ပိတ်လှောင်ခိုင်းစေခံရတဲ့ မြန်မာအမျိုးသမီး ဆယ်ဦးကို ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကယ်တင်
2023.11.02

ဘန်ကောက်မြို့က ထိုင်းနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ခုမှာ ပိတ်လှောင်ခံနေရတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးအလုပ်သမား ဆယ်ဦးကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားများကူညီပေးရေးအဖွဲ့ Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့ နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး အောက်တိုဘာ ၁၀ ရက်နေ့က ကယ်တင်ခဲ့ပါတယ်။
အဲဒီအမျိုးသမီးတွေဟာ လုပ်ခလစာမရဘဲ မတရားခိုင်းစေခံနေရတဲ့အပြင် အခန်းထဲ ပိတ်လှောင်ခံခဲ့ရတယ်လို့ အခုလွတ်မြောက်လာသူတွေထဲက တစ်ဦးဖြစ်တဲ့ မကြည်ကြည်စိန်က ပြောပါတယ်။
“ညီမက ၇ လပိုင်း ၁၇ ရက်နေ့က ရောက်လာတာ၊ ဒီစက်ရုံမှာလုပ်တဲ့ သူငယ်ချင်းတစ်ယောက်က စမတ်ကြေး တစ်လကို ဘတ် ၃၅၀၀ ပေးရမယ်၊ ဒီမှာအကြွေးစနစ်နဲ့ ခေါ်နေတယ်၊ သူဌေးမက စိုက်ခေါ်နေတယ်ဆိုလို့ လာကြတာ၊ ဒီရောက်တော့မှ သူတို့က စာချုပ်တွေချုပ်ရမယ် နှစ်နှစ်ပြည့်မှ အပြင်ထွက်ရမယ်ဆိုပြီး ရောက်တာနဲ့ တစ်ခါထဲ တံခါးပိတ်ထားလိုက်တာ၊ ထမင်းလည်း ညီမတို့ ဒီမှာ ထွက်ဝယ်စားလို့ မရဘူး ၊ အဲဒီမှာ ၇ လ လောက် ရှိနေပြီ ရောက်နေတဲ့ ညီမလေး နှစ်ယောက်က ဝယ်ပေးရတာ အဲလိုပိတ်လှောင်ထားတာ”
ဒီအမျိုးသမီးတွေဟာ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းက ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သူတို့ကို ဘန်ကောက်မြို့က အမျိုးသမီးစောင့်ရှောက်ရေးစခန်းမှာ ထိန်းသိမ်းထားပြီး အမှုစစ်ဆေးနေပါတယ်။ သူတို့ကို ကယ်တင်ဖို့ MHAC အဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံခဲ့တယ်လို့ အဖွဲ့ကိုဦးဆောင်သူ ကိုရဲမင်းက ပြောပါတယ်။
“ ဒီအမျိုးသမီးတွေက ကျွန်တော်တို့ MHAC ကို ဆက်သွယ်လာတယ်။ သူတို့ ဘယ်မှမထွက်ရဘူးဆိုတဲ့အကြောင်း အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတဲ့အကြောင်း၊ အခန်းထဲမှာပဲ ပိတ်လှောင်ခံနေရတယ်၊ လုပ်အားခတွေလဲ စျေးနှိမ်ခိုင်းစေခံနေရတယ်၊ အဲဒီ အခြေအနေကနေ လွတ်မြောက်လိုတဲ့အကြောင်း ကျွန်တော်တို့ကို ဆက်သွယ်လာတယ်၊ သူတို့နေရာကို သိဖို့အတွက် Facebook မက်ဆင်ဂျာကနေ တစ်ဆင့် သူတို့ကို ဆက်သွယ်တယ်၊ အဲဒီက တစ်ဆင့် သူတို့ရိုက်ပို့ပေးတဲ့ပုံတွေ သူတို့အခန်းထဲပိတ်လှောင်ခံထားရတာတွေကို သက်သေတွေရခဲ့တယ်၊ ကျွန်တော်က ထိုင်းအစိုးရ အသိအမှတ်ပြု NGO အဖွဲ့အစည်းဖြစ်တဲ့ Labor Protection Network အဖွဲ့နဲ့ ဆက်သွယ်ပြီး ထိုင်းအာဏာပိုင်တွေနဲ့ သူတို့ကို ကယ်တင်ခဲ့တယ်”
သူတို့တွေဟာ နေ့စဉ် အလုပ်ချိန် နာရီများစွာလုပ်ကြရပြီး လုပ်ခလစာကလည်း ဘယ်တော့ရမယ်ဆိုတာ မသိတဲ့အခြေအနေမှာ နေခဲ့ရတယ်လို့ မကြည်ကြည်စိန်က ပြောပါတယ်။
“အလုပ်ဝင်တော့ မနက် ၇ နာရီခွဲ၊ ထမင်းစားတော့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်မှာ စားရတယ်။ ညနေကျတော့ ငါးနာရီ လွှတ်တယ်၊ ငါးနာရီခွဲဆို ပြန်တက်ရတယ်။ ညဆိုရင် ၁၀ နာရီကျော်မှ တက်ရတယ် သူက ဒေးကြေးနဲ့ မဟုတ်ဘူး။ ဒီရောက်မှသိတာပေါ့နော်၊ လုပ်အားခ တစ်လဘယ်လောက်လဲဆိုတာ သူ အတိအကျမပြောဘူး လုပ်နိုင်မှရမယ်တဲ့ ”
