နှစ် ၄၀ နီးပါးရှိလည်း မပြောင်းလဲတဲ့ မြန်မာပြည်

၁၉၉၀ ပြည့်နှစ် မတ်လ ၁၃ ရက် ဖုန်းမော်နေ့မှာ နှလုံးရောဂါနဲ့ ရန်ကုန်မြို့မှာ ကွယ်လွန် ခဲ့တဲ့ စာရေးဆရာမ မိုးမိုး-အင်းလျား ၁၉၈၃ ခုနှစ်ကရေးသားပြီး ဒီနေ့ထိ ဒီအခြေအနေ အတိုင်းရှိနေတဲ့ မြန်မာပြည်မှာနေကြသည် စာအုပ်ကို စင်ကာပူ အခြေစိုက် အရှေ့တောင် အာရှရေးရာ Penguin စာအုပ်တိုက်က ဒီနှစ်မေ ၃၁ ရက်က ထုတ်ဝေ လိုက်ပါတယ်။
မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က လူငယ်ငါးယောက်ရဲ့ ကျင်လည်၊ ရုန်းကန်လှုပ်ရှားရတဲ့ ဘဝအထွေထွေကို တစ်မျိုးစီ သရုပ်ဖော်ရေးသားတဲ့ ဝတ္တုတို ငါးပုဒ်ကို တစ်ပေါင်း တစ်စည်းတည်း တင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေက စာပေတွေကို နိုင်ငံတကာနဲ့ မိတ်ဆက်ဖို့ ၂၀၁၈ အောက်တိုဘာမှာ စတင် အသက်ဝင်တဲ့ အရှေ့တောင်အာရှရေးရာ Penguin စာအုပ်တိုက်က ထုတ်ဝေတာလည်း ဖြစ်ပါတယ်။
ဒီတိုက်ကနေ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ စာအုပ်လေးအုပ် ထုတ်ဝေထားပြီး သုံးအုပ်က နိုင်ငံခြားသားတွေ ရေးသားပါတယ်။ မိုးမိုး-အင်းလျားပဲ မြန်မာစာရေးဆရာ ဖြစ်ပါတယ်။ သူ့ပထမဆုံး လုံးချင်းစာအုပ်လည်းဖြစ်၊ ၁၉၇၄ ခုနှစ် အမျိုးသားစာပေဆုလည်းရတဲ့ ပျောက်သော လမ်းမှာ စမ်းတဝါးဝါးကို ဂျပန်ဘာသာပြန် ထုတ်ဝေဖူးပြီး မြန်မာပြည်မှာ နေကြသည် က အင်္ဂလိပ်ဘာသာနဲ့ ပထမဆုံး ထုတ်ဝေတဲ့စာအုပ်လို့ မိုးမိုး-အင်းလျားရဲ့ သားအငယ်ဆုံး စင်ကာပူမှာနေထိုင်နေတဲ့ ဦးဇော်မျိုးညွန့်က ပြောပါတယ်။
"အင်္ဂလိပ်လို လုံးချင်းအနေနဲ့ ဒါက ပထမဆုံးပါ၊ အရင်တုန်းကတော့ အမေ့စာအုပ် တွေက ဂျပန်လို ပျောက်သောလမ်းမှာ စမ်းတဝါး ရှိတယ်။ ရုရှားလိုကလည်း လုံးချင်းရှိတယ်။ အင်္ဂလိပ်လိုက ဒါပထမဦးဆုံး။ အင်္ဂလိပ် ဝတ္တုတို တစ်ပိုင်းတစတွေ ကတော့ ဟိုမဂ္ဂဇင်းပါ ဒီမဂ္ဂဇင်းပါတော့ ရှိတာပေါ့၊ နိုင်ငံခြားမဂ္ဂဇင်းမှာ။ စာအုပ် အနေနဲ့ကတော့ ဒီ မြန်မာပြည်မှာနေကြသည်က အင်္ဂလိပ်လို ပထမဆုံး စာအုပ်ပေါ့"
