CDM မန္တလေး ဆေးကျောင်းသူနှစ်ဦးကို စစ်ကောင်စီ နာမည်ပျက်စာရင်းသွင်း
2024.11.23
ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်ကို လျှောက်ထားတဲ့ မြန်မာကျောင်းသူနှစ်ဦးရဲ့ ယာယီဆေးပညာ ဘွဲ့လက်မှတ်တွေဟာ စစ်ကောင်စီရဲ့ မန္တလေး ဆေးတက္ကသိုလ်က ထုတ်ပေးတာမဟုတ်ဘဲ မန္တလေးဆေးတက္ကသိုလ်က အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ထားတဲ့ ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် ထုတ်ပေးထားတာသာ ဖြစ်တယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီဘွဲ့လက်မှတ်တွေနဲ့ပတ်သက်ပြီး အတည်ပြုချက်ရဖို့ ထိုင်းတက္ကသိုလ်က စစ်ကောင်စီ မန္တလေးဆေးတက္ကသိုလ်ဆီ ပေးပို့ခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနအောက်မှာ ပြန်လည်ဖွင့်လှစ်ထားတဲ့ မန္တလေး ဆေးတက္ကသိုလ်မှာ ဆေးပညာဘွဲ့ (MBBS)၊ ဆေးပညာဆိုင်ရာ ဒီပလိုမာ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (MMedSc)၊ ဆေးလက်တွေ့အခြေခံ ပါရဂူဘွဲ့ (PhD) နဲ့ ဆေးလက်တွေ့ပါရဂူဘွဲ့ (DrMedSc) တွေကို သင်ကြားပေးနေပါတယ်။
NUG ရဲ့ မန္တလေး ဆေးတက္ကသိုလ်မှာ ယာယီတက္ကသိုလ်ကောင်စီနာယကအဖြစ် CDM ပါမောက္ခ ဒေါက်တာ ခင်မောင်လွင် က တာဝန်ယူထားတာပါ။ သူကိုယ်တိုင် လက်မှတ်ထိုးပြီး ထုတ်ပေးထားတဲ့ ဘွဲ့လက်မှတ်အစစ် ဖြစ်ကြောင်းလည်း သူ့ လူမှုကွန်ရက်မှာ ဒေါက်တာခင်မောင်လွင် က ပြန်လည် တုံ့ပြန်ထားပါတယ်။
ဒီဖြစ်ရပ်ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နှစ်ခုကြားမှာ နိုင်ငံတကာ တက္ကသိုလ်တွေ နားလည်မှုလွဲတဲ့ပြဿနာကြောင့်ဖြစ်တယ်လို့ မုံရွာစီးပွားရေး တက္ကသိုလ် ကြားကာလကောင်စီဝင် ကိုကျော်ဝေဖြိုး က ပြောပါတယ်။
“ အခုဖြစ်သွားတာကျတော့ လက်ခံတဲ့တက္ကသိုလ်က ဒီကြားကာလတက္ကသိုလ်ကို သွားမချိတ်ဘဲ စကစ အောက်က တက္ကသိုလ်ကို သွားချိတ်လိုက်တဲ့အခါမှာ သူတို့က ဒီစာရွက်စာတမ်းတွေကို ရသွားပြီးတော့ ပြည်တွင်းမှာ သူတို့နိုင်တဲ့သူတွေကို လုပ်တဲ့သဘောမျိုးပါပဲ၊ တက်ရောက်နေတဲ့ကျောင်းသူကျောင်းသားတွေ ကိုတော့ ဘာမှထိခိုက်မှုမရှိဘူးပေါ့နော်“
ချူလာလောင်ကွန်းတက္ကသိုလ်ကို NUG ဘွဲ့လက်မှတ်တွေနဲ့ လျှောက်ထားတဲ့ ကျောင်းသူနှစ်ယောက်ကို နာမည်ပျက်စာရင်း (Black List) သွင်းထားပြီး သူတို့ရဲ့ ဘွဲ့လက်မှတ်တွေကို မြန်မာကနေ အင်္ဂလိပ်ဘာသာကို နိုတြီပြန်ပေးခဲ့တဲ့ ရန်ကုန်မြို့က သုံးဦးကို ဖမ်းဆီးထားတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ မှန်မှန်ကန်ကန်နဲ့ အလုပ်လုပ်နေတဲ့သူတွေကို မတရားဖမ်းဆီးတာလို့ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော် က ပြောပါတယ်။
“ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ဟာတွေက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ပြန်ပေးတာဖြစ်တယ် နိုတြီလုပ်စရာမလိုဘူး၊ ဒါပေမဲ့ မန္တလေးဆေးတက္ကသိုလ် ထုတ်တဲ့ဟာကျတော့ မြန်မာလိုဖြစ်တဲ့အတွက် ဘာသာပြန်ဖို့ လိုတယ်ပေါ့နော်၊ အဲဟာကို သူတို့က ပြဿနာလုပ်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက ပညာရေးကဏ္ဍကို ဖိနှိပ်တဲ့လက်နက်တစ်ခုအနေနဲ့ သုံးတာဖြစ်တယ်၊ နိုင်ငံရေး ပညာရေးကဏ္ဍကိုလည်း ဖျက်ဆီးပြီးသွားပြီ၊ သူတို့ရဲ့ လက်အောက်ကနေလွတ်ပြီးတော့ လွတ်လွတ်လပ်လပ်ပညာသင်ကြားနေတဲ့ လူငယ်တွေရဲ့ ရှေ့ရေးကိုလည်း လိုက်လံဖျက်ဆီးဖို့ကြိုးစားနေတာဖြစ်တယ်၊ သူ့အလုပ်ကို သူလုပ်တဲ့ နိုတြီလုပ်ပေးတဲ့ဟာ၊ ဒါ မှန်ကန်တဲ့စာရွက်ကို မှန်မှန်ကန်ကန် ဘာသာပြန်ပေးတဲ့သူကိုလည်း မတရားဖမ်းဆီးတာဖြစ်တယ်“
