စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲရှိ
2019.04.16

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး သယ်ယူပို့ဆောင်နေတာတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရက တင်းကျပ်လိုက်တဲ့အတွက် ဒုက္ခသည်တွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ပြောကြပါတယ်။
RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
■ ရခိုင်ပြည်နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ တစ်မြို့နဲ့ တစ်မြို့ သယ်ယူပို့ဆောင်တဲ့အခါ ဒေသဆိုင်ရာအာဏာပိုင်တွေဆီ တင်ပြစစ်ဆေးခံပြီး ခွင့်ပြုချက်ရယူဖို့ လိုတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက တင်းကျပ်လိုက်တာပါ။
ဒုက္ခသည်တွေအတွက် အလှူငွေကောက်ခံတာတွေကိုလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကနေ တစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်ရမှသာ ကောက်ခံရမယ်လို့ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဌာနဆိုင်ရာတွေအနေနဲ့ ထောက်ပံ့တာတွေ မလုပ်ဖို့ဆိုပြီး ဧပြီ ၅ ရက်နေ့ကတည်းက အကြောင်းကြားထားတာလို့ သိရပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ကူညီနိုင်ရေးအတွက် အလှူကောက်ခံဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုးဆီ ခွင့်ပြုချက်တောင်းထားပေမယ့် ခွင့်မပြုသေးလို့ အခက်အခဲကြုံနေရတယ်လို့ ရခိုင်အလင်းတံခါးကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန် က ပြောပါတယ်။
"ကယ်ဆယ်ရေးသွားဖို့ အလှူကောက်ခံတာကို အစိုးရက မကောက်ဖို့တားပါတယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ လျှောက်လွှာတင်ရမယ်လို့ ပြောပါတယ်၊ ကျွန်မတို့ကလည်း တင်ထားပါတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေ အကုန်လုံး မကောက်ရပါဘူး၊ မကောက်ရဘူးဆိုတော့ ကိုယ့်မှာရှိတဲ့ပိုက်ဆံနဲ့ လုပ်နေတာမှမဟုတ်တာ၊ လူတွေက တစ်ယောက်ဆီက တစ်ထောင်ပေး နှစ်ထောင်ပေးနဲ့ ကောက်ပြီး တော့ ပေးနေတာပါ၊ တောင်မင်းကုလားရွာမှာ လာပြီးတော့ ကူညီပေးပါ ပြောနေတယ်။ ကန်ဇောက်စခန်း ကလည်း အဲဒီလိုမျိုးပြောပါတယ်၊ သူတို့ကတောင်းပေမယ့်လည်း ကျွန်မတို့မှာမရှိတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး"
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြည်နယ်အစိုးရအဖွဲ့နဲ့ အတူဒုက္ခသည်တွေကို ကယ်ဆယ်ရေးလုပ်ဆောင်နေတာ ထောက်ပံ့နေတာတွေရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပေမယ့်လည်း ထိရောက်မှုမရှိဘူးလို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ဆိုကြပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ၃ သောင်းဝန်းကျင် ရှိနေပြီဖြစ်ပြီး အစိုးရရဲ့ ထောက်ပံ့မှုက လုံလောက်မှု မရှိတဲ့အတွက် လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ အဓိက ရပ်တည်နေတာလို့ ပြောကြပါတယ်။
