စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် ဘီဘီစီ ပြည်တွင်းသတင်းထောက်တွေ ပုန်းရှောင်နေရ

အောက်တိုဘာလ ၁၂ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဧရာဝတီနဲ့ ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာနတွေဟာ သတင်း အမှားတွေကို လုပ်ကြံထုတ်လွှင်ခဲ့တာကြောင့် တရားစွဲ အရေးယူသွားမယ်ဆိုပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်ကောင်စီ သတင်းမီဒီယာတွေက ထုတ်ပြန် ကြေညာပါတယ်။
ဒီထုတ်ပြန်ချက်ကြောင့် ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ ဘီဘီစီ (မြန်မာပိုင်း) သတင်းတာဝန်ခံ အပါအဝင် သတင်းထောက်အားလုံး ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဒီလိုမျိုးကြီး စပြီး တရားစွဲမယ်ဘာမယ် ကြေညာလာတော့ သူလည်း ပြည်တွင်းမှာနေဖို့ မဖြစ်နိုင်ဘူးပေါ့။ သူလည်း အဖမ်းခံရမှာကြောက်တယ်၊ သူလည်း ပုန်းရှောင်နေရတယ်ပေါ့။ ပုန်းရှောင်နေရတော့ ဒီကျန်ခဲ့တဲ့ မိသားစုကလည်းပေါ့နော် တကယ်လို့ လာရှာခဲ့လို့ရှိရင် ကိုယ့်မိဘကို ဖမ်းသွားမှာစိုးတော့ မိသားစုတွေ မိဘတွေရော တကွဲတပြားစီ ပုန်းရှောင်နေရတယ်”
စစ်ကောင်စီက သောကြာနေ့ညပိုင်းမှာ ကြေညာခဲ့တာကြောင့် ဘီဘီစီ (မြန်မာပိုင်း) သတင်းထောက်အားလုံးဟာ လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး ရှောင်တိမ်းနေခဲ့ကြပြီး အောက်တိုဘာ ၁၇ ရက် ဒီနေ့ရုံးဖွင့်ရက်မှာ စစ်ကောင်စီဘက်က ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာကို စိုးရိမ်ကြောက်ရွံ့စွာနဲ့ စောင့်ကြည့်နေကြတယ်လို့လည်း အဲဒီ မိသားစုဝင်က ပြောပြသွားပါတယ်။
အောက်တိုဘာလ ၁၄ ရက် ည ၈ နာရီ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ချက်မှာတော့ ဧရာဝတီနဲ့ ဘီဘီစီ (မြန်မာပိုင်း) တို့ကို တည်ဆဲဥပဒေတွေနဲ့ အရေးယူတော့မယ်လို့ စစ်ကောင်စီဘက်က သတိပေးခြိမ်းခြောက်ထား ပါတယ်။
“အဆိုးမြင်ဝါဒီများ၏ လက်ကိုင်တုတ်များဖြစ်သည့် ဗြောင်လိမ်ဗြောင်စား ဧရာဝတီနဲ့ ဘီဘီစီသတင်းဌာနတို့ရဲ့ (မြန်မာပိုင်း) အစီအစဉ်မှာ အဓိပ္ပာယ်မဲ့သော အောက်လုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုရားဖူးပြည်သူများအား ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့မှုသည် သတင်းမီဒီယာ ကျင့်ဝတ်အား အရှက်တရားကင်းမဲ့စွာ ချိုးဖောက်ခြင်း ဖြစ်၍ အဆိုပါ သတင်းဌာနများအား ဆက်သွယ်ရေး ဥပဒေ၊ သတင်းမီဒီယာ ဥပဒေနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် မဟုတ်မမှန် အသရေဖျက် စွပ်စွဲမှုအတွက် တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထား ပါတယ်ခင်ဗျာ”
