၁၀၂၇ စစ်ဆင်ရေး နှစ်လအတွင်း အရပ်သား ၁၃၀ ကျော် သေဆုံး

RFA Burmese
2023.12.27
၁၀၂၇ စစ်ဆင်ရေး နှစ်လအတွင်း အရပ်သား ၁၃၀ ကျော် သေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်တချို့အား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
The KoKang

အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး နှစ်လတာအတွင်း ရှမ်းမြောက်ဒေသက မြို့ကိုးမြို့ကို သိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့တာကြောင့် ကလေးငယ် ၂၈ ဦး အပါအဝင် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ သာလွန်အင်အားနဲ့ ဖိတိုက်ခဲ့သလို မြောက်ပိုင်း သုံးဖွဲ့ဘက်ကလည်း အရပ်သားနေအိမ်တွေကို အကာအကွယ်ယူ တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောခွင့်ရသူ ယိင်းလျန်ဟန် က ပြောပါတယ်။

“ဒီ ၁၀၂၇ စစ်ဆင်ရေး နှစ်လတာအတွင်းမှာ ထိခိုက်မှု အများဆုံးက အရပ်သားတွေလို့ ပြောလို့ရတယ်ပေါ့နော်။ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေလည်း ထိခိုက်မှုရှိတယ်ရှင့်။ အဓိက ထိခိုက် တာတော့ ကျွန်မတို့ မှတ်တမ်းတွေအရတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုက အများဆုံးဖြစ်နေတယ်ပေါ့နော်။ လက် နက်ကြီးက ဒုတိယအများဆုံး။ အဲလိုပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ကလည်း အရပ်သားတွေရဲ့ နေအိမ် တွေထဲမှာ နေရာယူပြီးတော့ တိုက်ပွဲဖော်တာမျိုးတွေလည်း ကျွန်မတို့ တွေ့ရတယ်”

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ အခုလ ၂၃ ရက်နေ့အထိ စာရင်းအရ ကလေးငယ်တွေ အပါအဝင် သေဆုံးသူ ၁၁၈ ဦး ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

“ဒီ ၁၀၂၇ စစ်ဆင်ရေး နှစ်လတာအတွင်းမှာ ထိခိုက်မှု အများဆုံးက အရပ်သားတွေလို့ ပြောလို့ရတယ်ပေါ့နော်"

ဒီဇင်ဘာ ၂၄ ရက်နေ့မှာ သိန္နီမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား သုံးဦး၊ ၂၅ ရက်နေ့ နမ္မတူမြို့ လေကြောင်းတိုက်ခိုက်မှုမှာ အမျိုးသား နှစ်ဦးနဲ့ ဒီဇင်ဘာ ၂၅ ရက် နေ့မှာပဲ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရှစ်ဦး စုစုပေါင်း ၁၃ ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။ ဒါကြောင့် အောက်တိုဘာ ၂၇ ကနေ ဒီဇင်ဘာ ၂၇ ရက်နေ့ထိ သေဆုံးသူ စုစုပေါင်း ၁၃၁ ဦးရှိသွားပါပြီ။

ရှမ်းပြည်နယ်အခြေစိုက် တအာင်း (တအန်း) အမျိုးသမီးအဖွဲ့ရဲ့ စာရင်းတွေမှာတော့ အောက်တိုဘာ ၂၇ ရက် ကနေ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ ကလေးငယ် ၂၈ ဦး အပါဝင် စုစုပေါင်း ၁၃၀ ဦး သေဆုံးခဲ့ တယ်လို့ ဖော်ပြပါတယ်။ ဒဏ်ရာရသူ ၂၅၀ နီးပါးရှိခဲ့ပြီး အဲဒီထဲမှာ ကလေး ၄၂ ဦးနဲ့ အမျိုးသမီး ၇၁ ဦးပါဝင်တယ်လို့ တအာင်း (တအန်း) အမျိုးသမီးအဖွဲ့ က ပြောပါတယ်။

အဲဒီဒေသမှာလှုပ်ရှားနေတဲ့ လူ့အခွင့်အရေးအဖွဲ့ နှစ်ဖွဲ့လုံးရဲ့ စာရင်းတွေအရ သေဆုံးသူ အများစုဟာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မူဆယ်၊ သိန္နီ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) စတဲ့ မြို့နယ် ၁၄ ခုက ဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေ ရှိရာ မူဆယ်မြို့နယ်မှာ အရပ် သား ၂၂ ဦး သေဆုံးပြီး ရှမ်းမြောက်ဒေသ တစ်ခုလုံးရဲ့ သေဆုံးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး နှစ်လတာအတွင်း မိုင်းလုံ၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း စတဲ့မြို့တွေကို မြောက်ပိုင်းညီနောင် သုံးဖွဲ့က သိမ်းယူခဲ့ပါတယ်။ အဲဒီမြို့နယ်တွေမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကိုပါ ထိန်းချုပ်ထားပါတယ်။

