ယူကရိန်းနီးပါး အရပ်သားသေဆုံးနေတဲ့ မြန်မာပြည်
2023.06.27

အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း သေဆုံးရတဲ့ အရပ်သား ၈၆၀၀ ကျော်ရှိနေပြီလို့ အရပ်ဘက် သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP Myanmar က ဇွန်လ ၁၄ ရက်နေ့ကထုတ် တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်ကောင်စီကို သတင်းပေးသူလျှိုလုပ်လို့ ဆိုပြီး စွပ်စွဲအသတ်ခံရတဲ့သူက ၄၀၀၃ ယောက်၊ တိုက်ပွဲတွေမှာ သေဆုံးရတဲ့သူ ၂၄၅၄ ယောက်နဲ့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာခံရတဲ့သူ ၂၁၈၃ ယောက်ဖြစ်တယ်လို့ ISP Myanmar က ဆိုပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းစစ်ပွဲတစ်နှစ်ကျော်မှာတော့ သေဆုံးရတဲ့သူ ၈၈၀၀ နီးပါး ရှိပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ထားတဲ့အတွက် မြန်မာပြည်က ပြည်တွင်း စစ်ကြောင့် သေရတဲ့ လူဦးရေနဲ့ ယူကရိန်းက စစ်မှာ သေရတဲ့သူ မတိမ်းမယိမ်း ဖြစ်နေတာ တွေ့ရပါတယ်။
ဒီလို အရပ်သားသေဆုံးမှုတွေ လျှော့ချနိုင်ဖို့ဆိုရင် စစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတွေ နှစ်ဖက် ညှိနှိုင်းနိုင်မှပဲ ရမယ်လို့ ယူဆနေကြတဲ့သူတွေရှိသလို၊ တစ်ဖက်ဖက်က အနိုင်ရမှပဲ ရပ်တန့်သွားမယ်လို့ သုံးသပ်နေတဲ့ နိုင်ငံရေးအကဲခတ်တွေလည်း ရှိပါတယ်။
"စစ်ပွဲပြီးလို့ တစ်ယောက်ယောက်က အဆုံးအဖြတ် အနိုင်ရသွားမှပဲ ဒီဇာတ်လမ်းတွေ ရှင်းတော့မယ်လို့ ထင်ပါတယ်"
တိုက်ပွဲတွေမှာ သေဆုံးရတဲ့ အရပ်သားနှစ်ထောင်ကျော်ထဲမှာ စစ်ကိုင်းတိုင်းက ၁၂၀၀ ကျော်ဖြစ်လို့ တိုင်းနဲ့ ပြည်နယ်တွေမှာ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ လောလောလတ်လတ် ဖြစ်ရပ်တစ်ခုဆိုရင် ရွှေဘိုမြို့နယ်၊ ကင်းပြားရွာနားမှာ ဇွန်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့တွေ့သွားတဲ့ ဒေသခံ လူငယ်ငါးယောက် ရဲ့ ရုပ်အလောင်း တွေကို တွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း (၂၃) ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“ကျွန်တော်တို့နဲ့ တစ်ရွာတည်းပေါ့ဗျာ အဲဒီဘက်ကအခြမ်းက ကလေးတွေလည်း ပါသွားတယ်။ တစ်ယောက် ပါသွားတယ်။ အသက်က ၁၈ နှစ်၊ ၁၉ နှစ်လေးတွေနေမှာ လူငယ်လေးတွေပဲ။ ကျန်တဲ့ရွာသားတွေ လည်း ပါတယ်ဗျ။ စစ်ကြောင်းနဲ့တိုးသွား တာပေါ့ အဲဒီမှာ။ ပြေးတာတော့ သူတို့က လယ်တွေထဲ ဆင်းပြေးရင်း မိသွားတာလို့ ပြောတယ်။ လက်ပြန်ကြိုးတုပ်ပြီး ခေါင်းကိုပစ်ပြီး ကန်ချခဲ့ကြတာ”
