ရခိုင်ရိုးမအစပ် ဧရာ၀တီတိုင်း မြို့နယ်တွေမှာ ဖမ်းဆီးစစ်ဆေးမှုများနေ

RFA Burmese
2024.05.29
ရခိုင်ရိုးမအစပ် ဧရာ၀တီတိုင်း မြို့နယ်တွေမှာ ဖမ်းဆီးစစ်ဆေးမှုများနေ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ထိစပ်သည့် လမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။
MPA

ရခိုင်ပြည်နယ်တွင်းက မြို့နယ် ကိုးမြို့နယ်ကို ထိန်းချုပ်ထားနိုင်တဲ့ ရက္ခိုင့်တပ်တော် (AA) က တောင်ပိုင်းမှာရှိတဲ့ သံတွဲမြို့နယ်အထိ စစ်ရေးအရှိန်မြှင့်လာချိန်မှာ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းကိုလည်း တိုက်ပွဲတွေ ကူးစက်လာမှာ စစ်ကောင်စီက စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ပြောပြချက်အရ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းက ပုသိမ်၊ သာပေါင်း၊ အင်္ဂပူ၊ ကျုံပျော်၊ ရေကြည်၊ မြန်အောင်၊ ကြံခင်းစတဲ့ မြို့နယ်တွေနဲ့ ရခိုင်ပြည်နယ် အဝင်အထွက်ဂိတ်တွေမှာ စစ်ရေးပြင်ဆင်တာတွေ၊ လုံခြုံရေး တင်းကျပ်ပြီး ဖမ်းဆီးစစ်ဆေးတာတွေကို စစ်ကောင်စီက ဧပြီလကစပြီး အရင်ထက် တိုးမြှင့်လုပ်ဆောင်လာပါတယ်။

"အေအေကနေပြီး ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် လုံခြုံရေး အထူးပြင်ဆင်နေတဲ့ပုံစံမျိုး ပြောပါတယ်"

ဒါ့အပြင် ရခိုင်နဲ့ အဝင်အထွက်ဂိတ်တစ်ခုဖြစ်တဲ့ ငသိုင်းချောင်းနဲ့ ဂွမြို့ အဝင်အထွက်ဂိတ်တွေမှာ စစ်ကား ရှစ်စီးလောက်နဲ့ နေ့စဉ်ကင်းလှည့်နေတာလည်း‌ ဖြစ်ပါတယ်။

ငပုတော၊ ရေကြည်၊ ကြံခင်းစတဲ့ မြို့နယ်တွေက ဒေသခံ ၂၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မေလဒုတိယပတ်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်သူတွေက ပြောပါတယ်။

ဖမ်းခံရသူတွေထဲ ငပုတောမြို့နယ်က ဦးသန်းထွန်းနဲ့ ကြံခင်းမြို့နယ်က ကိုပိုင်မင်းသူတို့ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

"မတရားဖမ်းဆီးပြီး အသတ်ခံရတာက ဧရာ၀တီတိုင်းထဲမှာ လောလောဆယ် နှစ်ယောက်ရှိတယ်ပေါ့။ စွပ်စွဲပြီး အဖမ်းခံရတာကြတော့ အကုန်လုံးဆို အယောက်နှစ်ဆယ် ပတ်ဝန်းကျင်လောက်ရှိမယ်။ ကျွန်တော်တို့ တိုင်းထဲမှာရှိတဲ့ တပ်ရင်းတွေကနေ ဒီ မြန်အောင်တို့၊ ကြံခင်းတို့ တပ်ရင်းတွေကနေ ဂွဘက်ကို စစ်ကြောင်းတောက်လျှောက် ထိုးတာတွေရှိတယ်။ ဆယ့်လေးရက်နေ့က ရေကြည်ဘက်ကနေပြီး ကားရှစ်စီး သွားတာရှိတယ်။နောက်ပြီးတော့ တစ်ခေါက်သွားရင် လေးစီး၊ ငါးစီး အဲလို သွားတာရှိတယ်။ အင်အားက ကားတစ်စီးကို အနည်းဆုံး ၁၅ ယောက်လောက်တော့ပါတယ်"

ကြံခင်းမြို့နယ် တောင်ခြေရွာတွေကိုလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ခေါ်ယူသင်တန်းပေးထားတဲ့ စစ်သားတွေသုံးပြီး စစ်ကြောင်းထိုးတာ၊ ကင်းပုန်း၀ပ်တာအပြင် ရွာသားတွေကို ကတုတ်ကျင်းတူးခိုင်းတာတွေပါ အဓမ္မခိုင်းစေနေတယ်လို့ ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လုံခြုံရေးချတာတွေ၊ တပ်စွဲတာတွေ လုပ်လာတယ်လို့ ရိုးမအစပ်မှာနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။

"ရိုးမနဲ့ထိစပ်နေတဲ့ ရွာတွေ၊ နယ်နိမိတ်တွေမှာ အရင်က ရှိခဲ့ဖူးခြင်းမရှိတဲ့ တပ်စွဲတာမျိုးတွေ။ ကျွန်တော်တို့ အင်အား သုံးလေးဆယ်၊ လေးငါးဆယ် အစရှိသဖြင့် တပ်လာစွဲတာတွေ။ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လုံခြုံရေး ချတာတွေ။ ပြီးရင် စစ်ဆေးမှု တင်းကျပ်တာတွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ပါတယ်။ ပြီးရင် သူတို့ အတွင်းသတင်းတွေအရ ထွက်လာတယ်ပေါ့။ သူတို့တွေက ဒီ အေအေကနေပြီး ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် လုံခြုံရေး အထူးပြင်ဆင်နေတဲ့ပုံစံမျိုး ပြောပါတယ်"