ကျိုက်ထီးရိုးဘုရားက အထမ်းသမားလေးခင်စိုး ၊ ကျောက်ပန်းတောင်းက ကားသမား မိုးကျော်၊ ကောလိယ ချောင်းနံဘေး က မညိုပြာ၊ မန်ကျည်းစင်ရွာက ပျံကျဈေးသည်မလေး မတာတို့ စာသင်ခန်းနဲ့ ဝေးပြီး မိသားစုဝမ်းရေးအတွက် တစ်တပ်တစ်အား ဝင်ကြိုးပမ်း နေရရှာတဲ့ လူငယ်လူရွယ်တွေနဲ့ ရန်ကုန်မြို့က ရီရီမာတို့အကြောင်း သူမြင်သူတွေ့ သူခံစားရတာတွေကို အရှိအရှိအတိုင်း ရိုးရိုးလေးဖော်ပြထားတာပါ။
"ပင်ဂွင်းထဲမှာလည်း ရေးထားတယ်။ ၈၀ ပြည့်နှစ်ဝန်းကျင်လောက်က ဗမာပြည်က မြို့တွေ ရွာနဲ့ အထူးသဖြင့် နယ်မြို့တွေပေါ့နော်၊ ရွာတွေမှာနေတဲ့ ကလေးတွေ၊ သူတို့ မိသားစု အခြေအနေ အမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်တာ၊ တချို့လည်း .. အဲ.. မညိုပြာဆိုလို့ရှိရင်လည်း သူငယ်ချင်းက ကျောင်းထားပေးဖို့ ကူညီတာတောင်မှ သူတို့မိသားစု အခြေအနေအရ အခက်အခဲရှိတဲ့ အကြောင်းတွေ။ တချို့လည်း ကလေး၊ တချို့လည်း ဆယ်ကျော်သက်လူငယ်တွေ၊ ပညာရေးကို ဦးစားမပေးနိုင်ဘဲနဲ့ မိသားစု ရပ်တည်ရေးအတွက် ဦးစားပေးရတဲ့အခြေအနေကို ရေးထားတာပေါ့"
၁၉၈၃ ခုနှစ်မှာ ထုတ်ဝေတဲ့ မြန်မာပြည်မှာနေသည် စာအုပ်ထွက်ချိန်တုန်းက ကလေးဘဝပဲ ရှိသေးတဲ့ ဦးဇော်မျိုးညွန့်က မိခင်ရဲ့စာအုပ်ကို အရွယ်ရောက်မှ ဖတ်ရတဲ့အခါ မညိုပြာ ကောလိယ ချောင်းနံဘေးမှာနေသည်ကို အနှစ်သက်ဆုံးလို့ ပြောပါတယ်။ မညိုပြာတို့ရွာက ရှားရှားပါးပါး ထွက်တဲ့ဆရာဝန်က စာတော်တဲ့ မညိုပြာကို မြို့မှာ ကျောင်းထားပေးပေမယ့် ကျောင်းပိတ်ရက်မှာ ရွာပြန်သွားပြီး မိသားစုတာဝန်ကြောင့် ကျောင်းပြန်မတက်နိုင်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
"မင်းကတော့ စိတ်ကူးယဉ်နေတာ၊ သူတို့မှာ ဒုက္ခရောက်နေတာ၊ ဒီကလေးတစ်ယောက် ဒီ အကြီးမလေးမရှိရင် သူတို့မှာ စားဖို့လည်းမလွယ်ဘူး၊ ကလေးတွေနဲ့၊ ပင်ဂွင်းကလည်း အညွှန်းလေးရေးထားတယ်။ ဝတ္တုတွေက ၈၀ ပြည့်လွန်နှစ်ပိုင်းက ရေးထားတာပေါ့နော်။ ဒါပေမဲ့ မြန်မာပြည်မှာ လက်ရှိဒီအခြေအနေတွေက ရှိနေတုန်းပေါ့။ ဗမာပြည်မှာတော့ အခြေအနေက သိတဲ့အတိုင်းပဲ၊ အရင်တုန်းကတော့ စာမသင်နိုင်တဲ့ ပြဿနာတွေ၊ ခုကျတော့ ဒီထက်..ပြဿနာတွေ ရှုပ်ထွေးနေတယ်ပေါ့နော်"
