အပစ်ရပ်ကာလအတွင်း ထိရောက်တဲ့ တေ့ွဆုံဆွေးနွေးမှုမရှိဘူးလို့ တိုင်းရင်းသားတွေသုံးသပ်
2019.06.26

တပ်မတော်က အပစ်ရပ်ထားတဲ့ ခြောက်လတာကာလအတွင်း အပစ်ရပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေ ထဲက တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကလွဲပြီး ကျန်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ လျှော့ချနိုင်ခဲ့တယ်လို့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောကြပါတယ်။
ဒါပေမဲ့လို့ တဖက်မှာ ရေရှည် ငြိမ်းချမ်းရေးအတွက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဒီကာလအတွင်း မဆောင်ရွက်နိုင်ခဲ့ပါဘူး။
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်တွေ လှုပ်ရှားဆောင်ရွက်နေတဲ့ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံဒေသတိုင်းတွေက စစ်ဌာနချုပ် ငါးခုမှာ တပ်မတော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကစပြီး အပစ်ရပ် ထားခဲ့တာပါ။
ခြုံငုံသုံးသပ်ရမယ်ဆိုရင် ဒီ ခြောက်လတာကာလအတွင်း တိုင်းရင်းသားအဖွဲ့တွေနဲ့ တိုက်ပွဲတွေ လျော့ချနိုင်ခဲ့သလို KIA နဲ့ ဆိုရင် တိုက်ပွဲတွေ လုံးဝမဖြစ်သလောက်ပဲလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။
တိုက်ပွဲတွေက လျော့သွားတဲ့ အခြေအနေတော့ ရှိတယ်။
"ခြုံငုံသုံးသပ်မယ်ဆိုရင်တော့ အကုန်လုံးနဲ့က တိုက်ပွဲတွေက လျော့သွားတဲ့ အခြေအနေတော့ရှိတယ်။ ကေအိုင်အေနဲ့ ကတော့ မဖြစ်သလောက်ရှားသွားတဲ့ အခြေအနေရှိတယ်။ ပထမ လေးလ တာကာလအတွင်း RCSS/SSA နဲ့ SSPP တို့ကြား တိုက်ပွဲတွေဖြစ်တာရှိတယ်။ သို့သော်နောက် နှစ်လ တာကာလအတွင်းမှာ သူတို့အချင်းချင်း တိုက်ပွဲတွေလည်း လျော့သွားတယ်။ မရှိသလောက်ကို ဖြစ်သွားတယ်။ ထူးခြား တာက TNLA နဲ့ တပ်မတော်နဲ့ ခုတစ်ပတ်နှစ်ပတ်အတွင်းမှာ နည်းနည်းလေးထိတွေ့မှုတွေဖြစ်တာရှိတယ်"
KIA နဲ့ တိုက်ပွဲတွေ ရပ်စဲနိုင်ခဲ့တဲ့အတွက် ဒုက္ခသည်စခန်း တချို့က လူတွေကို မူလနေရပ်တွေကို နေရာပြန်ချ ထားပေးနိုင်တာမျိုးတွေရှိခဲ့ပြီး တပ်မတော်ဘက်ကလည်း ဝိုင်းဝန်းကူညီပေးခဲ့တာမျိုးတွေရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ခဲ့တာတွေရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းရဲ့ ပြောကြားချက်အပေါ် ကချင်ငြိမ်း ချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအင်လျန်ဆန်းအောင် ကို RFA က မေးကြည့်ပါတယ်။
