နိုင်ငံတစ်ဝန်း ချိပ်ပိတ်ခံရတဲ့အဆောက်အအုံ တစ်ထောင်နီးပါးရှိလာ

RFA Burmese
2023.05.23
နိုင်ငံတစ်ဝန်း ချိပ်ပိတ်ခံရတဲ့အဆောက်အအုံ တစ်ထောင်နီးပါးရှိလာ ပခုက္ကူမြို့မှ NLD အမတ် နေအိမ်အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီက ချိပ်ပိတ်ခဲ့စဉ်။
Citizen Journalist

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှတ်တမ်းကောက်ယူရေးအဖွဲ့ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက NLD ကိုယ်စားလှယ်၊ ပါတီဝင်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၄၉ ဦးရဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေ စုစုပေါင်း ၉၇၁ လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ပါတယ်။

ဒီအထဲမှာ စီးပွားရေးလုပ်ငန်း၊ အဆောက်အအုံ၊ စားသောက်ဆိုင်၊ ဘာသာရေး အဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ တည်းခိုခန်းနဲ့ ဟိုတယ်တွေလည်း ပါဝင်ပါတယ်။

ဒီစာရင်းတွေဟာ အသိမ်းခံလိုက်ရတဲ့ ကာယကံရှင်တွေ၊ ဒေသခံတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဆီကနေ ကောက်ယူထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ မသက်ဆိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ဥပဒေမဲ့သိမ်းယူလာတာ တွေ့ရတယ်လို့ ဝေဖန်ပါတယ်။

"သားလုပ်တဲ့သူကို ဖမ်းမမိလို့ မိဘတွေရဲ့ပိုင်ဆိုင်မှုကို ချိပ်ပိတ်တာလည်း ရှိပါတယ်။ ယောက်ျားလုပ်တဲ့သူကို မမိလို့ မိန်းမပိုင်ဆိုင်မှုကို သိမ်းဆည်းတာလည်းရှိတယ်။ သူတို့ဖမ်းချင်တဲ့သူကို ဖမ်းလို့မမိတဲ့ အခါမှာ ကျန်တဲ့မိသားစုဝင်တွေရဲ့ ပစ္စည်းဥစ္စာကို ချိပ်ပိတ်လိုက်တာ မတရားသိမ်းဆည်းလိုက်တာ လုပ်တယ်။ ဒါက တော်လှန်နေတဲ့ လူတစ်ယောက်တည်း၊ နိုင်ငံရေးလုပ်နေတဲ့ သူတစ်ယောက်တည်းကို အပြစ်ပေး အရေးယူတာ မဟုတ်ဘဲနဲ့ မိသားစုတစ်စုလုံး ပါဝင်ပတ်သက်သူ၊ သူနဲ့သက်ဆိုင်တဲ့သူတွေကိုပါ အပြစ်ပေး အရေးယူတာလုပ်တယ်။ ဒါကတော်တော်ကို ဥပဒေမဲ့လုပ်ရပ် ဖြစ်တယ်"

ချိပ်ပိတ်ခံထားရသူတွေထဲမှာ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ပါတီဝင်နဲ့ ပါတီ ကိုထောက်ခံအားပေးသူ ထက်ဝက်ကျော်ပါဝင်ပေမယ့် ကျန်တာကတော့ နိုင်ငံရေးနဲ့ မသက်ဆိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ဖမ်းချင်တဲ့သူကို ဖမ်းလို့မမိတဲ့အခါမှာ ကျန်တဲ့မိသားစုဝင်တွေရဲ့ ပစ္စည်းဥစ္စာကို ချိပ်ပိတ်လိုက်တာ မတရားသိမ်းဆည်းလိုက်တာ လုပ်တယ်"

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်ကလည်း သူ့မိဘနေအိမ်နဲ့ ယောက္ခမနေအိမ်ပါ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းက ချိပ်ပိတ် သိမ်းဆည်းခံလိုက်ရတယ်လို့ ပြောပါတယ်။

"ကန့်ဘလူမြို့နယ်ထဲက ထန်းကုန်းကျေးရွာမှာရှိတဲ့ ကျွန်တော့်မိဘရဲ့ အိမ်နဲ့ကွင်းကို ချိပ်ပိတ်သွားတယ်။ နောက်ပြီး ကျွန်တော့်အမျိုးသမီးရဲ့ မိဘတွေနေအိမ်ကိုလည်း ချိပ်ပိတ်သွားတယ်။ လူတွေကိုလည်း ဖမ်းချင်သလိုဖမ်းတယ်။ သတ်ချင်သလိုသတ်တယ်။ ဒီလောက်ရက်စက်ယုတ်မာပြီး ကမ်းကုန်အောင်ရိုင်းတဲ့သူက နေအိမ်လောက် ချိပ်ပိတ် တာကို သူ့အတွက်က ဘာမှ စာဖွဲ့ရမယ့်ကိစ္စလည်း မဟုတ်သလို၊ ကျွန်တော်တို့အနေနဲ့ လည်း ဘာမှ ပြောစရာကိုမရှိပါဘူး"

ဦးနေဇင်လတ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅ (က)၊ (ခ) အပြင် အကြမ်းဖက်မှုပုဒ်မတွေနဲ့ပါ တရားစွဲဆိုခံထားရသူ ဖြစ်ပါတယ်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းရဲ့နေအိမ်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ချိပ်ပိတ်ခံခဲ့ရပြီး အတွင်းပစ္စည်းတချို့နဲ့ သားဖြစ်သူရဲ့အိမ်စာချုပ်ပါ စစ်ကောင်စီတပ်သားတွေ ယူသွားပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလမှာတော့ သားဖြစ်သူရဲ့အိမ်စာချုပ်ကို ရွှေကျင်မြို့နယ် စစ်ကောင်စီမှာပါတဲ့ ဗိုလ်မှူးနဲ့အဖွဲ့က သိန်း ၁၂၀ နဲ့ ရောင်းစားခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက RFA ကို ပြောပါတယ်။