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့အဖွဲ့တွေဟာ ဒေသခံပြည်သူတွေရဲ့ အကူအညီ ရနေတဲ့ အတွက်ကြောင့် စစ်ကောင်စီဘက်က သတ်ဖြတ်နေတာလို့ သူက ယူဆပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီဘက်ကရပ်လို့ အသတ်ခံရတဲ့သူလေးထောင်ကျော်မှာ စစ်တပ်အရာရှိ ဟောင်းတွေ ပါသလို၊ မဘသနဲ့ စစ်တပ်ဘက်က အမြဲရပ်တည် ပြောဆို တတ်တဲ့ အဆိုတော် လီလီနိုင်ကျော် မေလ ၃၀ ရက်နေ့က ပစ်ခတ်ခံရပြီးနောက် ဇွန်လ ၆ ရက်နေ့မှာ သေဆုံးသွားတာက လတ်တလောဖြစ်ရပ်ပါ။
အပြန်အလှန်အနေနဲ့ ဒေါ်လီလီနိုင်ကျော်ကို သတ်ဖြတ်တဲ့သူတွေလို့ စွပ်စွဲဖမ်းဆီးခံရတဲ့ ကိုကောင်းဇာနည်ဟိန်းရဲ့ အမေနဲ့ အစ်မကိုလည်း အမည်မသိလက်နက်ကိုင်အဖွဲ့က လက်တုံ့ပြန် သတ်ဖြတ်လိုက်ပါတယ်။
အဲဒီလက်မရွံ့အဖွဲ့ကတော့ လူမိုက်တွေဖြစ်တယ်လို့ အရပ်ထဲ မှာပြောဆိုနေကြပါတယ်။ ဒါကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ နောက်ဖြစ်ရပ်တစ်ခုကတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ ဧပြီလ ၂၂ ရက်နေ့က ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စပါ။ အဲဒီဖြစ်ရပ် အတွက် ရန်ကုန်တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ၁၀ ယောက်ကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့ပါ တယ်။
ဒီလိုအပြန်အလှန်လုပ်ကြံသတ်ဖြတ်တာတွေရပ်ဖို့ဆိုရင် စစ်ကောင်စီ မရှိမှဖြစ်တော့မယ်လို့ ရန်ကုန် တော်လှန်ရေးအင်အားစု (YRF) က နာမည်ထုတ်မပြောလိုတဲ့ တာဝန်ရှိသူ တစ်ယောက်က သုံးသပ်ပါတယ်။
“စကစ ဘက်ကနေလည်း စွပ်စွဲခံရတဲ့မိသားစုဝင်တွေကို လုပ်ကြံသတ်ဖြတ်တာမျိုးတွေ လည်း လုပ်ဆောင်နေတယ်။ ဒီကိစ္စတွေက ဘယ်အချိန်မှ ရပ်စဲသွားမလဲဆိုတော့ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်စစ်တပ် အလုံးစုံ ပျက်သုဉ်းကျဆုံးသွားတဲ့အချိန် မှာတော့ ဒီကိစ္စတွေက ရပ်တန့်သွားလိမ့်မယ်ဆိုတာ သေချာပေါက်ပါပဲ”
ဒီလိုဖြစ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို RFA က မေးမြန်းကြည့်တဲ့အခါမှာ တော့ နှစ်ဖက်စလုံး က ညှိနှိုင်းနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။