ညီနောင်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ TNLA တပ်ဖွဲ့က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နမ့်ဆန်နဲ့ မန်တုံ မြို့တွေကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့မှာ နှစ်မြို့စလုံးကို ထိန်းချုပ်ထား ပါတယ်။ နမ့်ခမ်းမြို့ကိုလည်း တစ်လကျော် တိုက်ခိုက်ပြီး TNLA က သိမ်းပိုက်ထားပါတယ်။

နမ့်ဆန်မြို့အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: TNLA)
နမ့်ဆန်မြို့အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: TNLA)

ကျောက်မဲနဲ့ မိုးကုတ်ကြားက မိုင်းလုံမြို့ကိုလည်း ထပ်မံ သိမ်းယူလိုက်တာကြောင့် ဒီစစ်ဆင်ရေး နှစ်လတာ အတွင်း မျှော်မှန်းထားတဲ့ ဒေသအများစုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က RFA ကို ပြောပါတယ်။

“ပြောမယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုကတော့ အောင်မြင်မှုရတယ်လို့ ပြောလို့ရတယ်။ ပန်းတိုင်ကတော့ အာဏာရှင်အမြစ်ဖြတ် ဖြုတ်ချနိုင်ဖို့နော်၊ လက်ရှိအခြေအနေကတော့ ကျွန်တော်တို့ နယ်မြေ အတွင်းမှာတော့ ထိုက်သင့်တဲ့ အောင်မြင်မှု ရတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ဘက်အခြမ်းက အလုံးစုံ သိမ်းပိုက်နိုင်တဲ့ မြို့ကို ပြောမယ်ဆိုရင်တော့ မိုင်းလုံရယ်၊ နမ့်ဆန်ရယ်၊ မန်တုံရယ်၊ နမ့်ခမ်းရယ်၊ လေးမြို့ပေါ့”

လားရှိုးမြို့နယ် မိုင်းကျက်စခန်းနဲ့ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်း တိုက်ပွဲတွေဟာ အပြင်းထန်ဆုံးနဲ့ အချိန်အကြာ ဆုံးဖြစ်ပြီး၊ စခန်းသစ်ကုန်းတိုက်ပွဲမှာ TNLA တပ်ဖွဲ့ဝင် ငါးဆယ်နီးပါး သေဆုံးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

လေးရက်ကြာ မန်တုံ မြို့သိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော် အထိ စံချိန်တင် တိုက်ခိုက်ခဲ့တယ်လို့ TNLA တာဝန်ရှိသူတွေက ပြောပါတယ်။

“ဒီ ၁၀၂၇ စစ်ဆင်ရေး နှစ်လတာအတွင်းမှာ ထိခိုက်မှု အများဆုံးက အရပ်သားတွေလို့ ပြောလို့ရတယ်ပေါ့နော်"

ညီနောင်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA ကတော့ တိုက်ပွဲစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ မှာပဲ တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့ကို သိမ်းယူခဲ့ပြီး မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကွမ်းလုံ၊ ကုန်းကြမ်း စတဲ့မြို့တွေကို ထပ်မံသိမ်းယူထားပါ တယ်။ လက်ရှိမှာ သိန္နီမြို့ပေါ်ကို MNDAA က ထိန်းချုပ်ထားပေမယ့် စစ် ကောင်စီရဲ့ စကခ (၁၆) တပ်ဖွဲ့က လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေနဲ့ တုံ့ပြန်တိုက်ခိုက်နေတာကြောင့် ဒီနေ့အထိ တိုက်ပွဲဆက်ဖြစ်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေး နှစ်လအတွင်း မြောက်ပိုင်းသုံးဖွဲ့ဘက်က စစ်ကောင်စီတပ်ရဲ့ စခန်းကြီး၊ စခန်းငယ် နှစ်ရာ ကျော်နဲ့ စစ်လက်နက် အမြောက်အမြားကို သိမ်းယူနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီ ဘက်ကတော့ တပ်မ ၉၉ တပ်မမှူး အပါအဝင် အရာရှိ၊ စစ်သည် ထိခိုက်သေဆုံးမှု အတော်များခဲ့ပြီး တပ်ရင်း အလိုက် လက်နက်ချတာမျိုးတွေ ရှိခဲ့တယ်လို့ မြောက်ပိုင်းသုံးဖွဲ့ ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

