မြဝတီမြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ထွက်ခွာဖို့ BGF သတိပေး
2024.05.04

မြဝတီမြို့နယ်ထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်နေကြတဲ့ နိုင်ငံခြားသားတွေ မေလ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်အထိ ခြောက်လအတွင်း ပြန်လည်ထွက်ခွာသွားကြဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) စည်းကမ်းထိန်းသိမ်းရေးရုံးက ထုတ်ပြန်စာထွက်လာပြီးနောက် ကျားဖျန့် ငွေလိမ်လုပ်ငန်းရှင်တွေက နိုင်ငံခြားသား အလုပ်သမားတွေကို နေရာရွှေ့ပြောင်း အလုပ်ခိုင်းနေတာတွေရှိနေတယ်လို့ မြန်မာဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
"မြဝတီမှာက တိုက်ပွဲတွေလည်းဖြစ်တော့လေ၊ ကျောက်ခတ်ဘက်ကို ယူကေကာစီနိုတို့၊ မြဝတီ စကိုင်း ကာစီနိုတို့၊ နောက်ပြီး ဒီရွှေကုက္ကိုတို့ဘက်ကနေ ကျားဖျန့်လုပ်ဖို့ ဒီကျောက်ခတ်ဘက်ကို နေရာရွှေ့တယ်လို့ ကြားတယ်၊ ဒီ AA Park ဘက်ကိုလည်းလေ နိုင်ငံခြားသားတွေ ရွှေ့တယ်လို့ကြားတယ်၊ အခုကျတော့ ကျောက်ခတ်ဘက်မှာ လာအိုတွေ၊ အီသီယိုးပီးယားတွေရှိနေတာ ပြန်မလွတ်သေးဘူးပေါ့နော်၊ သူတို့ တရုတ်တွေက အဲ့ဒီနိုင်ငံခြားသားတွေကို ဟိုရုံကိုရောင်းလိုက် ဒီရုံကိုရောင်းလိုက် ဟိုကိုပို့လိုက်နဲ့ လုပ်နေတာတွေတော့ရှိတယ်၊ မြဝတီမှာ တိုက်ပွဲဖြစ်တဲ့ ရက်တွေတုန်းကလေ မြန်မာဘက်မှာ ကျားဖျန့်လုပ်တဲ့ ထိုင်းတွေ အကုန်လုံး ထိုင်းဘက်ကို ပြန်ခိုင်းတာဆိုတော့ ကာစီနိုတွေမှာ ထိုင်းတွေ သိပ်မရှိတော့ဘူးလို့တော့ ကြားရတယ်"
မြဝတီဒေသက တရုတ်ငွေလိမ်ဂိုဏ်းလုပ်ငန်းတွေကို ထွက်ခွာခိုင်းရတာဟာ အွန်လိုင်းကိစ္စတွေနဲ့ ပြည်သူတွေက သူတို့ BGF အပေါ် ဝေဖန်တာတွေကို ရှင်းလင်းဖို့ အခုလို စာထုတ်အသိပေးတာလို့ မြဝတီ BGF တပ်နယ် ၃ တာဝန်ရှိသူ ဗိုလ်မှူး စောတင်ဝင်းက ကရင်ပြည်နယ် အခြေစိုက် KIC သတင်းဌာနကို ပြောဆိုထားပြီး RFA က သီးခြား ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပေမဲ့ အဆက်အသွယ် မရရှိသေးပါဘူး။
ဒီထုတ်ပြန်စာအရ မြဝတီမြို့က ကျားဖျန့်လုပ်ငန်းနဲ့ အလုပ်သမားတွေ ထွက်ခွာရမှာဖြစ်ပြီး ရွှေကုက္ကိုမြို့သစ်ဘက်မှာတော့ အွန်လိုင်းလုပ်ငန်းတွေကို ထိန်းချုပ်ကွပ်ကဲတဲ့ ရထိုက်ကုမ္ပဏီဘက်က အလားတူ ထုတ်ပြန်တာမျိုး မရှိသေးဘူးလို ရွှေကုက္ကိုမှာ ကျားဖျန့် လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
"မြဝတီ စည်းကမ်းထိန်းသိမ်းရေးလို့ သုံးထားတာဆိုတော့ မြဝတီပဲ ရွှေကုက္ကိုမပါလာဘူး၊ ရွှေကုက္ကိုဆိုရင် ရထိုက် အုပ်ချုပ်ရေးဆိုပြီးတော့ အဲ့လိုပါတယ်။ လက်ရှိကတော့ သူတို့ ဂရုတွေထဲမှာရော တရုတ်ဆိုက်တွေထဲမှာရော မကြေညာသေးဘူးပြောတယ်"
