မြန်မာစစ်တပ်ကို စစ်လေယာဉ်ပစ္စည်းတွေ တင်ပို့နေတဲ့ ရုရှားကုမ္ပဏီများ

စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2022.05.11
မြန်မာစစ်တပ်ကို စစ်လေယာဉ်ပစ္စည်းတွေ တင်ပို့နေတဲ့ ရုရှားကုမ္ပဏီများ ၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၇ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား။
Photo: AFP

မြန်မာစစ်တပ်နဲ့ ချိတ်ဆက်ပတ်သက်တဲ့ ပြည်ပ ကုမ္ပဏီ ၅၆ ခုကို ဗြိတိန်အခြေစိုက် Burma Campaign UK မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က မေလ ၁ဝ ရက်မှာ နာမည်ပျက် စာရင်းထပ်မံ ထည့်သွင်းတဲ့အထဲမှာ ရုရှားကုမ္ပဏီ လေးခုပါဝင်ပြီး အဲဒီကုမ္ပဏီ လေးခုစလုံးဟာ လေကြောင်းဆိုင်ရာ စစ်လက်နက် ပစ္စည်းတွေ ရောင်းချပါတယ်။

Aero Technik၊ Allwe Foreign Trade Company၊ Aviatech နဲ့ Aviazapchast စတဲ့ ရုရှား ကုမ္ပဏီတွေကို နာမည်ပျက်စာရင်းသွင်းလိုက်တာဖြစ်ပြီး Allwe Foreign Trade Company က လေကြောင်းဆိုင်ရာ ပစ္စည်းတွေအထူးတင်ပို့ပါတယ်။

ဒါတင်မက ရေနံနဲ့ သဘာဝဓာတ်ငွေ့အပြင် သယ်ယူပို့ဆောင်ရေးနဲ့ သင်္ဘောတည်ဆောက်ရေးအတွက် ရုရှားလုပ်ပစ္စည်းတွေ တင်ပို့ပါတယ်။

ဒီ Allwe Foreign Trade Company ဟာ Myanmar Consultancy Company Limited ကို လေယာဉ်ပစ္စည်းတွေတင်ပို့ပြီး စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီကို ရုရှားလုပ် Mi စစ်ရဟတ်ယာဉ် အပိုပစ္စည်းတွေ တင်ပို့တယ်လို့ အမေရိကား အခြေစိုက် သွင်းကုန်-ပို့ကုန် အချက်အလက်တွေဖော်ပြတဲ့ ImportGenius က ပြောပါတယ်။

လက်နက်ပွဲစား Sixth Ocean Limited ဆဌမ သမုဒ္ဒရာကုမ္ပဏီကို ရုရှား Allwe Foreign Trade Company က လေကြောင်းဆိုင်ရာ စစ်လက်နက်အပိုပစ္စည်းတွေ တင်ပို့တယ်လို့လည်း မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်သူတွေကို သုတေသနလုပ်နေတဲ့ Justice for Myanmar က မတ် ၂၇ ရက်က ပြောကြားပါတယ်။

စစ်အစိုးရ အဆက်ဆက် တရုတ်လက်နက်အားကိုးခဲ့တဲ့ မြန်မာစစ်တပ်ဟာ ၂ဝဝဝ ပြည့်လွန်ပိုင်းက စလို့ ရုရှားနဲ့ စစ်ရေးဆက်ဆံရေးအရှိန်ကောင်းလာပြီး တိုင်းရင်းသားဒေသတွေနဲ့ စစ်အာဏာ သိမ်းမှုက မွေးဖွားလိုက်တဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေလှုပ်ရှားတဲ့ နယ်မြေတွေမှာ ရုရှားလက်နက်တွေတွင်တွင် သုံးပြီး တိုက်ခိုက်ပါတယ်။

ဒါကြောင့်လည်း မြန်မာစစ်တပ်ဟာ ရုရှားရဲ့ စစ်လက်နက်ဖောက်သည်ဖြစ်နေပြီလို့ နော်ဝေအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာဝင်းမောင် က ပြောတာပါ။

ဗမာပြည်ဟာ ရုရှားရဲ့ စစ်လက်နက်ဖောက်သည် ဖြစ်နေပါပြီ။ ရုရှားနဲ့ ဆက်ဆံရေးအတွက် အဓိက အကြောင်းဖြစ်ပါလိမ့်မယ်။

Burma Campaign UK က ထပ်မံနာမည်ပျက်စာရင်းသွင်းတဲ့ Aero Technik ဟာ ရုရှား Mi -8 စစ်ရဟတ်ယာဉ် အစိတ်အပိုင်းတွေကို လက်နက်ပွဲစား Royal Shune Lei Company Limited က တဆင့် ၂ဝ၁၉ မှာ တင်ပို့တယ်လို့ ImportGenius က ပြောပါတယ်။

Aero Technik ဟာ ရုရှားလုပ် လေယာဉ်နဲ့ ရဟတ်ယာဉ် အစိတ်အပိုင်း အသစ်စက်စက်ရော ပြုပြင်မွမ်းမံထားတာတွေကိုပါ ၂ဝ၁ဝ က စတင်ဖြန့်ဖြူးတယ်လို့ ကုမ္ပဏီအင်တာနက် စာမျက်နှာမှာ ကြော်ငြာထားပါတယ်။

Burma Campaign UK ရဲ့ နာမည်ပျက် စာရင်းဝင် Aviaspares ကလည်း လေယာဉ် အပိုပစ္စည်း တင်ပို့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ စစ်သားတွေကို သယ်ယူပို့ဆောင်ဖို့ စစ်ကောင်စီ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ MI-17 နဲ့ MI-8 စစ်ရဟတ်ယာဉ် အပိုပစ္စည်းတွေကို စစ်အာဏာမသိမ်းခင် ၂ဝ၂၁ ဇန်နဝါရီမှာ လက်နက်ပွဲစား King Royal Technologies Company Limited ကို တင်ပို့ခဲ့တယ်လို့ Justice for Myanmar က ဖွင့်ချပါတယ်။

Aviaspares ဟာ ခေတ်မီလေကြောင်း ပစ္စည်းကိရိယာတွေကို ပြုပြင်မွမ်းမံတယ်လို့ဆိုပါတယ်။

ရုရှား Aviazapchast ကုမ္ပဏီကလည်း အာဏာသိမ်းဖို့ ကြိုးပမ်းချိန်ကစပြီး မြန်မာစစ်တပ်ကို လေယာဉ်အပိုပစ္စည်းတွေ တင်ပို့တယ်လို့ ImportGenius က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။