တိုက်ပွဲကြောင့် ချောင်းသာနဲ့ ရွှေသောင်ယံ ကမ်းခြေက ခရီးသွားလုပ်ငန်း ရပ်ဆိုင်း

RFA Burmese
2025.01.23
တိုက်ပွဲကြောင့် ချောင်းသာနဲ့ ရွှေသောင်ယံ ကမ်းခြေက ခရီးသွားလုပ်ငန်း ရပ်ဆိုင်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နဲ့ မိုင် နှစ်ဆယ်အကွာက ဘောမိကမ်းအခြေအထိ ရောက်လာချိန် ရွှေသောင်ယံကမ်းခြေနဲ့ ချောင်းသာကမ်းခြေမှာရှိတဲ့ ဟိုတယ်အများစု ပိတ်ထားလိုက်ကြပြီး ခရီးသွားလုပ်ငန်းတွေလည်း ရပ်ဆိုင်းနေပြီလို့ ဒေသခံတွေက ဇန်ဝါရီလ ၂၃ ရက်နေ့မှာ ပြောပါတယ်။

ချောင်းသာကမ်းခြေမှာ ဟိုတယ်၊ မိုတယ်၊ ၃၃ လုံးနဲ့ ရွှေသောင်ယံကမ်းခြေမှာ ခုနစ်လုံး၊ စုစုပေါင်း လေးဆယ်ရှိတဲ့အထဲက သုံးဆယ်လောက်က ပိတ်ထားလိုက်ပြီး ဖွင့်ထားသေးတဲ့ ဟိုတယ်တွေမှာလည်း လာရောက်တည်းခိုသူတွေ မရှိသလောက် နည်းသွားပြီလို့ ဆိုပါတယ်။

ချောင်းသာကမ်းခြေမှာ ဟိုတယ်တွေနဲ့ ခရီးသွားလုပ်ငန်းကို အမှီသဟဲပြုနေသူတွေလည်း နေရပ်ပြန်ရင်ပြန် ဒါမှမဟုတ် ကြိုတင်တိမ်းရှောင်ရင် တိမ်းရှောင်ကြတယ်လို့ ချောင်းသာဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီရွာမှာ ဧည့်သည်မရှိရင် ဒီရွာသားတွေ လုပ်စားလို့မရတော့ဘူးလေ။ အဲဒီတော့ ဒီရွာမှာ ရွာခံက နည်းတယ်၊ အပြင်က လာတဲ့ သူကများတယ်လေ။ အပြင်က ဒိ့ပြင်ဒေသကလာပြီး လုပ်ကိုင်စားတဲ့သူကများတယ်။ အဲဒါကြောင့် သူတို့တွေလည်း သူတို့ရွာကို သူတို့ပြန်ကြတယ်"

"ဧည့်သည်မရှိရင် ဒီရွာသားတွေ လုပ်စားလို့မရတော့ဘူးလေ။ အဲဒီတော့ ဒီရွာမှာ ရွာခံက နည်းတယ်၊ အပြင်က လာတဲ့သူက များတယ်လေ"

တခြားဒေသကနေ လုပ်ငန်းအမျိုးမျိုး လာရောက်လုပ်ကိုင်သူတွေအပါအဝင် ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေကို အမှီပြုပြီး လူတစ်သောင်းလောက် လုပ်ကိုင်စားသောက်နေကြတယ်လို့လည်း သူက ပြောပါတယ်။

ချောင်းသာကနေ စစ်ဘေးတိမ်းရှောင်သူတွေ လိုက်ပါလာတဲ့ Light Truck ကား ဆယ်စီးကနေ သုံးဆယ်လောက်အထိ နေ့စဉ်ထွက်ခွာနေတယ်လို့ ဆိုပါတယ်။ ချောင်းသာနဲ့ ရွှေသောင်ယံကနေ စွန့်ခွာသွားကြလို့ သော့ပိတ်ထားခဲ့ရတဲ့ နေအိမ်တွေလည်း ဖောက်ထွင်းခိုးယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေသောင်ယံကမ်းခြေကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေသူ ဈေးသည်တစ်ဦးကတော့ ပုံမှန်ရောင်းနေတဲ့ ဈေးဆိုင်ကိုပစ်ထားခဲ့ရလို့ ဆုံးရှုံးရသလို နေရာသစ်မှာ လုပ်ငန်းပြန်စနိုင်ဖို့လည်း ခက်ခဲတယ်လို့ ပြောပါတယ်။

