ငြိမ်းချမ်းရေးအတွက် နည်းလမ်းသစ် ရှာဖွေနေကြောင်း အပစ်ရပ်အဖွဲ့တွေပြော

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးယန္တရားအမျိုးမျိုးနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းမှုနဲ့ အဆုံးသတ်ခဲ့တဲ့တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှု နည်းလမ်းဟောင်းတွေကို စွန့်လွှတ်လိုက်ပြီလို့ အပစ်ရပ်အဖွဲ့တွေက ပြောပါတယ်။
၂၀၁၁ ခုနှစ်မှာ စတင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေကို အခြေခံပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၊ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်မှု လုပ်ငန်းစဉ် စတဲ့ လုပ်ငန်းစဉ်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ အပစ်ရပ်အဖွဲ့တွေက RFA ကို ပြောပါတယ်။
လက်ရှိမှာတော့ ပိုပြီးထိရောက်မှုရှိပြီး နိုင်ငံတကာ ရဲ့အခန်းကဏ္ဍ ပိုမိုပါဝင်နိုင်မယ့် နည်းလမ်းသစ်ကို ရှာဖွေနေတယ်လို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုုပ် (NCA) လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေက ပြောပါတယ်။
နည်းလမ်းသစ်မှာ နိုင်ငံတကာရဲ့အခန်းကဏ္ဍဟာ အသိသက်သေအဆင့် မဟုတ်ဘဲ ကြားဝင်ညှိနှိုင်းပေးသူ အဖြစ် ပါဝင်ရမှာဖြစ်ပြီး ဒီအခင်းအကျင်းကို လက်မခံရင် တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာဖို့ ခက်ခဲလိမ်မယ်လို့ NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကိုပြောပါတယ်။
"ပုံစံသစ်ကို အတိအကျ မပြောနိုင်သေးပေမယ့် ပုံစံဟောင်းတော့ မဟုတ်တော့ဘူး။ အရင်တုန်းက ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရှိတယ်။ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ရှိတယ် စသဖြင့်ပေါ့။ အဲဒီ မူဘောင်တွေက အလုပ်မဖြစ်တော့ဘူး။ အဲဒီမူဘောင်တွေတိုင်း အလုပ်လုပ်မယ်ဆိုရင် လုပ်လို့မရတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့က ပုံစံသစ်နဲ့ သွားဖို့ ပြင်တော့မယ်။ ပုံစံသစ်မှာတော့ အမျိုးမျိုးဖြစ်နိုင်တယ်။ ဥပမာ နိုင်ငံတကာသက်သေတွေက သက်သေ မဟုတ်တော့ဘဲနဲ့ ကြားဝင်ပြီး စေ့စပ်တဲ့သူတွေ ဖြစ်လာအောင် ပြန်ပြီးတော့ ဖောက်ဖျက်လို့မရတဲ့ ပုံစံတို့၊ အဲဒီလိုလောက်အထိ ကျွန်တော်တို့ လုပ်ရမှာပေါ့ ဗျာ"
ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ အပစ်ရပ်အဖွဲ့အစည်းတွေ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကို ဖြေရှင်းနိုင်ဖို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာ့အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့အဖြေရှာဖို့၊ အာဆီယံ သဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရာမှာ အပစ်ရပ်အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေ ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီတွေ့ဆုံမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လေးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပါတယ်။ အပစ်ရပ်အဖွဲ့တွေ ဟာ စစ်တပ်အာဏာသိမ်းမှုကနေ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းကို ပြန်လျှောက်ရာမှာ ရှိရင်းစွဲ တိုင်းရင်းသား ပြဿနာတွေကိုပါ တစ်ပါတည်း ဖြေရှင်းနိုင်ဖို့ အလိုရှိနေကြတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို စက်တင်ဘာ ၇ ရက်ကတည်းက ဖိတ်ခေါ်ထားပေမယ့် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့အနက် အများစုက စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
လက်နက်ကိုင်တိုက်ခိုက်တာဟာ အဖြေမထွက်သလို နှစ်ဘက်စလုံးအနိုင်မရတဲ့ နည်းလမ်းဖြစ်လို့ ဒီနည်းလမ်းကို မရွေးချယ်တာလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စောမြရာဇာလင်း က ပြောပါတယ်။
"ကျွန်မတို့ တိုင်းရင်းသားလူမျိုးတွေ လိုချင်တဲ့ရပိုင်ခွင့်တွေ အများကြီး ဆုံးရှုံးနစ်နာခဲ့တဲ့အတွက် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၇၀ အတွင်းကို ရောက်လာတဲ့အခါမှာ EAO တွေက အများကြီး စဉ်းစားလာခဲ့တယ်။ ကျွန်မတို့က မြန်မာ့နိုင်ငံရေးကို ဖြေရှင်းမယ်ဆိုရင် နှစ်ဖက်စလုံး မနိုင်တဲ့နည်းလမ်းတွေနဲ့ မဖြေရှင်းသင့်တော့ဘူး။ အဲဒါကြောင့်မို့ ကျွန်မတို့က အခုထက်ထိလည်း ပြဿနာကို ဆွေးနွေးပွဲဝိုင်းကပဲ အဖြေရှာဖို့ဆိုတဲ့ ရပ်တည်ချက်နဲ့ပဲ ALP သွားနေတာ ဖြစ်တယ်"