အဲဒီကျောင်းသူ နှစ်ယောက်လုံး ချူလာလောင်ကွန်းတက္ကသိုလ်မှာ ဆက်လက်ပညာသင်ကြားခွင့်ရနေပြီဖြစ်တဲ့အကြောင်းလည်း NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က သတင်းမီဒီယာတစ်ခုကို ဖြေဆိုထားပါတယ်။
ဆက်နွှယ်သောသတင်းများ
နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း ကျန်းမာရေးဆိုးရွားလာပြီးနောက် ဆေးရုံမှာ သေဆုံး
လွိုင်ကော်မှာ တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီ ပြင်ဆင်
တည်ငြိမ်အေးချမ်းမှ တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီပြော
ကြားကာလတက္ကသိုလ်တွေအနေနဲ့ ဘွဲ့လက်မှတ်တွေကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ပေးရင် ပိုအဆင်ပြေမယ်လို့ ကယားပြည်နယ်က နွေဦးဂုရုလေးများအဖွဲ့တည်ထောင်သူအဖွဲ့ဝင် ကိုတင့်ဇော်ဟိန်း က ပြောပါတယ်။
“တက္ကသိုလ်နဲ့ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တွေပေါ့၊ edu.org ပေါ့၊ edu. ဆိုတဲ့ဟာမျိုးတွေဖွင့်နိုင်တယ်ဆိုရင်တော့ ပထမတစ်ချက်လုပ်သင့်တယ်၊ နှစ်အချက်က ထုတ်ပေးတဲ့ဘွဲ့လက်မှတ်တွေ နိုတြီပြန်စရာမလိုအောင် အင်္ဂလိပ်နဲ့ မြန်မာဗားရှင်းနှစ်ခုပေါ့၊ Offical (တရားဝင်) ဖြစ်သွားမယ် နိုတြီပြန်စရာမလိုတော့ဘူး၊ နောက်တစ်ချက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျောင်းတွေနဲ့ ချိတ်ထားဖို့ပေါ့၊ ဥပမာ ကျွန်တော်တို့ကြားကာလ တက္ကသိုလ် ကောင်စီတွေအနေနဲ့ ဆက်သွယ်လို့ရမယ့် အီးမေးလ်တွေ ဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ထားပြီးတော့ အဲဒါတွေနဲ့ အတူတိုက်ရိုက် သက်ဆိုင်ရာကျောင်းတွေနဲ့ ပိုပြီးတော့ မိတ်ဖက်လုပ်ဆောင်သင့်တယ်လို့ထင်တယ်“
အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေ ဆက်မတက်ဘဲ ဒီနေ့ထိ CDM လုပ်နေတဲ့ကျောင်းသားတွေလည်း ရှိနေပါတယ်။
အာဏာသိမ်းပြီးကတည်းက ကလေးတွေက သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ CDM လုပ်ထားတာပါဆိုတဲ့ ကျောင်းသားတွေရဲ့ မိခင်တစ်ယောက်ကတော့... “သားသမီးနှစ်ယောက်လုံးက ၂၀၂၁ နောက်ပိုင်းမှာ NUG မှာ ချထားတဲ့ကျောင်းပေါ့ အွန်လိုင်းကနေတက်တာ တစ်နှစ်စာကို ဘတ်နဲ့ပိုက်ဆံသွင်းရတယ်၊ သူတို့ကို ယုံပြီးတော့ပဲ ကိုယ်က CDM ကို အပြည့်အဝခံယူထားတာ လေ၊ NUG အနေနဲ့က နိုင်ငံတကာနဲ့ဆက်သွယ်တဲ့နေရာမှာ ပိုပြီးတော့ ထိရောက်မှုရှိအောင်ကို လုပ်ပေးရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမြန်မာပြည်မှာ ကိုယ်က ဒီလိုမျိုး ကြောက်ကြောက်လန့်လန့်နဲ့ပဲ CDM လုပ်ထားတာလေ၊ ဒီကလေးရဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့ကို NUG က အပြည့်အဝ တာဝန်ယူရမယ်ပေါ့“ လို့ ပြောပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံအနေနဲ့ရော သီးခြားကိုယ်ပိုင်အနေနဲ့ရော ဖွင့်လှစ်သင်ကြားနေတဲ့ ကြားကာလတက္ကသိုလ်တွေနဲ့ ပညာရေးကျောင်းတွေ အတော်များများရှိနေပြီး ဒီကျောင်းတွေ တက္ကသိုလ်တွေကို တက်ရောက်နေတဲ့ CDM ကျောင်းသားတွေလည်း ရှိပါတယ်။
စစ်ကောင်စီကတော့ သူတို့ ဖွင့်လှစ်ထားတဲ့ ပညာရေးကျောင်းတွေကိုသာ တက်ကြဖို့နဲ့ NUG ဖွင့်ထားတဲ့ကျောင်းတွေ၊ တက္ကသိုလ်တွေကို မတက်ကြဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။