မြန်မာမိဘတွေအပေါ်မှာပါ ရိုက်ခတ်နေတဲ့ နို့မှုန့်ပြတ်လပ်မှုဂယက်
2022.05.17

အမေရိကန်ပြည်ထောင်စုမှာ အကြီးအကျယ်ကြုံနေရတဲ့ နို့မှုန့်ပြတ်လပ်တဲ့ ပြဿနာက မြန်မာပြည်အထိကို ဂယက်ရိုက်ခတ်နေပါတယ်။ အမေရိကန်လွှတ်တော်ရွေးကောက်ပွဲတွေ နီးလာတာနဲ့အမျှ ဒီပြဿနာဟာ ပါတီတွေကြား အပြိုင်အဆိုင် မဲဆွယ်ကြတဲ့ နိုင်ငံရေးပြဿနာတစ်ခုလိုလည်း ဖြစ်လာနေတာပါ။
ဒီပြဿနာက အခုဆိုရင် သမ္မတ Joe Biden အထိကို ခေါင်းခဲစရာ ဖြစ်နေရတာပါ။ ဒါကြောင့် နို့မှုန့်ထုတ်တဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေ၊ ပြီးတော့ Target, Walmart နဲ့ Nestle's Gerber တို့လို လက်ကား အရောင်းဆိုင်ကြီးတွေက တာဝန်ရှိသူတွေနဲ့ မေလ ဒုတိယပတ်ထဲမှာပဲ သမ္မတက တွေ့ဆုံခဲ့ပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရသူ Jen Psaki က ....
“ဖြေရှင်းနိုင်မယ့် နည်းအားလုံးကို ရှာနေပါတယ်။ အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းလမ်းကတော့ - တခြားနို့မှုန့်ထုတ်တဲ့ ကုမ္ပဏီတွေက ထုတ်ကုန်တွေ တိုးမြှင့်ဖို့နဲ့ ပြည်ပကနေ တင်သွင်းသွားဖို့တွေလည်း ရှိပါတယ်။ နို့မှုန့်တွေ ဆိုင်တွေမှာ ပြန်တင်နိုင်အောင်လည်း လက်ကားဆိုင်တွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်”
အမေရိကန်မှာ ကလေးနို့မှုန့်ပြတ်လပ်တဲ့ ပြဿနာက ဖေဖော်ဝါရီလကတည်းက စခဲ့တာပါ။ နို့စို့အရွယ် ကလေးငယ် ၂ ဦးသေဆုံးခဲ့ရပြီးနောက်ပိုင်း - Abbott နို့မှုန့်ကုမ္ပဏီကနေ သူတို့ရဲ့မစ်ရှီဂန်ပြည်နယ်စက်ရုံက ထုတ်တဲ့ Similac အပါအဝင် နို့မှုန့်တွေကို ပြန်သိမ်းခဲ့ပါတယ်။
သုံးလကျော် လေးလထဲ ရောက်လာတဲ့အထိ မဖြေရှင်းနိုင်သေးတဲ့ ဒီပြဿနာဟာ အခုဆိုရင် အမေရိကန်မှာ နိုင်ငံရေးကိစ္စဖြစ်လာနေပါတယ်။ နိုဝင်ဘာမှာကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေအတွက် Republican နဲ့ Democrat ကြား ဒီကိစ္စကို တစ်ဖက်နဲ့တစ်ဖက် လက်ညှိုးထိုး အငြင်းပွားနေကြတာပါ။
အမေရိကန်မိခင် Jess Butler က ...
“ဘာကြောင့် ဒီလောက်ကြာနေရလဲ ကျမနားကို မလည်ဘူး။ အခု မေလဖြစ်နေပြီ။ ဖေဖော်ဝါရီကတည်းက စဖြစ်တာ”
Similac နို့မှုန့်ဟာ မွေးစအရွယ်ကနေ ကလေးနို့ပြတ်တဲ့အထိ သူ့တစ်မျိုးတည်းကိုပဲ အဆင့်လိုက် တိုက်ကျွေးရတဲ့ နို့မှုန့်ဖြစ်တာကြောင့်လည်း မိဘတွေဟာ အတော်လေး ဒုက္ခရောက်ကြပါတယ်။ တချို့က တစ်မြို့ပြီး တစ်မြို့ လှည့်ပတ်ရှာလို့မှမရရင် တခြားပြည်နယ်တွေအထိပါ သွားရှာကြရပါတယ်။
Similac နို့မှုန့်ဟာ အမေရိကန်မှာတင်မက ကမ္ဘာ့တစ်ဖက်ခြမ်းက မြန်မာပြည်လို နိုင်ငံတွေအထိ ထင်ရှားတဲ့ အမှတ်တံဆိပ်တစ်ခုပါ။
“အိမ်က ကျမသားလေးတွေဆိုရင် သူက ဒီဟာကိုပဲ အဓိကထားပြီးတော့ သူက သောက်တဲ့အတွက်ပေါ့နော် ဒီဟာကို အနည်းဆုံး ၄ ဗူးဝယ်ရတယ်။ တစ်လကို အနည်းဆုံးပေါ့နော်။ သူက လေးဘူးကုန်တယ်။ တစ်လကို။ အခုလောလောဆယ်ပေါ့နော်။ ဒီလကနေစပြီးတော့ တချို့online shop လေးတွေက ကုန်နေပြီ ပစ္စည်း။ stock ပြတ်နေတယ်လို့ပဲ သူတို့ ပြောလာကြသေးတဲ့အတွက် ဖြစ်လာမယ့် ဒီကြားထဲက ဂယက်ကလေးကိုတော့ လောလောဆယ် ခန့်မှန်းလို့မရသေးဘူး”
