ပဲခူးတိုင်းမှာ စစ်ကောင်စီ ပြည်သူ့စစ်ဖွဲ့နေ

RFA Burmese
ပဲခူးတိုင်းမှာ စစ်ကောင်စီ ပြည်သူ့စစ်ဖွဲ့နေ ပဲခူးတိုင်း (အရှေ့ခြမ်း) ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား စစ်ကောင်စီမှ လက်နက်များတပ်ဆင်အပ်နှင်းနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

ပဲခူးတိုင်းမှာ အရှေ့ခြမ်းရော အနောက်ခြမ်းမှာပါ အရပ်သားတွေကို စစ်ကောင်စီက သင်တန်းပေးပြီး ပြည်သူ့စစ်ဖွဲ့နေသလို၊ သူတို့ကို ကင်းစောင့်တာဝန်တွေ၊ လူနာ သယ်တာတွေမှာ အသုံးပြုနေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အရှေ့ခြမ်းမှာ ကျောက်တံခါး၊ တောင်ငူမြို့နယ်တွေ အပါအဝင် မြို့နယ်တချို့၊ အနောက်ခြမ်းမှာတော့ သာယာဝတီ၊ ပေါင်းတည်၊ သဲကုန်း၊ ပေါက်ခေါင်းဘက်တွေမှာ ဒေသခံတွေကိုစစ်သင်တန်းပေးပြီး ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းနေတာလို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

"သူတို့ကတော့ အဆင်သင့် လုပ်ထားပြီးသား။ ရွာတိုင်း ရွာတိုင်းမှာ အနည်းဆုံး ငါးဦးကတော့ အဆင်သင့်ရှိတယ်။ ပထမတော့ အမည်စာရင်းပဲ ရှိကြတာပေါ့။"

ကျောက်တံခါးမြို့နယ်မှာ သင်တန်းဆင်းပြီးတဲ့သူတွေရော၊ သင်တန်းသွားတက် နေတဲ့သူတွေရော ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်တံခါးမြို့ခံတစ်ယောက်က ပြောပါတယ်။

"ကျောက်တံခါးမှာတော့ အခု ပထမအကြိမ် ပြီးခဲ့တဲ့လကပဲ သင်တန်းဆင်းတယ်။ ၃၀ လောက်။ ပျူ ၃၀ လောက်ပေါ့။ အများဆုံးက ကျောက်တံခါးမြို့နယ် သူဌေးကုန်း ကျေးရွာအုပ်စုက များတယ်ဗျ။ အဲဒီက ၃၀ လောက်ဆင်းတယ်။ အခု နောက်တစ်ခေါက် လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပဲ ၁၄၊ ၁၅ ယောက်လောက် ကျောက်တံခါး မြို့ထဲကနေပြီးတော့ ပျူတွေစုပြီးတော့ သူတို့ သင်တန်းသွားတက်တယ်လို့ သတင်းရထားတယ်။ စကစ (စစ်ကောင်စီ) အပေါင်းအပါနဲ့ သူတို့ဘက်က လူတွေပေါ့"

သင်တန်းကာလအနေနဲ့ တစ်လဝန်းကျင်ကြာပြီး၊ သင်တန်းပြီးရင် လက်နက်တပ်ဆင်ပေးသလို ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ နီးတဲ့နေရာမှာ ကင်းစောင့်တာဝန် ချထားတယ်လို့ သူက ပြောပါတယ်။

အဲဒီအပြင် ရှေ့တန်းမှာ ဒဏ်ရာရလာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ သေဆုံးတဲ့သူတွေကို သယ်ခိုင်းတာတွေ၊ ကင်းစခန်းနဲ့ ရထားလမ်း လုံခြုံရေးချတာတွေမှာပါ စစ်ကောင်စီက အသုံးပြုနေတယ်လို့ ပြောပါတယ်။

စစ်တောင်းမြစ်နဲ့ ရန်ကုန် - မန္တလေး ကားလမ်းဟောင်းကြားမှာရှိတဲ့ ရွာအများစုကို ဒေသကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာပါ။ ဒါကြောင့် အဲဒီနေရာတွေမှာ စစ်ကောင်စီက မြို့တွေကို ခံစစ် အနေအထားမျိုး ပြင်ဆင်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကျောက်တံခါးမြို့နယ် အရှေ့ခြမ်းက ရွာတွေကို စစ်ကောင်စီက ဖြတ်လေးဖြတ် လုပ်ထားတယ်လို့ ပြောပါတယ်။

တောင်ငူမြို့ပေါ်က မြို့လေးကွင်းမှာလည်း ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက ပြည်သူ့စစ်သင်တန်းပေးနေပြီး အဲဒီသင်တန်းမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ အများဆုံး တက်နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မြို့ခံတစ်ယောက်က ပြောပါတယ်။