"ဆုံးရှုံးတာပေါ့၊ မနည်းဆုံးရှုံးတယ်၊ ကျန်ရစ်ခဲ့တယ်။ ဟို စားပြီးသောက်ပြီးတော့ သူ့ဟာလေးသူကတော့ ပိုလျှံတာပေါ့။ အဲဒီလိုမျိုး ကျန်တာကတော့လည်း အကုန်ဆုံး ရှုံးတာပေါ့၊ ရှိတာတွေ"

ရွှေသောင်ယံမြို့အပိုင်ထဲက ဘောမိရွာမှာ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ ရွှေသောင်ယံမြို့ကနေ လက်နက်ကြီးသံတွေ ကြားရပြီး လက်ရှိမှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘောမိရွာနဲ့ ရွှေသောင်ယံမြို့ဟာ ပင်လယ်ကမ်းခြေမှာရှိပြီး မိုင်နှစ်ဆယ်လောက်သာ ဝေးပေမဲ့ မတ်စောက်တဲ့ ကျောက်တောင်တွေနဲ့ ချောင်းနှစ်ခု ခြားနေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါတယ်။ ရွှေသောင်ယံနဲ့ ချောင်းသာကတော့ ရှစ်မိုင်လောက်သာ ဝေးပါတယ်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် မီးလောင်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘောမိရွာကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် မီးလောင်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘောမိရွာကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

စစ်ကောင်စီတပ်ကတော့ ဘောမိရွာနဲ့နီးစပ်တဲ့ သဘော့ကန်၊ ဝက်သေ စတဲ့နေရာတွေမှာ အင်အားစုဖွဲ့ ခံစစ်ပြင်ထားပြီး ချောင်းသာနဲ့ ရွှေသောင်ယံတစ်ဝိုက်မှာပါ ကင်းပုန်းတွေ ချထားတယ်လို့ ပုသိမ်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ချောင်းသာ၊ ရွှေသောင်ယံ တစ်ကြောမှာတော့ စစ်ကောင်စီက ဒီကင်းပုန်းဝပ်တာတွေ၊ နောက်ပြီးတော့ သူ့ရဲ့ ဒီအင်အားတွေပေါ့နော်။ ပုသိမ် နတခ (အနောက်တောင်တိုင်းစစ်ဌာနချုပ်) ကနေပြီးတော့ အင်အားတွေ တောက်လျှောက် ဆင်းတာတွေတော့ သိရတယ်ဗျ"

ပုသိမ်-ချောင်းသာလမ်း၊ ပုသိမ်-သာပေါင်းလမ်းမှာ စစ်ကောင်စီတပ်က စစ်ရေးအသင့်ပြင်ထားသလို အနောက်ကမ်းခြေဘက်ဖြစ်တဲ့ ဟိုင်းကြီးနဲ့ ငပုတောဘက်ခြမ်းကိုလည်း စစ်ကြောင်းထိုးနေတယ်လို့ သူကပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ပုသိမ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေ

တိုက်ပွဲကြောင့် ချောင်းသာက ဒေသခံတွေ နေရပ်စွန့်ခွာ

ဧရာ၀တီတိုင်း မြို့နယ်ခုနစ်ခုကို ခရီးသွားလာမှု သတိထားဖို့ ဗြိတိန် သတိပေး


တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဘောမိရွာမှာတော့ စစ်ကောင်စီတပ်က လေကြောင်းကတိုက်ခိုက်တဲ့အတွက် နေအိမ် ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ချောင်းသာနဲ့ ရွှေသောင်ယံမြို့ပေါ်က စာသင်ကျောင်းတွေ ဆက်ဖွင့်ထားပေမဲ့ တိုက်ပွဲနဲ့နီးတဲ့ ရွာတွေက စာသင်ကျောင်းတွေလည်း ပိတ်ထားရပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်တဲ့အခါ အစည်းအဝေးရှိနေတာကြောင့် လတ်တလော မဖြေကြားနိုင်သေးကြောင်း ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယ ဖွံ့ဖြိုးရေးဌာန (FCDO) ကတော့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ပုသိမ်မြို့နယ် အပါအဝင် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းစတဲ့ မြို့နယ် ခုနစ်မြို့နယ်ကို ခရီးအသွားအလာ သတိထားဖို့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။