အစိုးရဘက်က တင်းကျပ်လိုက်တဲ့အတွက် ဒုက္ခသည်တွေဆီ စားနပ်ရိက္ခာ အလျင်မီ ရောက်ရှိနိုင်ဖို့ အခက်အခဲတွေ ရှိနေတာပါ။
ဒုက္ခရောက်နေသူတွေကို ပြည်သူအချင်းချင်း ကယ်ဆယ်ရေး လုပ်ဆောင်တယ်ဆိုပေမယ့်လည်း AA အဖွဲ့ဆီ အဲဒီစားနပ်ရိက္ခာတွေ ရောက်သွားတာမျိုးတွေကြောင့် ခုလိုတားမြစ်တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"ဒါတွေဟာ တစ်ကယ်ဒုက္ခသည်တွေ လက်ထဲကို စစ်ဘေးရှောင် ဒုက္ခသည်တွေလက်ထဲကို ပြဿနာ မရှိပေမယ့် အကြမ်းဖက်သောင်းကျန်းသူတွေလက်ထဲ ရောက်သွားရင် ပြဿနာရှိတယ်၊ ARSA နဲ့ထုတ် ပြန်ချက်ထဲမှာလည်း ပါတယ်။ ရခိုင်လူမှုရေးအသင်းအဖွဲ့တွေ ဒီလိုမျိုးဖြစ်ကြတယ်ဆိုတာ ကျွန်တော်တို့ သိတာပဲ ဘင်္ဂါလီတွေတော့ ထောက်ပံ့တယ်။ တိုင်းရင်းသားတွေတော့ မထောက်ပံ့ဘူးဆိုတဲ့ စစ်တွေမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေတို့ INGO နဲ့ပတ်သက်ပြီးတော့ လက်မခံဘူးတို့ ဖြစ်ခဲ့တာပဲလေ၊ ခုချိန်မှာလည်း အလားတူ ပုံသဏ္ဍာန်မျိုးဖြစ်နေတယ်၊ ဒီဟာတွေမှာ အချင်းချင်းဖြစ်တဲ့ ပြဿနာတွေတင်မဟုတ်ဘူး ဘေးပရောဂတွေပါ ပါနေတယ်ဆိုတာကို ပြည်သူလူထုသိအောင် ထုတ်ပြန်ရခြင်းဖြစ်တယ်"
အစိုးရ နဲ့ တပ်မတော်ရဲ့ ယူဆချက်အပေါ် ကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ငြင်းဆိုကြပါတယ်။
"အစိုးရက သူကိုယ်တိုင်လည်း မကူညီဘူး၊ ကူညီနေတဲ့ ရခိုင်ပြည်သူတွေကို တားဆီးပိတ်ပင်နေတယ် ဆိုတာက ဒုက္ခသည်တွေကို ကူညီဖို့ အစိုးရဖြစ်လာတာလား။ ဒါမှမဟုတ်ရင် ရခိုင်ပြည်သူတွေကို နှိပ်ကွပ်ဖို့ဖြစ်လာတာလား။ အဲဒီအစိုးရကိုမေးချင်နေတယ်၊ သွားလာတဲ့နေရာတွေမှာ ဆန်အိတ်တွေမသယ်ရဘူး။ တစ်ကယ်တမ်းသွားရင်လည်း ဘယ်ကသယ်လာတာလည်း အစိုးရခွင့်ပြုချက်ပါလား အမေးမြန်းခံနေရတယ်။ ကျွန်တော်တို့ကူညီနေတာကို မကြိုက်လို့ ခင်ဗျားတို့ ကူညီမလားဆိုတော့လည်း သူတို့လည်း ကူညီဖို့မဟုတ်ဘူး။ ဆန်အိတ်တွေ AA ကို ရောက်သွားတယ်လို့ သူတို့ထင်နေတယ်ဆိုရင် ကျွန်တော်တို့နဲ့ တိုက်ရိုက်လိုက်ကြည့်၊ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးပေးနေသလို သူတို့လည်းလုပ်။ ဒါပေမဲ့ မနှောင့်ယှက်နဲ့ ဒုက္ခသည်တွေကိုပေးဖို့မလောက်တာ ဒီစားနပ်ရိက္ခာတွေ AA အဖွဲ့ကို ကူညီထောက်ပံ့နိုင်ဖို့ မရှိဘူးခင်ဗျ အဲဒါကို မယုံကြည်ဘူးဆိုရင် ကျွန်တော်တို့နဲ့လိုက်ကြည့်"
သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့က ကိုအမ်းသားကြီး ပြောသွားတာပါ။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားလာတဲ့ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားစုစုပေါင်း ၅၀ ကျော်သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အစိုးရရဲ့ စာရင်းတွေအရ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူစုစုပေါင်း ၂ သောင်း ၆ ထောင်ကျော်နေပြီလို့ သိရပါတယ်။
ဒါကတော့ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတဲ့အကြောင်း နားဆင်ခဲ့ရတာဖြစ်ပါတယ်။
ကျွန်တော် ကျော်သူ ပါ။