"အန်တီ့အိမ်ကိုဝင်ပြီးတော့မှ ပရိဘောဂပစ္စည်းတွေ ထုတ်ယူသွားတယ်။ အန်တီ့ ဗီရိုကို မ သွားတယ်။ ဗီရိုထဲမှာ စာရွက်စာတမ်းတွေပါသွားတော့ စာရွက်စာတမ်းတွေ ပြပြီးတော့မှ အိမ်ကသားရဲ့နေအိမ်ကို လက်ညှိုးထိုးပြီး ပေါင်တယ်။ မရွေးနိုင်တဲ့အခါကျတော့ သိန်း ၁၂၀ နဲ့ ရောင်းစားတယ်။ အဲဒီလိုဆိုတော့ အန်တီ့အိမ်ကိုဝင်ဖို့က ဘယ်သူက ခွင့်ပြုခဲ့တာလဲဆိုတော့ မြို့နယ်စကစအဖွဲ့ဝင် ဗိုလ်မှူးအေးချမ်းအောင် က ဝင်ပြီးတော့ ယူသွားတာပဲ"

သားဖြစ်သူရဲ့နေအိမ်ကို ရောင်းစားခံလိုက်ရကြောင်း ဧပြီလ ၃ ရက်နေ့မှာ သိခဲ့ရပြီးနောက် ရောင်းစားခဲ့သူတွေကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ဘူးလို့ ဒေါ်လှလှဝင်းက ဆိုပါတယ်။

NLD ရဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကတော့ မဲမသမာမှုကို အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ NLD ပါတီကိုပါ ဖျက်သိမ်းချင်တာကြောင့် ပါတီနဲ့ ဆက်စပ်နေသူတွေရဲ့ ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းနေတာလို့ ပြောပါတယ်။

တန့်ဆည်မြို့ရှိ NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်အား စစ်တပ်က ချိပ်ပိတ်ခဲ့စဉ်။ (Photo: Citizen Journalist)
တန့်ဆည်မြို့ရှိ NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်အား စစ်တပ်က ချိပ်ပိတ်ခဲ့စဉ်။ (Photo: Citizen Journalist)

"တကယ်တော့ ရွေးကောက်ပွဲ မဲမသမာမှုကို အကြောင်းပြပေမယ့်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုက တစ်ခဲနက်ယုံကြည်စွာနဲ့ ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ပါတီကို ဖျက်သိမ်းပစ်ချင်နေတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူလူထုရဲ့ လိုလားချက်ဆန္ဒတွေကို ဖျက်ဆီးပစ်လိုက်တာလို့ မြင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ပါတီဝင်တွေလိုပဲ ပိုင်ဆိုင်မှုတွေ၊ အိုးအိမ်တွေ အပြင် အသက်ပါပေးလိုက်ရတဲ့ ပြည်သူတွေလည်းရှိတယ်။ ဒီလိုပေးဆပ်မှုတွေအတွက် ထိုက်တန်တဲ့ အောင်ပွဲရအောင် ကျွန်တော်တို့ ဖြစ်နိုင်သမျှနည်းလမ်းနဲ့ အားလုံးရဲ့ အောင်ပွဲရအောင် ကြိုးပမ်းနေမှာလို့ ပြောချင်တယ်"

အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက NLD ပါတီရုံးခန်း ၁၁၅ ခု ချိပ်ပိတ်ခံထားရတယ်လို့လည်း ဦးကျော်ထွေးက ဆိုပါတယ်။

နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုကို ချိပ်ပိတ်သိမ်းဆည်းရာမှာ အဆင့်အလိုက် တရားဝင်ဥပဒေ ပြဋ္ဌာန်းထားပေမယ့် စစ်ကောင်စီကတော့ ဥပဒေထက်ကျော်လွန်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ထောက်ပြပါတယ်။

"အခုလက်ရှိ ဆောင်ရွက်နေကြသလို လွယ်လွယ်ကူကူ ချိပ်ပိတ်မယ်၊ မျဉ်းကြိုးအဝါကြီးတွေတားမယ်၊ အကန့်အသတ်နဲ့ ဆောင်ရွက်ရတာမဟုတ်ဘူး၊ အဲဒီလိုဆောင်ရွက်မယ်ဆိုရင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မအရ တရားရုံးရဲ့ ကြီးကြပ်ထိန်းသိမ်းမှုအောက်မှာ ဝရမ်းကပ်ပြီး တားမြစ်ထိန်းသိမ်းထားရတာ ဖြစ်ပါတယ်။ အဲဒီတားမြစ်ထိန်းသိမ်းတဲ့ ကာလမှာလည်း ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို တခြား နိုင်ငံသားကဖြစ်စေ၊ တစ်ဦးတစ်ယောက်ကဖြစ်စေ မိမိတို့အကျိုးစီးပွားအတွက် သုံးစွဲ ဆောင်ရွက်ခွင့်မရှိဘဲနဲ့ တရားရုံးရဲ့ စီမံမှုအောက်မှာပဲ သက်သေခံပစ္စည်းအဖြစ်နဲ့ ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်"

ဒါ့အပြင် တရားစွဲဆိုခံရသူက အပြီးသတ်အမိန့်ချမှတ်ခံရပြီး ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ ပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းကြောင်း ကြေညာပြီးမှသာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေတစ်ဆင့် ရောင်းချခွင့်ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြင်းပြင်းထန်ထန် ဖိနှိပ်နေတာလို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နေအိမ် ချိပ်ပိတ် သိမ်းဆည်းခံရသူတွေက ပြောကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။