ့အထိ ငါးလအတွင်း ကျားဖြန့်လုပ်ငန်းတွေ ပိတ်သိမ်းပြီး ထွက်ခွာကြဖို့ မြဝတီအခြေစိုက် ကရင်နယ်ခြားစာင့်တပ် (BGF) က သတိပေးစာ ထုတ်ပြန်ထားပါတယ်။ အဲဒီနောက်ပိုင်း မြဝတီကနေ မဲဆောက်မြို့ကို BGF လှေဂိတ်တွေက တစ်ဆင့် တစ်နေ့ကို လူလေးငါးဆယ်ကနေ တစ်ရာဝန်းကျင်အထိ ကမ်းကူးလာကြတယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
ရွှေကုက္ကိုကနေ မဲဆောက်မြို့ကို ရွှေ့ပြောင်းနေတဲ့ မြန်မာအလုပ်သမားတစ်ဦးက "တရုတ်သင်္ချိုင်းသွားတဲ့လမ်းဘေး ဟိုတယ်ရှေ့မှာ အဲဒီမှာဆိုလို့ရှိရင် ကျားဖျန်သွားတဲ့ တရုတ်ဆိုလို့ရှိရင် ရွှေကုက္ကိုလ်ကိုပြန်ကူးဖို့အဲ့လိုသွားကြတာတွေအများကြီးပဲ၊ အဲ့ဒီဟိုတယ်မှာဆို ကျားဖြန့်က တရုတ်တွေများတယ်" လို့ ပြောပါတယ်။
မဲဆောက်က ဟိုတယ်တွေ၊ လုံးချင်းအိမ်ရာတွေနဲ့ တိုက်ခန်းတွေမှာ အငှားအနေနဲ့ ရွှေ့ပြောင်း နေထိုင်တာများလာတယ်လို့ ရွှေကုက္ကိုက မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
"အလုပ်ကတော့ လုပ်နေတုန်းပဲ၊ သူတို့ ၁၀ လပိုင်းနောက်ဆုံးလို့ ထုတ်ထားပေမဲ့၊ ဒါပေမဲ့ တစ်ချို့ ဒီလကုန်ကျရင် ပြန်မဲ့သူတွေလည်း ရှိတာပေါ့၊ အချို့ကတော့ မဲဆောက်ဘက်ကို ကူးပြီးတော့ (အဌားတိုက်ခန်း) apartment တွေငှားပြီး နေနေကြကုန်ပြီ၊ လုပ်တဲ့လူတွေက လုပ်နေတုန်းပါပဲ"
လတ်တလော မြဝတီမြို့ပေါ် BGF တပ်ဖွဲ့ဂိတ်ဝင်းနေရာနဲ့ ရွှေကုက္ကိုမြို့သစ်နေရာက အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေဟာ စက်တင်ဘာလ ကျော်လွန်ပြီးရင် လုပ်ငန်းပြန်လုပ်ခွင့်ရဖို့ ညှိနှိုင်းနေကြတယ်လို့လည်း သူကဆိုပါတယ်။
မြဝတီမြို့ သောင်ရင်းမြစ်ဘေးက ငွေလိမ်ဂိုဏ်းနဲ့ ကာစီနိုလောင်းကစားရုံလုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတချို့ကတော့ ထိုင်း-မြန်မာနယ်စပ် ဆန်ခလဘူရီနဲ့ ဘုရားသုံးဆူမြို့ဘက် ပြောင်းရွှေ့နေကြတာလည်း ရှိပါတယ်။
မြန်မာအလုပ်သမားတွေကတော့ ပြည်တွင်းတိုက်ပွဲတွေနဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရမှာ စိုးရိမ်တာကြောင့် နေရပ်မပြန်ရဲကြဘဲ တချို့က ဘုရားသုံးဆူဘက်ပြောင်းရွှေ့ကြသလို အများစုက မြဝတီမြို့ဘက် ပြောင်းလာကြတာပိုများတယ်လို့ ရွှေကုက္ကိုကနေ မဲဆောက်မြို့ကို ရွှေ့ပြောင်းနေတဲ့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
"ကျားဖြန့်မှာ လုပ်တဲ့သူ အများစုကတော့ မိုးကုတ်တို့၊ ပြီးရင် ရှမ်းမြောက်တို့၊ ပြီးရင် ကချင်ပြည်နယ်၊ မြစ်ကြီးနားဘက်ခြမ်းကလူတွေများတယ်ဆိုတော့ သူတို့ဘက်က ပြန်လို့မရဘူးဆိုတော့ သူတို့ရန်ကုန်ကို သွားနိုင်တဲ့သူကသွား၊ မသွားနိုင်တဲ့သူကျတော့လည်း မဲဆောက်ဘက် ခဏလာရှောင် ပြီးရင်ပြန်သွားကြတာ အဲ့လိုပဲရှိတယ်၊ ရန်ကုန်တို့၊ ဧရာဝတီတိုင်းကလူတွေလည်းရှိတယ်ပေါ့၊ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက်က ဒီမြဝတီမှာပဲ ကျားဖြန့်မှာပဲ လုပ်နေကြတာ"
ဆက်နွှယ်သောသတင်းများ
မြဝတီမြို့ လောင်းကစားလုပ်ငန်းက တရုတ်နိုင်ငံသားတွေ နေရာရွှေ့ပြောင်း
မြဝတီမြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ထွက်ခွာဖို့ BGF သတိပေး
ချင်းမိုင်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရ
လက်ရှိ အချိန်ထိ ထိုင်း-မြန်မာနယ်စပ်က ကရင်လက်နက်ကိုင်ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ရွှေကုက္ကို၊ ကျောက်ခက်၊ မယ်ထော်သလေး KK park၊ AA park၊ ဝေါလေ၊ ဘုရားသုံးဆူနဲ့ မြဝတီမြို့နယ်အတွင်းက ကာစီနို၊ အွန်လိုင်းဂိမ်းနဲ့ ငွေလိမ်လုပ်ငန်းနေရာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်တာတော့ မရှိပါဘူး။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြဝတီမြို့က BGF စည်းကမ်းထိမ်းသိမ်းရေးရုံးတာဝန်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။