သူ့မိခင်ရဲ့ မြန်မာပြည်မှာနေသည် စာအုပ်လို တခြားမြန်မာစာရေးဆရာတွေရဲ့ စာပေတွေကို နိုင်ငံတကာနဲ့ မိတ်ဆက်လိုတယ်လို့ ဦးဇော်မျိုးညွန့်က ပြောပါတယ်။ အမေရိကန် အရှေ့ခြမ်း နယူးယောက်မြို့မှာ နေထိုင်နေတဲ့ စာပေဝေဖန်ရေးဆရာ မောင်စွမ်းရည်ကတော့
"ကမ္ဘာ့အဆင့်အတန်းမှီတဲ့ စာတွေရှိနိုင်မှ၊ တိုးတက်တဲ့ စာအုပ်တွေရှိနိုင်မှ " သိကြမြန်မာ စာပေ " လက္ခဏာ ဆောင်နိုင်တဲ့ စာအုပ်မျိုးတွေရှိမှသာ ကမ္ဘာဖြန့်လို့ကောင်းမှာကိုး၊ ခုတော့ သီးခြားလက္ခဏာ ဆောင်နိုင်လောက်အောင် စာအုပ်ကောင်းကရှားပါးတယ်။ ဘာလို့ဆိုတော့ မြန်မာတွေက ကမ္ဘာ့စာပေလည်း မဖတ်ကြဘူး၊ အင်္ဂလိပ်လို ဖတ်ရမှာ ပေါ့၊ ဒါပေမဲ့ အင်္ဂလိပ်လို စာအုပ်တွေလည်း မဖတ်ဘူး၊ မဖတ်တဲ့အပြင် ဖတ်စရာ စာအုပ်တွေကလည်း စစ်အစိုးရတွေဆိုတော့ စာပေ ယဉ်ကျေးမှုကို ဂရုစိုက်တာ မဟုတ်တော့ မသွင်းဘူးလေ၊ စာအုပ်ကောင်းတွေက၊ အဲဒီလိုဆိုတော့ ဖတ်စရာ စာအုပ်ကလည်း ရှားတယ်။ ဖတ်လည်းမဖတ်ကြ၊ ဖတ်လည်းမဖတ်နိုင် ကြဘူးဆိုတော့ စာပေအရည်အသွေးက ညံ့တော့ စာအုပ်ကောင်းတွေ မထွက်နိုင်ကြတာ စိတ်မကောင်းပါဘူး"
ဆယ်စုနှစ်များစွာညံ့ဖျင်းတဲ့ ပညာရေးစနစ်ကြောင့် အင်္ဂလိပ်ဘာသာ အင်္ဂလိပ်စာနဲ့ ဝေးခဲ့ရတာတွေကို ဆရာမောင်စွမ်းရည်က ယေဘုယျသဘောခြုံငုံပြောတာဖြစ်ပြီး မိုးမိုး-အင်းလျားရဲ့ လက်ရာတွေနဲ့ ပတ်သက်လို့ကတော့
"မိုးမိုး-အင်းလျားကတော့ ပင်ကိုယ်ဉာဏ်ကောင်းပြီးတော့ ဘဝကိုတကယ်သိတယ်လေ၊ လူတွေရဲ့ ဘဝအကြောင်းကို တကယ်သိတယ်။ ဆင်းရဲသားတွေ ဘဝအကြောင်းကို ကောင်းကောင်းသိတယ်။ သိတော့ရေးနိုင်တယ်။ သူ့စာတွေနဲ့ ပတ်သက်ပြီး အကောင်းတွေ ဝေဖန်တာအတော်များများ ရှိပါတယ်။ သူများတွေကျတော့ မကောင်းပြောပြီး မိုးမိုး-အင်းလျားကိုအကောင်းပြောတယ်ဆိုပြီး ပြောကြတာတွေ ရှိပါတယ်။"
မြန်မာစာပေဝေဖန်ရေးလောကမှာ လက်စောင်းထက်တဲ့ ဆရာ မောင်စွမ်းရည်ဟာ မိုးမိုး-အင်းလျား လက်ရာတွေကိုတော့ အကောင်းရေးတယ်လို့ ဝေဖန်ခံရတဲ့အကြောင်း ပြောသွား တာပါ။ စာပေဝေဖန်ရေးဆရာ ဝေဖန်ဖို့ မလွယ်တဲ့ မိုးမိုး-အင်းလျားရဲ့ မြန်မာပြည်မှာ နေကြသည် စာအုပ်ကို ဆရာမ မရနှင်းဆီက အင်္ဂလိပ်ဘာသာပြန်ဆိုပါတယ်။