ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ် ရာပြည့် စာပေဟောပြောပွဲ
2014.12.08
လာမယ့် ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် လေးထောင့်ကန်ကျေးရွာမှာ တနင်္ဂနွေနေ့ညက စာပေဟောပြောပွဲ ကျင်းပခဲ့ရာ မှာ ကာတွန်းဆရာ အော်ပီကျယ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ကဒေါက်တာသိန်းလွင် တို့က ဟောပြောခဲ့ပါတယ်။
RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြမှာပါ။
ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တစ်ရာပြည့်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ မင်္ဂလာဒုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေစုပေါင်းပြီး စာပေဟောပြောပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကားနဲ့ ဆန့်ကျင်ဖက်ဖြစ်နေကြောင်း အခုလိုပြောခဲ့ပါတယ်။
ဦးတင်ဦး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့စကားနဲ့ ဖီလာဆန့်ကျင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ ပြောခဲ့တဲ့ စကားထဲမှာ ပြည်သူလူထုတွေရဲ့ဆန္ဒက အဓိကဖြစ်တယ်၊ ပြည်သူလူထုရဲ့ လိုအပ်ချက်က အဓိကပဲ၊ သူတို့ကလဲပြောပါတယ် ပြည်သ့ူဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူလူထုရဲ့လိုအပ်ချက်၊ လွှတ်တော်ရဲ့ဆောင်ရွက်ချက် ဒီလိုတော့ပြောတာပဲ၊ ဒါပေမယ့် အဲလိုပြောတဲ့ဟာနဲ့ ပတ်သက်တာအားလုံးက အတိုင်းအတာကြည့်ရင် ဘယ်လောက်ထိပြောခဲ့တယ်၊ ဘယ်လောက်ထိ လုပ်ခဲ့တယ် ဆိုတာကို အားလုံးကိုယ့်ဟာကို ပြန်လည်ပြီးတော့ ကြည့်ကြဖို့လိုတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့်ကို လုပ်ရှားမှုတွေလုပ်ရင်းနဲ့ ဒီအရှိန်ကို ယူပြီးတော့ ဆက်လက်တိုးပွားအောင်လုပ်ရင်း ၂၀၁၅ ခုနှစ် ကျနောတို့ရှေ့ဆက်သွားမယ့် ရွေးကောက်ပွဲကျရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ရှိခဲ့ပြီးသော ကောင်းသောအဆင်အလာဖြင့် ကြိုးပမ်းသွားကြဖို့ဆိုတာကို ကျနော်လေးလေးနက်နက် ဒီမှာပြောကြားရင်း နိဂုံးချုပ်ပါတယ်။
ဟောပြောသူတွေက ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုတဲ့ အနေနဲ့ ခေါင်းဆောင်မှုအကြောင်းကို ပြောကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ဒေါက်တာသိန်းလွင်က ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ခေါင်းဆောင်တွေအကြောင်းကို အဓိကထားပြောကြားခဲ့ပါတယ်။