"စခန်းတစ်ခုလုံးကို ပိတ်သိမ်းနိုင်တာမရှိပေမယ့် တချို့ဒေသတွေမှာတော့ စစ်ရှောင်တွေ သူတို့သဘောနဲ့သူတို့ သွားချင်တဲ့သူတွေကို ပေးသွားတာ၊ ကူညီပံ့ပိုးတာတွေတော့ရှိပါတယ်။ စခန်းတစ်ခုလုံးကို ပိတ်သိမ်းတာမျိုးတော့ မရှိသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စခန်းတစ်ခုမှာရှိတာ ရွာတစ်ရွာတည်းက မဟုတ်ဘူး။ ရွာတွေအများကြီး က ရွာတစ်ရွာတည်း ပြန်ရုံနဲ့ စခန်းတစ်ခုက ပိတ်သိမ်းဖို့ မဖြစ်နိုင်သေးဘူး။ အဲလိုပြောင်းတာက ဝိုင်းမော်၊ မိုးမောက်နဲ့ မန်စီမြို့နယ်ဘက်မှာ ရှိတယ်ပေ့ါဗျာ"
အပစ်ရပ်ကာလအတွင်း တပ်မတော်ကလည်း KIA တပ်တွေ လှုပ်ရှားနေတဲ့ဒေသတွေမှာ အရင်ကလိုလှုပ်ရှားဆောင် ရွက်မှုတွေမရှိဘဲ နည်းလာသလို KIA ဘက်ကလည်း တပ်မတော်စစ်ကြောင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံတာတွေ မဖြစ်အောင် ရှောင်ရှားခဲ့တဲ့အတွက် တိုက်ပွဲတွေ လျော့တာကတော့အမှန်ဖြစ်တယ်လို့ ဦးအင်လျန်ဆန်းအောင်က ထောက်ခံပြောပါတယ်။
ရှမ်းပြည်နယ်မှာတော့ အပစ်ရပ်ကာလအတွင်း ပထမ လေးလတာမှာ RCSS နဲ SSPP တို့ တိုက်ပွဲတွေရှိခဲ့သလို TNLA နဲ့ အစိုးရတပ်မတော်တို့ကြားလည်း တိုက်ပွဲတွေရှိခဲ့ပါတယ်။
အစိုးရတပ်မတော်ဘက်က TNLA နဲ့ အခု ဇွန်လထဲရောက်မှ တိုက်ပွဲတွေရှိလာတာလို့ဆိုပေမယ့် TNLA ဘက်ကတော့ အပစ်ရပ် ခြောက်လတာကာလအတွင်း လစဉ် အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
တပ်မတော်က အပစ်ရပ်ထားတဲ့ကာလအတွင်း TNLA တပ်တွေရှိတဲ့နေရာတွေမှာ စစ်စခန်းတွေ ပြန်လည် တည်ဆောက်တာတွေရှိတယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။
"ခြောက်လအတွင်းမှာ မဖြစ်တဲ့လကမရှိဘူး။ ဖြစ်တော့ဖြစ်တယ်။ ဒါပေမဲ့ ဒီလပိုဖြစ်တယ်။ ဒီခြောက်လပိုင်းမှာဖြစ်တာက ကွတ်ခိုင် မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ဆန်ဘက်အခြမ်းရယ်၊ ကျောက်မဲဘက် အခြမ်းရယ်ပေါ့နော်။ အပစ်ရပ်ကြေညာပြီးနောက်မှာ စစ်အင် အားဖြည့်တင်းမှုတွေလုပ်တယ်။ ကျနော်တို့သွားလာတဲ့ဒေသမှာ စစ်စခန်းတွေပြန်ပြီး တည်ဆောက်တယ်။ ကျနော်တို့လှုပ်ရှားတဲ့ နယ်မြေ ဒီ နမ့်ခမ်း၊ မူဆယ်၊ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ နမ္မတူဘက်အခြမ်းတွေ အကုန်လုံးနေရာ အစုံပါပဲ။ အခုလမှာတော့ ကျနော်တို့ရှိတဲ့နေရာအထိ တောက်လျှောက်လိုက်နေတော့ ကျနော်တို့က မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ပြီးမှ တိုက်ပွဲဖြစ်တာတွေရှိတယ်"
တပ်မတော်ဘက်ကလည်း အပစ်ရပ်ကာလအတွင်း TNLA ဘက်က နယ်မြေချဲ့ထွင်တာ၊ စစ်အင်အားတိုးချဲ့တာတွေရှိတယ်လို့ ပြန်လည် စွပ်စွဲခဲ့ပါတယ်။
အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးနိုင်ဖို့ တပ်တော်ဘက်က သက်ဆိုင်ရာနယ်မြေတွေက စစ်တိုင်းမှူးတွေပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပေမယ့် တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရ တပ်မတော်က ဖွဲ့စည်းထားတဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တာမရှိပါဘူး။
ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကနေတဆင့် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်ကြား တစ်ဖွဲ့ချင်းစီအလိုက် အပစ်ရပ်စာချုပ်ရေးထိုးနိုင်ရေး ဆွေးနွေးမှုတွေဟာလည်း ထိရောက်တဲ့အဖြေမရနိုင်ဘဲ ဖြစ်နေပါသေးတယ်။
အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထိရောက်တဲ့ တွေ့ဆုံမှုတွေမရှိခဲ့တဲ့အတွက် ကျေနပ်အား ရလောက်တဲ့ တိုးတက်မှုမရှိဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
ငြိမ်းချမ်းရေးအတွက်ကတော့ ကျေနပ်အားရလောက်အောင် တိုးတက်မှု တစ်စုံတစ်ရာမရှိဘူး။
"အပစ်တော့ရပ်ထားတယ်။ နိုင်ငံရေးကြိုးပမ်းမှုလည်း ဘာမှ မရှိဘူး။ ငြိမ်းချမ်းရေးတည်ဆောက်မှုလည်း ဘာမှတိုးတက် မလာဘူးဆိုရင် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်လို့ ပြောချင်တယ်။ ငြိမ်း ချမ်းရေးအတွက်ကတော့ ကျေနပ်အား ရလောက်အောင် တိုးတက်မှု တစ်စုံတစ်ရာမရှိဘူးလို့ မြင်ပါ တယ်ခင်ဗျ။ ဒါဟာနှစ်ဖက်စလုံးရဲ့ နိုင်ငံရေးအာသီသနဲ့ ဆိုင်ပါလိမ့်မယ်။ တပ်မတော်နဲ့လည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရှိရင် အပေါက်ဝမှာ ပိတ်ရပ်နေတဲ့ သဘော မျိုးရှိတာကိုး။ တစ်ခုတည်းသော တပ်မတော်နဲ့ နောက်တစ်ခါ ခွဲမထွက်ရဆိုတဲ့ ကြိုတင်ကန့်သတ်ချက်ကြီးကရှိနေတဲ့ အခါကျတော့ ဆွေးနွေးဖို့ရာ လမ်းစပိတ်သလို ဖြစ်သွား တာပေါ့နော်"
ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့က မူဆယ်ဆွေးနွေးပွဲပြီးနောက်ပိုင်း တပ်မတော်၊ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေထပ်တွေ့ဖို့မှာ နေရာညှိလို့မရဘဲ အခက် အခဲတွေဖြစ်နေတယ်လို့ ပြောနေကြပြီး တကယ်တမ်းမှာတော့ နေရာသတ်မှတ်ချက်အပြင် တခြားထုတ်ဖော်ပြောလို့မရဘဲ ညှိနှိုင်းမရတဲ့ ပြဿနာတွေလည်းရှိနေတာလို့ TNLA က ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
အစိုးရတပ်မတော်က ငြိမ်းချမ်းရေးကို ရှေ့ဆက်ဆောင်ရွက်မယ်ဆိုရင်တော့ အပစ်ရပ်ကာလကို ဆက်လက် သက်တမ်းတိုးရမှာဖြစ်ပြီး အဲဒီကာလအတွင်းမှာလည်း နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်အောင် ကြိုးပမ်းရ မှာဖြစ်တယ်လို့လည်း ပြောကြပါတယ်။
တပ်မတော်ဘက်ကတော့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးမှ အပစ်ရပ်ကာလကို သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာ ဆုံးဖြတ်နိုင်မယ်လို့ ပြောထားပြီး ဒီနေ့အထိတော့ တပ်မတော်ဘက်က ဒါနဲ့ပတ်သက်တဲ့ သဘောထားကို ထုတ်ပြောတာမရှိသေးပါဘူး။
(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်)