စစ်ကောင်စီဟာ ဧရာဝတီနဲ့ ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာနတွေကို ရုပ်သံကတစ်ဆင့် သတိပေးခြိမ်းခြောက်ခဲ့သလို ပြန်ကြားရေးဝန်ကြီးဌာနကနေ အောက်တိုဘာလ ၁၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့စာမှာလည်း “ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာနဟာ ကျိုက်ထိုသတင်း ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ပြီး သတင်းမီဒီယာကျင့်ဝတ်နဲ့ မညီဘဲ မမှန်မကန် သတင်းဖော်ပြခဲ့မှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း” ဖော်ပြထားပါတယ်။
ဘီဘီစီ(မြန်မာပိုင်း) အကြီးအကဲတွေထံ လိပ်မူပေးပို့ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့စာမှာ အချက် ၄ ချက် ပါဝင်ပြီး ကျိုက်ထိုဖြစ်စဥ်နဲ့ပတ်သက်လို့ သူတို့ဘက်က သတင်းထုတ်ပြန် ထားပါရဲ့နဲ့ ဘီဘီစီ(မြန်မာပိုင်း) သတင်းမှာ အထောက်အထား အကိုးအကားမရှိဘဲ စစ်တပ်ကို ဂုဏ်သိက္ခာ ကျဆင်းအောင်၊ ပြည်သူတွေ အထင်လွဲအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံသတင်း ထုတ်လွှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လန်ဒန်ရှိ ဘီဘီစီ (ကမ္ဘာတစ်လွှား) သတင်းဌာနကြီးရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတွေထံ RFA က အီးမေးလ်ကတစ်ဆင့် မေးမြန်းရာမှာ အကြီးတန်းဆက်သွယ်ရေး အထူးအရာရှိတစ်ဦးက “BBC အနေနဲ့ မြန်မာအာဏာပိုင်တွေရဲ့ စိုးရိမ်ပူပန်မှုကို သတိထားမိကြောင်း၊ ဒီကိစ္စကိုဆွေးနွေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပါကြောင်း” ဘီဘီစီ (ကမ္ဘာတစ်လွှား) ဌာနကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး RFA ကို ဒီနေ့ အကြောင်းပြန်ပါတယ်။
ဧရာဝတီသတင်းဌာနရဲ့ အယ်ဒီတာတစ်ဦးဖြစ်တဲ့ ဦးရဲနည်ကတော့ စစ်တပ်အာဏာ သိမ်းပြီးတဲ့နောက်မှာ သတင်းလွတ်လပ်ခွင့်ဆိုတာ မရှိတော့ဘဲ လုံးဝ ပျက်စီးနေပြီလို့ ဝေဖန်ပါတယ်။
“စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီသတင်းမီဒီယာသမားတွေရဲ့အပေါ်မှာ ဖမ်းဆီး အရေးယူတာတွေရော၊ နောက်ပြီးတော့ သတင်းစာတိုက်တွေကို ဖျက်သိမ်းပစ်တာတွေရော အဲဒီလိုမျိုး တစ်လျှောက်လုံး သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ပျက်စီးလု၊ အဲဒီလိုမျိုး သုညအထိရောက်ခါနီး ပျက်စီးနေတဲ့ အခြေအနေဟာ အခုလိုမျိုး ထပ်ပြီးတော့ ခြိမ်းခြောက်လိုက်တဲ့အတွက်ကြောင့် ပိုပြီးတော့ ဆိုးဝါးသွားတယ်လို့ ကျနော်ကတော့ အဲဒီလိုမျိုးပဲ ပြောချင်ပါတယ်ခင်ဗျ”
ဒီသတင်းကို ဧရာဝတီနဲ့ ဘီဘီစီ နှစ်ခုသာမက အခြားသတင်းဌာန အတော်များများလည်း ရေးသားခဲ့ကြပေမယ့် ဘာကြောင့် သူတို့သတင်းဌာန နှစ်ခုကိုမှ တရားစွဲဖို့ ခြိမ်းခြောက်ရတာလဲလို့လည်း ဦးရဲနည်က စစ်ကောင်စီကို မေးခွန်းထုတ်သွားပါတယ်။
"အဖမ်းခံရမှာကြောက်တယ်၊ သူလည်း ပုန်းရှောင် နေရတယ်ပေါ့။"
ဧရာဝတီအနေနဲ့ ကျိုက်ထိုသတင်းကို ဖော်ပြရာမှာ တစ်ဖက်သတ် ဖော်ပြခဲ့တာ မဟုတ်ဘဲ ခိုင်မာတဲ့ သတင်းရင်း မြစ် သုံးခုလောက်ကို ကိုးကားဖော်ပြခဲ့တာလို့လည်း သူက ဆိုပါတယ်။