“အလျှော့ပေးတယ်ဆိုတာ တစ်ဖက်တည်းက လုပ်လို့မရဘူးဗျ။ နှစ်ဖက်လုံးက လက်ခံဖို့လိုတယ်။ တစ်ဖက်က ကမ်းလှမ်းလာရင် တစ်ဖက်က အဲဒီကမ်းလှမ်းမှု အပေါ်မှာ နောက်ကနေ Follow လိုက်နိုင်မှ။ အဲဒီကျမှ အလျှော့ပေးတာတို့၊ စေ့စပ်တာတို့၊ ဆွေးနွေးညှိနှိုင်းတာတို့ဆိုတာ အဆင်ပြေတာကိုး။ တစ်ဖက်က ပြောနေတဲ့ဟာကို သူကတော့ ငါတို့ကိုကြောက်လို့ အလျှော့ပေးတာ၊ ဆက်သွားမယ် ဆိုတာမျိုး တွေးရင် အဲဒါက ပြဿနာ တော်တော်လေးကြီးတယ်”
စစ်တပ်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အတွက် အာဏာမသိမ်းခင်က ညှိနှိုင်းဖို့ ကြိုးစားခဲ့သလို အာဏာ သိမ်းပြီးနောက်ဆန္ဒပြပွဲတွေဖြစ်လာတဲ့အချိန်မှာလည်း အလျှော့ပေးညှိနှိုင်းဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဦးသိန်းထွန်းဦး ကပြောပါတယ်။ ဘယ်လိုညှိဖို့ကြိုးစားခဲ့သလဲဆိုတာတော့ သူက အသေးစိတ် မပြောပါဘူး။
ISP Myanmar ရဲ့ အစီအရင်ခံစာထဲမှာပါတဲ့ စစ်ကောင်စီထောက်ခံတဲ့ဘက်က သေဆုံးတဲ့အရေအတွက်ဟာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက Al Jazeera မီဒီယာကို ဧပြီလ ၁၅ ရက်က ဖြေဆိုထားတဲ့ အရေအတွက်ဖြစ်ပါတယ်။ အခုလို စစ်ကောင်စီဘက်ကရော၊ ISP Myanmar ကပါ ပြောတဲ့ကိန်းဂဏန်းနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားစိစစ်အတည်မပြုနိုင်သေးပါဘူး။
ဒါတွေနဲ့ ပတ်သက်လို့ တစ်ဖက်ဖက်က အနိုင်ရမှပဲ ဖြေရှင်းလို့ရတော့မယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ရှုမြင်ပါတယ်။
“ဒီစစ်ပွဲမပြီးသေးခင်တော့ ဖြေရှင်းလို့မရဘူး။ စစ်ပွဲပြီးလို့ တစ်ယောက်ယောက်က အဆုံးအဖြတ် အနိုင်ရသွားမှပဲ ဒီဇာတ်လမ်းတွေရှင်းတော့မယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။ သိပ်ပြောစရာမရှိပါဘူး”
ISP Myanmar ရဲ့ အစီအရင်ခံစာအရ အရပ်သားသေဆုံးမှုတွေဟာ ၂၀၂၁ ဇွန်လက အနည်းဆုံး ဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလမှာတော့ အမြင့်ဆုံးကိုရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားကျူးကျော်တာခံနေရတဲ့ ယူကရိန်းမှာတော့ နိုင်ငံတကာရဲ့ အကူအညီ အလုံးအရင်း ရနေသလို နှစ်ဖက်စလုံး က ခေတ်မီလက်နက်တွေနဲ့ တိုက်နေတာပါ။ မြန်မာပြည်တွင်း စစ်မှာတော့ စစ်ကောင်စီက နိုင်ငံပိုင်ဘဏ္ဍာငွေ၊ နိုင်ငံတော်တပ်နဲ့ ခေတ်မီလက်နက်တွေ၊ တိုက်လေယာဉ်တွေသုံးနေပြီး၊ ဆန့်ကျင် တော်လှန်သူတွေမှာ အများစုကတော့ ပြည်သူ အချင်းအချင်းရဲ့အလှူငွေ၊ လက်လုပ်သေနတ်၊ လက်လုပ် စိန်ပြောင်းလောက်နဲ့ ခုခံနေ ကြတာ ဖြစ်ပါတယ်။