လုံခြုံရေးတင်းကျပ်လိုက်ပြီး စစ်ဆေးနေတာတွေကြောင့် ရိုးမတောကို အမှီပြုနေကြတဲ့ ဒေသခံတွေ၊ ခရီးသွားပြည်သူတွေနဲ့ ဆေးကုသမှု ခံယူဖို့ အရေးပေါ်လိုအပ်နေသူတွေ အခက်အခဲကြုံနေကြပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့အဝင်အထွက်ဂိတ်တွေဖြစ်တဲ့ ဖရဲ-အုတ်ပုံ စစ်ဆေးရေးဂိတ်၊ ကွင်းကောက် - ဂွ စစ်ဆေးရေးဂိတ်နဲ့ ပုသိမ်အဝင်အထွက်ဂိတ်တွေမှာ ဧပြီလကုန်ပိုင်းကစပြီး စစ်ဆေးမေးမြန်းတာတွေ အရှိန်မြှင့်လုပ်လာတာကြောင့် နောက်ဆက်တွဲ အခက်အခဲကြုံရတာတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်အောင်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

"ဂိတ်တွေမှာက ကားတွေက ပြည့်နေတာလေ။ အဲဒီလို စစ်ဆေးမှုတွေက တင်းကျပ်တဲ့အခါကျတော့ ဥပမာပေါ့ ကျန်းမာရေးအရ သွားလို့သော်လည်းကောင်း Ambulance တွေသော်လည်းကောင်းပေါ့နော် အရင်လိုရင် လိုသလိုပေါ့။ ကျန်းမာရေးအရသွားရတဲ့ ခရီးသည်၊ ကားမျိုးဆိုလို့ရှိရင် သူတို့တွေ နည်းနည်းအခွင့်အရေး ပေးရမှာပေါ့နော်။ အဲဒီလိုမျိုးလေး ဦးစားပေးစနစ်နဲ့ လုပ်ပေးဖို့တော့သင့်တယ်"

ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နဲ့ ဂွမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း အလားတူ အကျပ်အတည်းတွေ ရင်ဆိုင်နေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကျုံပျော်မြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တကယ်လို့ အစ်ကို ကားနဲ့သွားမယ်ဆိုရင် ကားတန်းကို တစ်ဆင့်ချင်း စစ်နေတာကို တစ်နာရီကျော်လောက် စောင့်ပြီးမှ အစ်ကိုတို့ အလှည့်ရောက်လိမ့်မယ်။ အစစ်အဆေး ကြမ်းတယ်။ ဟိုဘက်က ဝင်လာတဲ့သူပဲဖြစ်ဖြစ်၊ ဒီဘက်က ထွက်လာတဲ့သူပဲဖြစ်ဖြစ် နည်းနည်းငြိစွန်းသွားရင် ပြန်လို့မရဘူး"

မြန်အောင်နဲ့ ကြံခင်းမြို့နယ်ကြားမှာရှိတဲ့ ဖိုးသူကြီးရွာအနီးက ရိုးမတော အဝင်အထွက်ဂိတ်ကိုတော့ ဇန်နဝါရီလကစပြီး စစ်အင်အား ၆၀ ဝန်းကျင်နဲ့ အထိုင်ချတပ်စွဲထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့ လမ်းမပေါ်တွင် ဖြတ်သန်းသွားသည့် ကားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စစ်ဆေးနေစဥ်။ (Photo: Citizen Journalist)
ဧရာဝတီတိုင်း၊ မအူပင်မြို့ လမ်းမပေါ်တွင် ဖြတ်သန်းသွားသည့် ကားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စစ်ဆေးနေစဥ်။ (Photo: Citizen Journalist)

အဲဒီစစ်ဆေးရေးဂိတ်ကို အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သစ်ထုတ်သူတွေသာ အသုံးပြုလို့ရတယ်လို့ မြန်အောင်မြို့နယ် ရိုးမတောအနီးမှာနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သစ်ထုတ်တဲ့ ကောင်တွေ၊ ပိုင်ရာ၊ ဆိုင်ရာတွေကတော့ သွားလို့ရတယ်။ ဒီ့ပြင် ငမျောက်၊ ငခြောက်၊ မျှစ်ချိုး တက်တဲ့ ကောင်တို့၊ ဥပမာ သူတို့နဲ့ အကြောင်းမသင့်ရင်တော့ ထုတယ်။ ထောင်းတယ်ပေါ့။ သူတို့ကလည်း ဘယ်သူမှ မသွားရဲတော့ဘူး။ ပိုင်ရာ၊ ဆိုင်ရာ သူတို့ ပိုက်ဆံပေးထားတဲ့ သူတို့နဲ့ ရင်းနှီးတဲ့ကောင်တွေလောက်ပဲ သွားတော့တာပေါ့။ မသိဘဲနဲ့ မျက်နှာစိမ်းတက်သွားလို့ကတော့ ထုရော၊ ထောင်းရော။ အဲဒါမျိုးပေါ့နော်"

သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေထဲက သစ်တောကြိုးဝိုင်းနဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်ရင်း ခမရ (၁၀၈)၊ ခလရ (၃၆)၊ ခလရ (၅၁) နဲ့ ရေကြည်မြို့အခြေစိုက် အမတ (၃၄၄) တပ်ရင်းတွေက စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်တာနဲ့ စစ်ဆေးရေးဂိတ်တွေကိုလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး အင်အားတိုးမြှင့်ချထားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။