တိုက်ပွဲစဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ ချင်းရွှေဟော်မြို့ သိမ်းပိုက်ခံရတာကြောင့် တရုတ်-မြန်မာ အဓိက နယ်စပ်ကုန်သွယ်ရေးစခန်း ရပ်တန့်သွားပါတယ်။ နောက်ထပ်အရေးပါတဲ့ ကျင်စန်းကျော့ ကုန်သွယ်ရေး စခန်းကိုလည်း MNDAA က ဒီဇင်ဘာ ၇ ရက်နေ့ မှာ သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ မူဆယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

အလားတူ ကိုးကန့်ဒေသ ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း MNDAA က သိမ်းယူခဲ့တာကြောင့် ရှမ်းမြောက်ဒေသရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း အားလုံး မြောက်ပိုင်းသုံးဖွဲ့ လက်ထဲ ရောက်ရှိသွား တာပါ။

MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လောက်ကိုင် ရန်လုံကျိုင်းဂိတ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Wechat)
MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လောက်ကိုင် ရန်လုံကျိုင်းဂိတ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Wechat)

တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကို စွန့်ခွာသူ ပိုများလာပြီး နယ်စပ်ဂိတ်အားလုံးလည်း ရပ်တန့်သွားပြီလို့ မူဆယ်မြို့ခံ ကိုလွင်က ပြောပါတယ်။

“၁၀၅ မိုင်သွားတဲ့ ပြည်ထောင်စုလမ်းမကြီးကနေ ကိုက် ၂၀၀ လောက်ဝေးမယ့် နမ့်ခွမ်းရွာနားထိ MNDAA နဲ့ မဟာမိတ်အဖွဲ့တွေက ရောက်နေပြီဆိုတော့ ကျွန်တော်တို့မြို့ကလည်း သိပ်မသေချာတော့ဘူး။ တချို့လည်း အများကြီး ပြောင်းရွှေ့ကုန်ကြပြီ။ လက်နက်ကိုင် မဟုတ်တဲ့ ရုံးဌာနတွေဆို အတော်များများ မိသားစုဝင်တွေ ပြောင်းရွှေ့ကုန်ကြပြီ။ မသွားနိုင်၊ မရွှေ့နိုင်တဲ့ မိသားစုဝင်တွေကတော့ ကိုယ့်အိမ်ကိုယ့်ယာမှာပဲ နေနေကြတာ ပေါ့။ ဒီနှစ်လအတွင်းမှာတော့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ဒီကုန်သွယ်ရေးဇုန်ကတော့ လုံး၀ကို ရပ်တန့် သွားပြီပေါ့။ ပြောင်းလဲသွားတာတော့ ဒီစီးပွားရေးလုပ်ငန်းတွေပေါ့နော်။ လုံး၀ လုပ်စားလို့မရတဲ့ အနေအထား ဖြစ်သွားတာပေါ့ ရပ်တန့်သွားတာပေါ့”

၁၀၂၇ စစ်ဆင်ရေး ပထမနေ့မှာပဲ ရှမ်းပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်စခန်း တွေကို TNLA နဲ့ မန္တလေးတိုင်း PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ နောင်ချို- ဂုတ်တွင်းလမ်းကို TNLA နဲ့ မန္တလေးတိုင်း PDF တပ်ဖွဲ့က ဖြတ်တောက်ထိန်းချုပ်ခဲ့ပါတယ်။

စစ်ဆင်ရေး နှစ်လတာ ကာလအတွင်း ရှမ်းမြောက်လမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ခဲ့တဲ့ အပြင် မန္တလေးတိုင်း အတွင်းမှာ သူတို့အနေနဲ့ ကျေနပ်လောက်တဲ့အထိ တိုက်ပွဲတွေ ဖော်ဆောင် နိုင်ခဲ့တယ်လို့ မန္တလေးတိုင်း PDF ပြောခွင့်ရသူ ကိုအော်စမွန်က ပြောပါတယ်။