ဒေါက်တာသိန်းလွင်။ ။ ဗိုလ်ချုပ်တို့ခေတ်က ခေါင်းဆောင်တွေ မေတ္တာထားခဲ့တယ်၊ တိုင်းသူပြည်သားအပေါ်မှာ မေတ္တာထားတယ်၊ စေတနာ ထားတယ်၊ တိုင်းသူပြည်သားတွေ တိုင်းတစ်ပါးရဲ့ကျေးကျွန်ပြုခဲ့ရတဲ့အခါမှာ လွတ်မြောက်စေချင်တယ်၊ အဲ့ဒီစေတနာနဲ့ တိုင်းသူပြည်သားတွေကို ဥယာဉ်မှူးကောင်းတစ်ယောက်လို လွတ်မြောက်အောင်လုပ်ခဲ့တယ်၊ လောင်းရိပ်ကနေလွတ်မြောက်အောင် လုပ်ခဲ့တယ် ဆိုတော့ အဲ့ဒီစွမ်းရည်တွေရှိတယ်၊ အဲ့ဒီခေါင်းဆောင်မှု ကျနော်တို့တန်ဖိုးထားရမယ်၊ ဗိုလ်ချုပ်တို့ခေတ်က ဘယ်လိုခေါင်းဆောင်မှုမျိုးလဲ၊ ဝံသာနုအသင်းတွေရှိတယ်၊ အမျိုးသားကျောင်းတွေရှိတယ်၊ ပညာရေးနဲ့ ပတ်သက်ရင် အမျိုးသားကျောင်းတွေရှိတယ်၊ အမျိုးသားကျောင်းဆိုတာက ကိုယ့်ရဲ့စွမ်းရည်တွေတက်လာအောင်၊ အမျိုးသားစိတ်တွေမွေးဖွားလာအောင် ဒီကျောင်းတွေကနေ ဆောင်ရွက်ပေးခဲ့တယ်၊ ဒါဥယျာဉ်မှူးတွေပဲ၊ ဝံသာနုအသင်းတွေ ဒါဥယျာဉ်မှူးတွေပဲ၊ ဗိုလ်ချုပ်တို့ ခေတ်ကအဲ့လိုမျိုး တိုင်းသူပြည်သားတွေကို ဥယျာဉ်မှူးတစ်ယောက်က သူ့ပန်းဥယျာဉ်မှာ စိုက်ထားတဲ့ အပင်တွေရှင်သန်ကြီးထွားဖို့ ဆောင်ရွက်သလို၊ အပွင့်တွေလန်းဆန်းဖို့ ဆောင်ရွက်သလို ဥယျာဉ်မှူးတွေက ဆောင်ရွက်ခဲ့တယ်၊ ဗိုလ်ချုပ်တို့ ခေတ်ကခေါင်းဆောင်တွေကလဲ အလားတူဆောင်ရွက်ခဲ့တယ်။
ဒါ့ပြင် ဆရာအော်ပီကျယ်က ခေါင်းဆောင်ဆိုတာ တာဝန်ကျေမဟုတ်ပဲ စေတနာထားဖို့လဲ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဆရာအော်ပီကျယ်။ ။ လူနှစ်ယောက်ရှိတယ်၊ ဒီလောက်ကွင်းကြီးထဲမှာ အကျယ်ကြီး တစ်ယောက်က ရှေ့ကတူး၊ နောက်ကကောင်က အဲ့ကျွင်းကို လိုက်ဖို့ တစ်တောင်လောက်တူးတာ၊ ဒီတော့ရှေ့ကတူး၊ နောက်ကဖို့၊ ကွင်းတစ်ခုလုံးလဲ မွစာကျဲနေပြီ၊ ဘေးကလူတစ်ယောက်က ဆရာကြီးတို့ တစ်ခုခုတော့ လွဲနေပြီထင်တယ်၊ မလွဲဘူး၊ လုံးဝမလွဲဘူးတဲ့၊ ကျနော်တာဝန်က တူးရမယ့် တာဝန်၊ သူ့တာဝန်က ဖို့ရမယ့်တာဝန်၊ ကိုယ့်တာဝန်ကိုယ်လုပ်တယ် မလွဲဘူးတဲ့၊ ဆက်တူးတယ်၊ နောက်က ကောင်က တူးတဲ့ ကျွင်းကိုလိုက်ဖို့တယ်၊ ဟိုကောင်တစ်ကောင် ခွင့်ယူထားတယ်၊ သူ့တာဝန်သူ ခွင့်ပြန်လာတဲ့ နေ့ကျရင်လုပ်လိမ့်မယ်၊ ဒါပဲတဲ့၊ ဟာ..ဟုတ်လားသူ့တာဝန်က ဘာလဲတဲ့၊ ကျနော်ကတူးရမယ့် တာဝန်၊သူကမြေဖို့ရမယ့် တာဝန်၊ ဟိုခွင့်ယူထားတဲ့ တာဝန်က သစ်စေ့လေးကို ကျွင်းထဲထည့်ရမယ့်တာဝန်၊ သူ့ဟာသူနောက်နေ့ကျတော့ လုပ်လိမ့်မှာပေါ့တဲ့၊ ဟိုကောင်နောက်နေ့လာတော့ ဘာထည့်ရမှန်းမသိတော့ဘူး၊ ဟိုကောင်နောက်နေ့လာတော့ တူးပြီးသားနဲ့ ဖို့ပြီးသားဖြစ်နေပြီလေ၊ ကျနော်တို့ ကိုယ့်တာဝန်ကိုယ်ကျေတိုင်း သေသေချာချာမစဉ်းစားပဲနဲ့ လုပ်နေတဲ့ NGO တွေ၊ INGO တွေ၊ အော်ပီကျယ်အပါအဝင် အများကြီးပဲ၊ အော်ပီကျယ်လဲ တူးလိုက်ဖို့လိုက် ခန ခန ဖြစ်တယ်။
မနေ့ကပြုလုပ်တဲ့ စာပေဟောပြောပွဲကို မင်္ဂလာဒုံမြို့နယ်အပါအဝင် မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူးက ဒေသခံစုစုပေါင်း တစ်ထောင်ကျော်လောက်တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။