သူတို့ကို ထွက်ပြေးလို့မရအောင် ချုပ်နှောင်ထားတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“ ညီမတို့က အိမ်အလုပ်ရုံ ဘန်ကောက် ပချန်အိုစင် ၁၇ လမ်းမှာ၊ အပေါ်ဆုံးထပ်မှာထားတာ၊ သူက အောက်ထပ်တွေမှာ အလုပ်လုပ်ရတာ၊ CCTV တွေကလဲ အကုန်လုံးတပ်ထားတာ၊ တစ်လွှာကို လေးလုံးတောင် တပ်ထားတာ။ ဘယ်လိုမှထွက်ပြေးလို့ မရဘူး။ ရောက်ကတည်းက တံခါးသော့ခတ်ထားတာ စားစရာလည်း ကိုယ့်ဘာသာဝယ်စားရတာ၊ ညီမတို့ဆို ပိုက်ဆံမရှိလို့ စားစရာမရှိလို့ သူငယ်ချင်းက ဝယ်ကျွေးရတာ၊ ရှေ့မှာ လူဟောင်းတွေဆို ၆ လ ၇ လတောင် အကြွေးမကျေဘူး၊ ညီမတို့ကိုလည်း မှတ်ပုံတင်ယူပြီး စာချုပ်ချုပ်မယ်ဆိုတာနဲ့ ညီမတို့က မှတ်ပုံတင်လည်း မပေးဘူး စာချုပ်လည်း မချုပ်ဘူး၊ အဲဒါဆို သူအလုပ်မယူတော့ဘူးတဲ့။ ကားခ တစ်သောင်းခွဲ ပြန်ပေးတဲ့။ ပေးစရာမရှိဘူးဆိုတော့ အလုပ်ရှာနေတဲ့အချိန် သူ့ဆီနေတဲ့အတွက် ဘတ်ငါးရာ ပေးရမယ်တဲ့၊ ညီမတို့က ပေးစရာမရှိဘူး၊ သူတိုင်ရင်လည်း အဖမ်းခံရမှာဆိုတော့ ကိုရဲမင်းတို့ကို အကူအညီတောင်းတာ”
သူတို့တွေထဲက ခုနစ်ယောက်ဟာ အလုပ်လုပ်ကိုင်၊ နေထိုင်ခွင့် အထောက်အထားရှိသူတွေဖြစ်ပြီး သုံးယောက်ကတော့ အထောက်အထားမရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေကို လုပ်အားခ ဖိနှိပ်ခိုင်းစေတာတွေ၊ အခန်းထဲမှာ ပိတ်လှောင်ထားတာတွေအတွက် အလုပ်ရှင်ကိုလည်း ထိုင်းဥပဒေအတိုင်း အမှုဖွင့် တရားစွဲထားတယ်လို့ ကိုရဲမင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးမပြေလည်မှုတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသားတွေ တရားဝင်နည်းနဲ့ရော တရားမဝင်နည်းနဲ့ပါ ပြည်ပ ထွက်ခွာအလုပ်လုပ်ဖို့ ကြိုးစားကြရင်း အခုလိုပြဿနာတွေ ကြုံရတာ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။
“ ဒီထက်ပိုဆိုးတာကတော့ လူကုန်ကူးခံရတာတွေ၊ ငါးဖမ်းလှေတွေမှာ ရောင်းစားခံရတာတွေ၊ ထိုင်း-မလေးရှားနယ်စပ်မှာ မိန်းကလေးတွေရောင်းစားခံရတာတွေ အရင်ထဲက ဖြစ်ခဲ့ဖူးတယ်၊ ကျွန်တော်တို့နိုင်ငံ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ အချိန်မကြာဖို့လိုတယ်။ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူမှုတွေနဲ့အတူ ကျွန်တော်တို့ နိုင်ငံ နိမ့်ပါးလာတယ်။ အဲဒီတော့ နီးစပ်ရာထိုင်းနိုင်ငံကို ထွက်ခွာပြီး ဒီလိုပြဿနာတွေ အများကြီးကြုံရတယ်။ အဓိကကတော့ ကျွန်တော်တို့ နိုင်ငံမှာ စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းတွေနဲ့အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှ ဒီလို အဖြစ်တွေ နည်းပါးလာလိမ့်မယ်လို့သုံးသပ်တယ် ”
ဒီထိန်းသိမ်းခံနေရတဲ့ မြန်မာအမျိုးသမီးအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ တရားဝင် မြန်မာအလုပ်သမား လေးသိန်းခန့်ရှိတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံအတွင်း တရားဝင်အထောက်အထားရှိသူရော၊ တရားမဝင် အထောက်အထားကင်းမဲ့သူပါ စုစုပေါင်း မြန်မာ အလုပ်သမား သန်းနဲ့ချီ ရှိနေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကတော့ ပြောကြပါတယ်။
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့တာနဲ့ တစ်ဆက်တည်းမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ၊ စီးပွားရေး မတည်ငြိမ်မှုကြောင့် လစဉ် မြန်မာနိုင်ငံသားလေးသောင်းနီးပါး ပြည်ပကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ထားပါတယ်။