မတရား အာဏာသိမ်းထားပြီး တရားဥပဒေကို ကိုယ်တိုင်ချိုးဖောက်နေတဲ့ စစ်ကောင်စီက ဓမ္မဘက်က ရပ်တည်သူတွေကို အပြစ်ရှာ အရေးယူဖို့ ကြိုးစားတာဟာ မထူးဆန်းဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဝေဖန်ပါတယ်။
“တရားစွဲဖို့ ပြင်တယ်ဆိုတာ တော်တော်ယဉ်ကျေးတာပဲကွ။ အမှန်မှာက သူတို့က လူသတ်နေတာ။ လူသတ်နေတဲ့ အစိုးရက ဘာမဆို လုပ်မှာပဲနော်။ တရားဥပဒေလည်း မရှိတော့ဘူး။ သူတို့ကိုယ်တိုင်က သူပုန်တွေလေ။ ဥပဒေ ချိုးဖောက်ပြီးတော့ အာဏာသိမ်းထားတဲ့ သူပုန်တွေလေ။ သူပုန်တွေက လူသတ်မယ်။ တရားစွဲမယ်။ အဲဒါတွေက ဘာမှမဆန်းဘူး။ ဓမ္မနဲ့ အဓမ္မမှာ သူက အဓမ္မဘက်က ရပ်နေတာ။ ဓမ္မဘက်က လူတွေဟာ အပြစ် အမျိုးမျိုး အရှာခံရပြီးတော့ အရေးယူခံရမှာပဲနော်”
နိုင်ငံတကာဥပဒေတွေနဲ့ ကုလသမဂ္ဂ ပြဋ္ဌာန်းချက်တွေအရ သတင်းမီဒီယာတွေမှာ လွတ်လပ်စွာ ရေးသားခွင့် ရှိနေတာကြောင့် အာဏာရှိတဲ့သူက တရားစွဲဖို့ ကြိုးစားတဲ့လုပ်ရပ်က ဥပဒေနဲ့ မညီဘူးလို့ ဦးကြီးမြင့်က ပြောပါတယ်။

သတင်းမီဒီယာ ကောင်စီဝင်ဟောင်း ဦးမြင့်ကျော်ကတော့ သတင်းရယူဖို့ ခက်ခဲနေတဲ့ အခုလို ကာလမျိုးမှာ အချက်အလက် မှားတယ်လို့ ယူဆရုံနဲ့ တရားစွဲမယ်ဆိုတာမျိုးက အာဏာရှိတဲ့သူတွေဘက်က မီဒီယာတွေကို ခြိမ်းခြောက်တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ဧရာဝတီကတော့ ပြည်တွင်းမှာ အခြေမစိုက်တော့ဘူးဆိုတော့ ဒီတရားစွဲဆိုမှုက ကြီးကြီးမားမား သက်ရောက်မှုတော့ ရှိမယ်မထင်ဘူး။ ဆိုလိုချင်တာကတော့ ပြည်တွင်းမှာ အခြေစိုက်တဲ့ မီဒီယာမဟုတ်တော့ ပြည်ပအခြေစိုက် Exile မီဒီယာလို ဖြစ်သွားတယ်။ နောက်တစ်ခုက ဘီဘီစီသတင်းဌာနအနေနဲ့ ဆိုရင်တော့ ဒီဟာက Self Sensor-ship နဲ့ အယ်ဒီတာ မူဝါဒကို ဒီထက်ထပ်ပြီးတော့ ပြောင်းအောင် ဖိအားပေးတဲ့ ဖိအားပေး ခြိမ်းခြောက်တဲ့ သဘောမျိုးပေါ့လေ။ အဲဒီလိုမျိုး ကောက်ချက်ချလို့ ရတာပေါ့။ ဒီလို လုပ်ကိုင်ရခက်တဲ့ အခါမျိုးမှာ အချက်အလက် မှားတယ်ဆိုတာနဲ့ အကယ်၍ မှားတယ်လို့ ယူဆတာနဲ့ကို ဖမ်းမယ်၊ အမှုဖွင့်မယ်၊ တရားစွဲမယ်ဆိုတာမျိုးက ဒါက ခြိမ်းခြောက်မှုပဲပေါ့နော်”
စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာ မတ်လ ၈ ရက်နေ့မှာ ပြည်တွင်းအခြေစိုက် သတင်းဌာန ငါးခုဖြစ်တဲ့ Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာနတို့ကို စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မြစ်ကြီးနားဂျာနယ်၊ The 74 Media၊ တာချီလိတ်သတင်းအေဂျင်စီ၊ Delta News Agency၊ ဇေယျာတိုင်း(မ်)သတင်းအေဂျင်စီ၊ ကမာရွတ်သတင်းဌာန၊ မြေလတ်အသံ၊ The Voice၊ ကန္တရ ဝတီတိုင်း(မ်)၊ မွန်သတင်း အေဂျင်စီတို့ကို ထုတ်ဝေခွင့် လိုင်စင်တွေ ဆက်တိုက် ရုပ်သိမ်းခဲ့ပါတယ်။
အဲဒါကြောင့် အာဏာသိမ်း လ ၂၀ ကျော်အတွင်း ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၅ ခုအထိ ရှိလာပြီး၊ စာပေတိုက် လေးခုနဲ့ ပုံနှိပ်တိုက် နှစ်ခု စုစုပေါင်း ခြောက်ခုကိုလည်း စစ်ကောင်စီဘက်က ထုတ်ဝေခွင့် ပိတ်သိမ်းထားပါတယ်။