ဒါပေမဲ့ ရွှေကုက္ကိုမြို့သစ်ဘက်မှာ တရုတ်လုပ်ငန်းရှင်တွေက အလုပ်သမားတွေကို နေရာရွှေ့ပြောင်းနေတာမျိုး ရှိနေပြီး BGF တပ် စစ်ဆေးရေးဂိတ်တွေက ဒေသခံ မဟုတ်သူတွေကို ဝင်ထွက်သွားလာခွင့် ပိတ်ထားတာနဲ့ လုံခြုံရေးတိုးမြှင့် စစ်ဆေးတာတွေ ရှိနေတယ်လို့ ရွှေကုက္ကိုကာစီနိုလုပ်ငန်းက တိမ်းရှောင်လာသူတစ်ဦးက ပြောပါတယ်။
"ရွှေကုက္ကိုဘက်မှာကျတော့ မနေရဲကြတော့ဘူး၊ တရုတ်တွေ တော်တော်များများတော့ ရွှေ့ကုန်ပြီ၊ ထိုင်းတွေလည်း အလားတူပဲ ရွှေ့ကုန်ကြတော့ အခုရက်ပိုင်း ရွှေကုက္ကိုထဲကို လူစိမ်းပေးမဝင်ဘူး၊ သူတို့ ဝန်ထမ်းဆိုရင် သတ်မှတ်ထားတဲ့ ကတ်ပြားရှိတယ်ပေါ့၊ အဲ့ဒီကတ်ပြားပြမှသာ ဝင်လို့ရတယ်ပေါ့၊ ကားဆိုလို့ရှိရင် နံပါတ်သတ်မှတ်ထားတဲ့ 9B ၊ ကျန်တဲ့ကားတွေ ဘာမှ ဝင်ထွက်သွားလာခွင့် မရှိတော့ ရွှေကုက္ကိုမှာ သူတို့ထပ်ပြီး အလုပ်သမားအသစ် လက်ခံမယ်ပြောပြော အလုပ်ခန့်မယ်ပြောပြော အဲဒီဂိတ်တွေ ပိတ်ထားတဲ့အတွက်ကြောင့်မို့လို့ ဘယ်သူမှဝင်လို့ထွက်လို့တော့ လောလောဆယ်မရသေးဘူးပေါ့၊ ဘာဆက်ဖြစ်မလဲတော့ မသိသေးဘူး"
မြဝတီမြို့ပေါ်က အမှတ် ၁၊ ၂၊ ၅ ရပ်ကွက်နဲ့ စိုက်ပျိုးရေးဇုန်ရပ်ကွက်နေရာမှာရှိတဲ့ BGF တပ်ရဲ့ လုံခြုံရေးကင်းစခန်းနေရာတွေထဲက အထပ်မြင့်အဆောက်အအုံပေါင်း ၃၀၀ ဝန်းကျင်လောက်မှာ ကာစီနိုနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းလုပ်ကိုင်သူ လူငါးထောင်ကျော်လောက် ရှိနေတယ်လို့ မြဝတီမြို့ခံ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မြဝတီမြို့ BGF လုံခြုံရေးတာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော်နဲ့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။
ထိုင်း-မြန်မာနယ်စပ်က ကရင်လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသထဲက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေရှိနေတဲ့ မြဝတီ၊ ရွေကုက္ကို၊ မယ်ထော်သလေး၊ KK Park၊ AA Park၊ ကျောက်ခတ်ဒေသတွေဘက်မှာ လက်ရှိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်တာ ဝင်ရောက်စစ်ဆေးဖမ်းဆီးတာမျိုး မရှိဘူးလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နဲ့ ၂၀ ရက်က မြဝတီကုန်သွယ်ရေးတံတား အမှတ် ၂ နေရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားချိန်ကစပြီး ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်ကို စစ်အင်အားတိုး စောင့်ကြည့်နေတာရှိပေမဲ့ အခုရက်ပိုင်းမှာတော့ ကာစီနိုလုပ်ငန်း နေရာတွေဘက်မှာ ကင်းလှည့်စောင့်ကြည့်နေတာတွေ ရှိနေပါတယ်။
(မှတ်ချက်။ ။ ဤသတင်းတွင် ကရင်နယ်ခြားစောင့်တပ် (BGF) စည်းကမ်းထိန်းသိမ်းရေးရုံးက ထုတ်ပြန်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ထွက်ခွာရန် သတ်မှတ်ထားသော အချိန်ကာလအား ဖြည့်စွက်ပြင်ဆင်ထားပါသည်)