"သင်တန်းပေးနေတာက ဘယ်နားမှာလဲဆိုတော့ ရဲစခန်းနားက မြို့လေးကွင်းဆိုတာ ရှိတယ်လေ ကျွန်တော်တို့ဆီမှာ။ အဲဒီထဲမှာ သင်တန်းပေးနေကြတာတော့ ရှိတယ်။ အများဆုံး တက်တဲ့သူတွေကတော့ ကြံ့ခိုင်ရေးပါတီက လူတွေ များတယ်လို့ပြောတယ်။ အဲ့ပြည်သူ့စစ်သင်တန်းကိုပေါ့နော်။ လက်နက်တပ်ဆင်ပေးတာတွေ ဘာတွေတော့ သိပ်ထိထိရောက်ရောက်ကြီးတော့ မဟုတ်သေးပါဘူးတဲ့"

ဘယ်နှစ်ယောက် သင်တန်းတက်လဲ၊ ဘယ်လိုလက်နက်တွေ တပ်ပေးလဲဆိုတာကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလူတွေ အများဆုံးတက်ရောက်တယ် ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ပါတီရဲ့တုံ့ပြန်ချက်ကို သိနိုင်ဖို့ ပါတီပြောခွင့်ရသူ ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဦးလှသိန်းက သူ့အနေနဲ့ မသိရှိရသေးကြောင်း ဖြေကြားပါတယ်။

"အရိုးသားဆုံးပြောရရင် ကျွန်တော့်အနေနဲ့ ဒီအကြောင်း မသိသေးပါဘူး။ ဒေသခံတွေက ပြောတယ်ဆိုရင်တော့ သူတို့မြင်တာ၊ ထင်တာ ပြောတာဖြစ်ကောင်းဖြစ်မှာပါ။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့တော့ ဥပဒေအရ ပြည်သူ့စစ်လုပ်လို့မရပါဘူးခင်ဗျ"

ပဲခူးတိုင်း အနောက်ခြမ်းမှာတော့ သာယာဝတီခရိုင်မှာ တစ်ရွာကို ငါးယောက်နှုန်းနဲ့ လူအယောက် ၄၀ လောက်ကို စစ်တပ်က သင်တန်းပေးနေတယ်လို့ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတစ်ယောက်က ပြောပါတယ်။

"သာယာဝတီခရိုင် အတောအတွင်းမှာတော့ ရွာတွေက အများကြီးရှိတယ်။ သူတို့ကတော့ အဆင်သင့် လုပ်ထားပြီးသား။ ရွာတိုင်း ရွာတိုင်းမှာ အနည်းဆုံး ငါးဦးကတော့ အဆင်သင့်ရှိတယ်။ ပထမတော့ အမည်စာရင်းပဲ ရှိကြတာပေါ့။ တကယ့်တကယ် သွားရမယ် လာရမယ်ဆိုရင် ဟိုလူကမလိုက် ဒီလူကမလိုက်နဲ့။ တစ်နယ်ငါးယောက်ဆိုတော့ ရှစ်နယ်အယောက် ၄၀ အဲဒီအယောက် ၄၀ တစ်သုတ်သွား။ သွားသင်၊ ပြန်လာပေါ့"

သူတို့ကို ပြီးခဲ့တဲ့ ဇွန်လနောက်ပိုင်းမှာစပြီး စစ်သင်တန်းတွေ ပေးတာဖြစ်သလို၊ သင်တန်းဆင်းတွေကို ပဲခူးရိုးမပေါ်က ရှေ့တန်းတွေလွှတ်ပြီး စစ်ကောင်စီ တပ်သားတွေနဲ့အတူ ပူးပေါင်းစစ်ကြောင်း ထိုးရတယ်လို့ ပြောပါတယ်။

သာယာဝတီခရိုင်ထဲက မြို့ပေါ်တွေမှာတော့ ပြည်သူ့စစ် ငါးယောက်မှာ နှစ်ယောက်ကို လက်နက်တပ်ဆင်ပေးထားပြီး၊ စစ်ကြောင်းထိုးတဲ့အခါ လိုက်ရတဲ့သူအားလုံးကို လက်နက် တပ်ဆင်ပေးထားတယ်လို့ဆိုပါတယ်။