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ စစ်တပ်က ဦးဆောင်ကျင်းပခဲ့တဲ့ NCA ခြောက်နှစ်ပြည့် နှစ်ပတ်လည်နေ့ကို အပစ်ရပ်အဖွဲ့ ၁၀ ဖွဲ့အနက် စစ်တပ်နဲ့ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလွဲလို့ ကျန် ရှစ်ဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ဒီပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီ မိုကရက်တစ်အစည်းအရုံး(LDU)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့ တက်ရောက်ခဲ့တာပါ။
ဒါဟာ အာဏာသိမ်းစစ်တပ်ကို ပူးပေါင်းတာမဟုတ်ဘဲ NCA စာချုပ်ကို အသိအမှတ်ပြုဖို့သက်သက်သာ ဖြစ်သလို အပစ်ရပ်အဖွဲ့တွေဟာ လောလောဆယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေး တာမျိုး မလုပ်ဖို့ မူဝါဒရှိနေဆဲဖြစ်တယ်လို့ NCA ခြောက်နှစ်ပြည့်အခမ်းအနား တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေက RFA ကို ပြောပါတယ်။
ရွေးကောက်ခံအစိုးရ မဟုတ်တဲ့အတွက် စစ်ကောင်စီက ငြိမ်းချမ်းရေးကို မဆောင်ကျဉ်းနိုင်ဘူးဆိုတဲ့ အယူအဆတွေအပေါ် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ စိတ်ကူးမယဉ်ကျဖို့၊ စစ်တပ်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ဖို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက် မှာ ပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုကနေရရှိလာတဲ့ နိုင်ငံရေးအဖြေကို ပြည်သူလူထုလက်ခံနိုင်တဲ့ အခြေအနေရှိဖို့ လိုတာပေါ့"
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မျိုးဝင်းကတော့ လူထုထောက်ခံမှုမရှိတဲ့ အစိုးရနဲ့ ရရှိတဲ့ သဘောတူညီချက်တွေဟာ တရားမဝင်တာကြောင့် အခုချိန်မှာ စစ်တပ်နဲ့ နိုင်ငံရေး မဆွေးနွေးတာလို့ တုံ့ပြန်ပါတယ်။
"နိုင်ငံရေးအရဆွေးနွေးမှုရလဒ်ရဲ့ တရားဝင်မှုက အင်မတန်မှ အရေးကြီးပါတယ်။ လူထုထောက်ခံမှုမရှိတဲ့ နည်းလမ်းတွေနဲ့ အဖြေရှာမယ်ဆိုရင် ရလာတဲ့ ရလဒ်အပေါ်မှာ အများပြည်သူယုံကြည်မှု မရှိဘူးဆိုရင် လည်းပဲ ရလဒ်ရဲ့တရားဝင်မှုက ရှိမှာ မဟုတ်ပါဘူး။ ဆိုလိုတာက လက်ရှိအခြေအနေမှာ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုကနေ ရရှိလာတဲ့ နိုင်ငံရေးအဖြေကို ကျွန်တော်တို့ ပြည်သူလူထုလက်ခံနိုင်တဲ့ အခြေအနေရှိဖို့ လိုတာပေါ့။ ဒါမှသာလျှင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးအဖြေရှာမှု ဖြစ်မှာပေါ့"
တိုင်းရင်းသားတွေအနေနဲ့ အာဏာသိမ်းမှု အကျပ်အတည်းအပါအဝင် တိုင်းရင်းသားပြဿနာတွေကိုပါ တစ်ပါတည်းဖြေရှင်းနိုင်မယ့် တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ဖို့အလိုရှိနေပြီး ဒီအခြေအနေကိုရောက်ဖို့ဆိုရင် စစ်တပ်ဘက်က လက်ရှိ ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လိုအပ်မှာဖြစ်သလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာပြီး တိုက်ပွဲတွေရပ်တန့်ပစ်ဖို့ လိုအပ်တယ်လို့ ရဲဘော် မျိုးဝင်းက ပြောပါတယ်။
လက်ရှိမှာတော့ အပစ်ရပ်အဖွဲ့တွေဟာ နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ် ထားရှိပြီး ကုလသမဂ္ဂ၊ အာဆီယံ၊ ထိုင်း၊ ဂျပန်တို့နဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေဟာ နိုင်ငံရေးဆွေးနွေးမှုတွေမှာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ကြိုးစားလာတာဟာ သဘာဝကျတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။
"ဒိုင်လူကြီးပါစေချင်တဲ့ သဘောပေါ့ဗျာ၊ ကျွန်တော်တို့က အခုဟာ ဒိုင်မပါဘဲနဲ့ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပြီး အဲဒီသဘောတူညီချက်တွေကို အလေးမထားဘူး။ ဖောက်ဖျက်တယ်ဆိုတဲ့ ဟာမျိုးက ဖြစ်နေကျ၊ အဲဒီတော့ ယုံလို့မရဘူး။ သူတို့လိုလားချက်ကလည်း သဘာဝကျတယ်လို့ ကျွန်တော်တို့ မြင်တယ်။ စစ်တပ်က ကတိပေးလည်း မယုံရဘူး။ NLD က ကတိပေးလည်း မယုံရဘူး အဲလိုဖြစ်နေတာကိုး"
အငြင်းပွားမှုတွေရှိခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ လူဝတ်ပြောင်းပြီး အုပ်ချုပ်ခဲ့တဲ့ ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်ကာလတွေအတွင်း သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် မှာတော့ NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့က လက်မှတ်ရေးထိုး ခဲ့ပါတယ်။ NLD အစိုးရတက်လာပြီးနောက် ၂၀၁၈ မှာတော့ နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ NCA မှာပါဝင်လာခဲ့ပါတယ်။
ဆွေးနွေးမှုတွေဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုနဲ့ ကြုံလိုက်ရပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်သွားခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှာ စစ်ပွဲတွေဟာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် အရပ်သား နှစ်သိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက အောက်တိုဘာ ၁၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။