ဒေါ်အောင်ဆန်းစုကြည်ကို မဲမသမာမှုနဲ့ စွပ်စွဲထောင်ချတဲ့အပေါ် အာရှရွေးကောက်ပွဲကွန်ရက် ရှုတ်ချ

2022.09.02
ဒေါ်အောင်ဆန်းစုကြည်ကို မဲမသမာမှုနဲ့ စွပ်စွဲထောင်ချတဲ့အပေါ် အာရှရွေးကောက်ပွဲကွန်ရက် ရှုတ်ချ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒမဲပေးခဲ့စဉ်။
File Photo - Reuters

စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)နဲ့ စွဲဆိုထားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့က နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ပြီး၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဝန်ကြီး ဦးမင်းသူတို့လည်း ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို ရွေးကောက်ပွဲ မသမာမှု စွဲချက်တွေနဲ့ ထောင်ဒဏ်ချမှတ်တာကို ဆန့်ကျင်ရှုတ်ချကြောင်း လွတ်လပ်သော အာရှ ရွေးကောက်ပွဲ ကွန်ရက် (ANFREL) က အမှုဆောင်ညွန်ကြားရေးမှုး ချန်ဒါနီ ဝက်တာဝါလာက ပြောပါတယ်။

"ဒေါ်ဆောင်ဆန်းစုကြည်ကို အခုလို ရွေးကောက်ပွဲ မသမာမှု စွဲချက်တွေနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာကို ANFREL အန်ဖရယ် အဖွဲ့အနေနဲ့ ရှုတ်ချပါတယ်။ စစ်ကောင်စီမှာ ဒီလို လုပ်ပိုင်ခွင့်မရှိတဲ့အပြင်၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ၊ နိုင်ငံရေး ပါတီတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း အားလုံးကို ဖိနှိပ်ဖို့ ကြိုးပမ်းမှုသာ ဖြစ်ပါတယ်။ စစ်ကောင်စီက NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ကျူးလွန်ခဲ့တယ်လို့ ထပ်တလဲလဲ စွပ်စွဲထားပေမယ့် ခိုင်လုံတဲ့ အထောက်အထား မပြသနိုင်ပါဘူး။ အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းကို မဲမသမာမှု စွပ်စွဲချက်နဲ့ ထောင်ဒဏ်ချမှတ်ထားတာနဲ့ အခြား ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထိမ်းသိမ်းထားတာ အတွက်လည်း ရှုုုတ်ချပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအဖွဲ့ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် မလျော်သြဇာ သုံးခဲ့တာလုံးဝမရှိသလို ၂၀၂၀ ရွေးကောက်ပွဲကို တာဝန်ယူခဲ့တဲ့ UEC ကလည်း ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီသာ လုပ်ဆောင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဇူလိုင်လ ၁၅ ရက် ရုံးချိန်းမှာ ၂၀၂၀ ရွေးကောက်ပွဲ နဲ့ ပတ်သက်ရင် ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံး လွှမ်းမိုးခဲ့တာ မရှိဘဲ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

စစ်ကောင်စီဟာ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ အရှိန်အဝါ ကြီးထွားလာတာပြီး၊ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်တွေ ကျဉ်းမြောင်းလာတာတဲ့ အခြေအနေကို ထိန်းချုပ်ဖို့ အခုလို စီရင်ချက်ချလိုက်တာ လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“ပထမတစ်ချက်ကတော့ သူ့ရဲ့ ကြီးထွားသွားတဲ့ သြဇာအပေါ်မှာ ပြန်ထိန်းချုပ်ဖို့အတွက်လို့ ယူဆလို့ ရတယ်။ ပြီးသွားရင် NLD နဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ အခန်းကဏ္ဍ မှေးမှိန်အောင် လုပ်တယ်ဆိုတဲ့ ယူဆချက်ပါတယ်။ အခြား စီရင်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေမှာ ကန့်သတ်မှုတွေ ရှိလာတဲ့ နေရာမှာ၊ ဒီ NLD ရဲ့ နိုင်ငံရေး အခန်းကဏ္ဍ ကြီးထွားလာမှု၊ လွှမ်းမိုးနိုင်မှု၊ လူထုထောက်ခံမှု အဲဒါတွေ အကုန်လုံးကို လျှော့ချဖို့ ဒီစွပ်စွဲချက်တွေနဲ့ နိုင်ငံရေး အခန်းကဏ္ဍမှာ မှေးမှိန်သွားအောင် လုပ်ဖို့ ရည်ရွယ်တယ်လို့ မြင်ရတယ်။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံထဲမှာ ကြိုက်တဲ့သူ ရှိမယ်၊ မကြိုက်တဲ့သူ ရှိမယ်။ ဒါပေမယ့် လူများစု ထောက်ခံကြတယ်။ ယုံကြည်လေးစားကြတယ် ဆိုတာကတော့ ငြင်းလို့မရဘူး။ လူအများစု ထောက်ခံထားတာကို ဒီလို ထင်ရှားသိသာတဲ့ ပြစ်ဒဏ်ချမှုမျိုးတွေနဲ့ ယိုးစွပ်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှု လျော့ကျသွားမယ်လို့ သူတို့ ယူဆပုံရတယ်။ နောက်တစ်ခုက၊ နိုင်ငံရေး အပေးအယူ လုပ်ကြတဲ့အခါမှာ၊ ဒီလို ပြစ်ဒဏ်အများကြီး ချထားပြီး သူတို့ ပြစ်ဒဏ် လျော့ပေါ့ပေးမယ်၊ ခွင့်လွှတ်ပေးမယ် ဆိုရင်လည်း သဘောထား ကြီးရာကျတယ်ဆိုတာမျိုး ပုံပြလုပ်ရပ်မျိုး သူတို့ လုပ်လို့ရမယ်လို့ ယူဆပုံရတယ်။ အရင်တုန်းကလည်း အဲဒီလို လုပ်ဖူးတာကို”

2021-02-28T000000Z_1931050353_RC2L1M9L61VY_RTRMADP_3_MYANMAR-POLITICS.JPG

၂၀၂၀ရွေးကောက်ပွဲဟာ အားနည်းချက် အနည်းငယ်ရှိခဲ့ပေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး ထုတ်ပြန်ပြောဆိုထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက အမှုပေါင်း ၁၀ အမှုအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ပြီးတဲ့ အတွက်၊ စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀အထိ ကျခံရမှာ ဖြစ်ပါတယ်။

အရင်အမိန့်တွေမှာ အလုပ်မပါဘဲ မနေ့က စီရင်ချက်မှာတော့ အလုပ်နဲ့ ထောင်ဒဏ်ကို တွဲပြီး ချမှတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဆက်လက်အယူခံ ဝင်သွားမှာ ဖြစ်တဲ့အကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး၊ ပြစ်မှုအမျိုးမျိုးနဲ့ စွဲချက်တင် ထောင်ဒဏ် ချမှတ်နေတာဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ ဖြစ်တဲ့အကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကပါ ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။