“ကျွန်တော်တို့ MDY PDF အနေနဲ့ မန္တလေး-လားရှိုးလမ်း ပိတ်ဆို့ဖြတ်တောက်ရေးကို အဓိကတာဝန်ယူပြီးတော့ ဒီစစ်ဆင်ရေးမှာ ပါခဲ့တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဒီမန္တလေးတိုင်းကို ထိုးဖောက် ဝင်ရောက်ဖို့အတွက် ကျွန်တော်တို့ မတ္တရာမြို့နယ် ထိုးဖောက်ရေးကို လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ နှစ်လတာအတွင်းမှာရော၊ ၁၀၂၇ စစ်ဆင် ရေးအပေါ်မှာရော၊ ကျွန်တော်တို့ရဲ့ တောင်သမန်စစ်ဆင်ရေး အပေါ်မှာပါ စိတ်ကျေနပ်မှု အပြည့်ရှိပါတယ်။ ကျွန်တော်တို့ ရည်မှန်းထားတဲ့ စစ်ရေးရည်မှန်းချက် ရာခိုင်နှုန်းတော်တော်များများ ပေါက်မြောက်အောင်မြင်တယ်လို့ ပြောရင်ရပါတယ်ဗျ”

၁၀၂၇ စစ်ဆင်ရေး မပြီးဆုံးသေးသလို စစ်ကောင်စီတပ်နဲ့ စစ်ရေးအခြေအနေကလည်း တင်းမာဆဲလို့ သူက ပြော ပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ရှမ်းမြောက်ဒေသ စစ်ဆင်ရေးအတွင်း အဓိက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက် နိုင်ခဲ့သလို နယ်စပ်ကုန်သွယ်ရေးစခန်းတွေကိုပါ ပိတ်ဆို့နိုင်တာကြောင့် စစ်ကောင်စီအတွက် ပိုပြီးအထိနာစေ တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

ဒီစစ်ဆင်ရေးဟာ တစ်နိုင်ငံလုံးဆင်နွှဲနေတဲ့ စစ်အာဏာရှင်ပြုတ်ကျရေး နွေဦး တော်လှန်ရေးကို အရှိန်အဟုန် မြင့်မားစေတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ကျွန်တော်တို့ အခုနွေဦးတော်လှန်ရေးအတွက် တစ်ပြည်လုံးလှုပ်ရှားကြဖို့ ပြင်ဆင် နေချိန်မှာ ၁၀၂၇ စစ်ရေး စီမံကိန်းပေါ်လာပြီးတော့ ဒီလိုလမ်းကြောင်းတွေပိတ်ဆို့၊ စစ်စခန်းတွေသိမ်းပိုက်၊ မြို့တွေထိန်းချုပ် ဆိုတဲ့ အနေအထားတွေ ပေါ်ပေါက်လာတဲ့ အခါကျတော့ ရှမ်းမြောက်တင်မကတော့ဘူး၊ တစ်ပြည်လုံးအနှံ့အပြားမှာပါ မြို့သိမ်း တိုက်ပွဲတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေ ဦး ဆောင်ပြီးတော့ ဆင်နွှဲလာနိုင်တဲ့အခြေအနေဟာ နွေဦးတော်လှန်ရေး အောင်ပွဲအတွက် တော်တော်ထူးခြားတဲ့ အရှိန်အဟုန်ကို ရရှိလာစေပါတယ်”

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။ ရှမ်းမြောက်ဒေသတိုက်ပွဲအတွင်းမှာ မြို့နယ်အချို့ကို လက်လွှတ်ခဲ့ရကြောင်း စစ်ကောင်စီမီဒီယာတွေကတစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုထားပါတယ်။

ဒီအခြေအနေတွေကြောင့် နှစ်ဖက်ပြေလည်မှုရဖို့ တရုတ်ကဦးဆောင်ပြီး ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်နေ့ အထိ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား တွေဆုံဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက် တစ်ခုမှမရဘဲ ပြီးဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ TNLA ထိပ်တန်း အရာရှိတစ်ဦးက ပြောပါတယ်။

ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၇ ရက်ကနေ ၉ ရက်နေ့ အထိ လုပ်ခဲ့တာပါ။ ညှိနှိုင်းမှု မပြေလည်သေးတဲ့အတွက် တတိယအကြိမ်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ဆက်လုပ်ဖို့ သဘောတူခဲ့ကြောင်း မြောက်ပိုင်းသုံးဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက် ဒီနေ့အထိ နမ္မတူမြို့သိမ်းတိုက်ပွဲကို TNLA က ဆက်လက်ဆင်နွှဲနေပြီး မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ လောက်ကိုင်မြို့တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ နမ္မတူမြို့နယ်က ဒေသခံ တစ်သိန်းနီးပါး ဘေးလွတ်ရာမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။