အမေရိကန်မှာကတော့ - တချို့မိဘတွေက နို့မှုန့်တွေ ဈေးကွက်ထဲ ပြန်မရောက်ခင် လက်ထဲပစ္စည်းပြတ်မှာ စိုးရိမ်တဲ့အတွက် ပမာဏကို လျှော့တိုက်တာတွေကြောင့် ဒါမျိုး မလုပ်သင့်ကြောင်း ကျန်းမာရေးပညာရှင်တွေက လည်း အကြံပေးနေကြပါတယ်။
မြန်မာမိဘတွေအနေနဲ့လည်း နို့မှုန့်ပြတ်လပ်တဲ့ပြဿနာ ကြုံလာခဲ့မယ်ဆိုရင် ဖြေရှင်းသင့်တဲ့နည်းလမ်းကို အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့ Mayo ဆေးရုံရဲ့ဆေးပညာဌာန လက်ထောက်ပါမောက္ခ ဒေါက်တာကျော်ဇောဟိန်း က အကြံပြုထားပါတယ်။
“Formula နို့မှုန့်တွေဟာ ကလေးအတွက် တစ်နေ့တာလိုအပ်တဲ့ အာဟာရတွေကို သုတေသနပြုလုပ်ပြီး အချိုးကျ အတိအကျ ဖော်စပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် နို့မှုန့်တွေကို အညွှန်းအတိုင်းမဟုတ်ဘဲ ရေများများရောပြီး မတိုက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် နံပါတ်တစ်က ကလေးက လိုအပ်တဲ့ အာဟာရတွေကို မရရှိနိုင်တော့ပါဘူး။ နံပါတ်နှစ်ကတော့ အထူးသဖြင့် အသက် ၆ လအောက် ကလေးငယ်တွေရဲ့ ကျောက်ကပ်က ရေနှစ်ဆ သုံးဆများလာတဲ့ ဒဏ်ကို မခံနိုင်ပါဘူး။ ဒါကြောင့် ကလေးငယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ်တွေ၊ ပိုတက်စီယမ်ဓာတ်တွေ မညီမျှတော့ဘဲ ကလေးငယ်ကို အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်ခင်ဗျာ။ ဘာလုပ်သင့်လဲဆိုရင် မိမိအသုံးပြုနေကြ နို့မှုန့်မရရှိတဲ့အခါ FDA အသိအမှတ်ပြုထားတဲ့ တခြားနို့မှုန့်တွေကို အစားထိုးအသုံးပြုနိုင်ပါတယ်။ နောက်ပြီး Formula နို့မှုန့်အစား အိမ်မှာ မိမိကိုယ်တိုင် ရိုးရိုးနို့မှုန့်တွေ အသီးအနှံမှုန့်တွေနဲ့ ဖျော်စပ်ပြီး တိုက်ရင်လည်း ကလေးငယ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အသက် ၆ လ ကျော် ကလေးတွေမှာဆိုရင်တော့ အာဟာရချို့တဲ့မှာကို သိပ်မစိုးရိမ်ရပါဘူး။ ဘာကြောင့်လဲဆိုရင် ကလေးငယ်ပေါ်မှာ မူတည်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ ဖြည့်စွက်စာတွေကို ကျွေးနိုင်ပါတယ်။ အတိုချုပ်ပြောရမယ်ဆိုရင် Formula နို့မှုန့် မရရှိနိုင်တဲ့အခါမှာ အသက် ၆ လကျော် ကလေးတွေမှာဆိုရင်တော့ သန့်ရှင်းလတ်ဆတ်တဲ့ ဖြည့်စွက်စာတွေကို ကျွေးနိုင်ပါတယ်။ အသက် ၆ လအောက် ကလေးငယ်တွေမှာဆိုရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆရာမ၊ ကလေးအထူးကုဆရာဝန်၊ ဒါမှမဟုတ် အာဟာရဆရာဝန်တို့နဲ့ တိုင်ပင်သင့်ပါတယ်ခင်ဗျာ”
အမေရိကန်အောက်လွှတ်တော်ကတော့ ဒီပြဿနာဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ရှိပါတယ်။ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကလည်း - မကြာခင် သီတင်းပတ်တွေအတွင်းမှာ ဒီပြဿနာကို လျှော့ချနိုင်တော့မယ်လို့ ဆိုပါတယ်။ နို့မှုန့်ထုတ်တဲ့ Abbott ကုမ္ပဏီကလည်း - မစ်ရှီဂန်စက်ရုံကို ပြန်လည်ပတ်နိုင်ဖို့ ကြိုးစားနေချိန်မှာ လတ်တလောဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အိုင်ယာလန်နိုင်ငံကနေ နို့မှုန့်ဘူးပေါင်း သန်းနဲ့ချီပြီး ဝယ်ယူတင်သွင်းထားတယ်လို့ ကြေညာခဲ့ပါတယ်။