ပြည်ခရိုင်မှာလည်း သုံးမြို့နယ်မှာ ပြည်သူ့စစ်ခေါ်နေတာ ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ပြည်ခရိုင်မှာဆိုရင် ခြောက်မြို့နယ် ရှိတယ်။ ပြည်၊ ပန်းတောင်း၊ ရွှေတောင် အဲ့မြို့နယ်တွေမှာ ပျူခေါ် တာတို့ ပြည်သူ့စစ် သင်တန်းပေးတာတို့တော့ မကြားရဘူး။ ပေါင်းတည်၊ သဲကုန်း၊ ပေါက်ခေါင်းဘက်တွေမှာတော့ ခေါ်ယူနေတာကို တွေ့ရှိနေရတယ်။ ရွာတိုင်းတော့ မဟုတ်ဘူးပေါ့နော်။ သူတို့ခေါ်ရတဲ့ရွာတွေ၊ သူတို့နဲ့ နီးစပ်တဲ့ရွာတွေကနေ အုပ်ချုပ်ရေးမှူးကတဆင့် ခေါ်ယူနေတာကို တွေ့ရှိရတယ်"

အဲဒီ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက ပြည်သူ့စစ် စဖွဲ့လာတာဖြစ်ပြီး လက်ရှိမှာ သင်တန်းပေးပြီးသား အယောက် ၆၀ လောက် ရှိနေတယ်လို့ ပြောပါတယ်။

သဲကုန်းနဲ့ ပေါက်ခေါင်းမြို့နယ်တွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က အစည်းအဝေးခေါပြီး နောက်တစ်ရက် စက်တင်ဘာလ ၃၀ ရက်နေ့အမီ စာရင်းပေးသွင်းဖို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်တဲ့သူတွေက RFA ကို ပြောပါတယ်။

ပဲခူးတိုင်းတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီတပ်၏ လက်နက်များတပ်ဆင်အပ်နှင်းပွဲတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: Myanmar Military)
ပဲခူးတိုင်းတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီတပ်၏ လက်နက်များတပ်ဆင်အပ်နှင်းပွဲတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: Myanmar Military)

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ပေါင်းတည်နဲ့ နတ္တလင်း မြို့နယ်တွေမှာလည်း တစ်ရွာကို ပြည်သူ့စစ် ရှစ်ယောက်စီ ခေါ်မယ်လို့လည်း အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။ လက်ရှိတော့ ပေါင်းတည်မြို့နယ်မှာ ပြည်သူ့စစ် အယောက် ၂၀ လောက်ကို လက်နက် တပ်ပေးထားတယ်လို့ ပြောပါတယ်။ စစ်ကောင်စီက ဒီလိုခေါ်နေပေမယ့်လည်း သင်တန်းတက်မယ့်သူ သိပ်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို ပြည်သူ့စစ်တွေ ဖွဲ့နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းအတွက် ပြောရေးဆိုခွင့် ပေးထားတဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ - ကျေးရွာတွေကို ကာကွယ်ဖို့ အတွက် စစ်တပ်ကနေ ပြည်သူ့စစ်အဖွဲ့တွေဖွဲ့ပြီး စနစ်တကျ သင်တန်းပေးနေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လမှာ RFA ကို ပြောဖူးပါတယ်။

သာယာဝတီခရိုင် ပကဖ တာဝန်ရှိသူတစ်ယောက်ကတော့ ပြည်သူ့စစ်တွေဟာ ပြည်သူတွေနဲ့ ပူးပေါင်းချိန် ရောက်နေပြီလို့ ပြောပါတယ်။

"ဘာပဲပြောပြော သူတို့ကိုယ်တိုင် လူ့အသိစိတ်ဓာတ် ဝင်လာပြီးတော့ လူထုဆန္ဒနဲ့အတူ ရပ်တည်ပြီးတော့ စစ်ကောင်စီကို သူတို့ပါဝင်ပြီး တော်လှန်ချိန်တန်ပြီလို့ သူတို့ကိုယ်တိုင် ဝင်ပြီးတော့ တော်လှန်ဖို့လိုပြီလို့ ပြောချင်ပါတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ဘယ်ပြည်သူမဆိုပေါ့နော်။ စစ်ကောင်စီရဲ့ လက်အောက်ခံ ရောက်သွားပြီဆိုရင် ပြည်သူရဲ့ ရန်သူ ပြန်ဖြစ်သွားမှာဖြစ်တဲ့အတွက် ဒါမျိုးတွေ ရှောင်သင့်တယ်လို့ ယူဆပါတယ်"

စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပဲခူးတိုင်းက ပေါင်းတည်၊ နတ်တလင်း၊ ပေါက်ခေါင်း၊ အုတ်ဖိုနဲ့ ထန်းတပင် မြို့နယ်တွေ စစ်အုပ်ချုပ်ရေး ကြေညာထားသလို၊ တစ်ဖက်မှာ ပြည်သူ့စစ်ဖွဲ့စည်းနေတာလို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။