ချင်း CDF ရဲ့ အထူးစစ်ဆင်ရေးအတွင်း စစ်တပ်ဗျူဟာမှူး သေဆုံး
2023.05.10

ချင်းပြည်နယ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ မတူပီဗျူဟာကို ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ၊ တပ်ရင်း ၁ လင်းယုန်တပ်ရင်းက မေ ၅ ရက်က အထူးစစ်ဆင်တိုက်ခိုက်ချိန်မှာ မတူပီဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် အပါအဝင် ဗိုလ်မှူးတစ်ဦးနဲ့ ဗျူဟာမှူးရဲ့ယာဉ်မောင်းတပ်သားတစ်ဦး တို့သေဆုံးခဲ့တယ်လို့ CDF မတူပီပြန်ကြားရေးတာဝန်ခံ ကိုနွေဦးလင်းက ပြောပါတယ်။
“အဓိကက CDF မတူပီ တပ်ရင်း ၁ လင်းယုန်တပ်ရင်းကနေပြီးတော့မှ အထူးစစ်ဆင်ရေးအနေနဲ့ပေါ့။ ဝင်ရောက်ပြီးတော့ စီးနင်းတယ်ပေါ့နော်။ စီးနင်းတဲ့အချိန်မှာ ဗျူဟာမှူးရယ် ဗိုလ်မှူးရယ် ဗျူဟာမှူးရဲ့ ယာဉ်မောင်းပေါ့။ စုစုပေါင်း သုံးယောက် ကျွန်တော်တို့ ရှင်းလင်းနိုင်တယ်။ ရန်သူ့လက်နက် MA 3 တစ်လက် ကျွန်တော်တို့ ရရှိခဲ့တယ်ပေါ့နော်၊ ဗျူဟာမှူးကို ရှင်းပြီးနောက်ပိုင်းတော့ အစစ်အဆေးမေးမြန်းတာတွေ တင်းကျပ်တယ်ပေါ့နော်။ မင်းတပ်-မတူပီလမ်းဘက်တော့ စကစဘက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အခြေအနေတွေ လောလောဆယ် ရှိတယ်ခင်ဗျ”
တောင်ပိုင်းတိုင်း စစ်ဗျူဟာကို ဝင်ရောက်စီးနင်းခဲ့တာကြောင့်လည်း အခုလိုဆောင်ရွက်နိုင်ခဲ့တာလို့ ပြောပါတယ်။
ခုလို ဗျူဟာမှူး ပစ်ခတ်သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
မေလ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ် မာဆောင်ကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် လက်နက်ခဲယမ်းတွေ လာပို့တဲ့ ထောက်ပို့ရဟတ်ယာဉ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာကြောင့် လက်နက်ခဲယမ်း ကျည်ဆန်အိတ်နှစ်လုံး ပို့ဆောင်ပေးပြီး ရဟတ်ယာဉ် ပြန်လှည့်ထွက်သွားတယ်လို့ ချင်းအမျိုးသား တပ်ဦး CNF ကပြောပါတယ်။
CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဒီဖြစ်ရပ်မှန်ကန်ကြောင်း ပြောပါတယ်။
“မာဆောင်ကျေးရွာထဲကို စစ်လေယာဉ်နဲ့ ကျည်ဆန်တွေဘာတွေ လာချသွားတာ ကျွန်တော်တို့ တွေ့ရတယ်။ အထုတ်နှစ်ထုတ်ချတဲ့ အချိန်မှာ ကျွန်တော်တို့က ပစ်လိုက်တယ်။ သူတို့ရွာထဲကို မဆင်းဘဲနဲ့ ချက်ချင်း ပြန်ထွက် သွားတယ်။ MI 35 က အဲဒီအနီးတစ်ဝိုက်နဲ့ အဲဒီတလျှောက်မှာ ကျွန်တော်တို့ ရှိနေနိုင်တဲ့ နေရာတွေကို လေးငါးကြိမ်လာပစ်တယ်။ လေယာဉ်ကို ကျွန်တော်တို့ ပစ်ချလိုက်နိုင်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ပစ်တာနဲ့ အထုတ်နှစ်ထုတ်ချပြီးတော့ မြေပေါ်မဆင်းဘဲနဲ့ ချက်ချင်း ပြန်ထွက်သွားတာပါ”

စစ်ကောင်စီတပ်ဟာ ဟားခါးမြို့ကို ထိုးစစ်ဆင်ဝင်ရောက်နိုင်ဖို့ ကြိုးစားနေပြီး တိုက်ပွဲတွေ ပြင်းထန်လာဦးမယ်လို့လည်း သူက သုံးသပ်ပါတယ်။
စစ်ကောင်စီ တပ်တွေဟာ နေအိမ်တွေ၊ ရွာလမ်းတွေမှာ မိုင်းထောင်ထားခဲ့တာတွေ ရှိတဲ့အတွက် ဒေသခံပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီစခန်းချသွားတဲ့ ကျေးရွာတွေကို ပြန်လည်ဝင်ရောက်မယ်ဆိုရင် သတိထားကြဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
မေလ ၉ ရက်နေ့ မနက်ပိုင်းကလည်း မင်းတပ်မြို့နယ်က ကျေးရွာတစ်ချို့ကို စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၇၄ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ပါတယ်။
၂၀၂၃ ခုနှစ် မတ်လနဲ့ ဧပြီ နှစ်လအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၁၂ဝ ကျော် ကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ကြေညာချက် ထုတ်ပြန်ထားပါတယ်။