ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခရီး
ဇွန်လ ၁၉ ရက် ဒီကနေ့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်အရေးတော်ပုံကာလ အသက် ၄၃ နှစ် အရွယ်မှာ မြန်မာ့နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ၂ဝ၂၂ ခုနှစ်ဆိုရင် အသက် ၇၇ နှစ် တိတိပြည့်ခဲ့ပါပြီ။
မြန်မာ့နိုင်ငံရေး လောကမှာ ၃၅ နှစ်နီးပါးကြာ ဖြတ်သန်းချိန်အတွင်း နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ်ကြာနေခဲ့ရပြီး အခု စစ်အာဏာသိမ်းပြီးနောက်မှာလည်း နောက်တစ်ကြိမ် ထပ်မံဖမ်းဆီး ခံထားရတာပါ။
မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားလို့ မရဘူးလို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက ပြောပါတယ်။
ဒေါက်တာတင့်ဆွေ(၁၉၉ဝ ပြည့်နှစ် ရွေးကောက်ခံကိုယ်စားလှယ်)
"သူ ၁၉၈၈ ခုနှစ် မိခင်နေမကောင်းလို့ ပြုစုဖို့ ပြန်လာကတည်းက ဒီကနေ့အထိ သူ့ရဲ့နာမည်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပတ်သက်ရင် ချန်ထားလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး စင်မြင့်တက်လာပြီးနောက် ပြည်သူလူထုဟာ ဒီမိုကရေစီအကြောင်း သိလာတယ်၊ လူ့အခွင့်အရေးအကြောင်း သိလာတယ်၊ ဖက်ဒရယ်စနစ်ကို တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် သိလာတယ်"
မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သမီး ဒေါက်တာလှကျော်ဇောကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကို ထူးထူးခြားခြားရထားတဲ့ နိုင်ငံရေးသမားဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါက်တာ လှကျော်ဇော (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သမီး)
"အဲဒီနိုင်ငံရေးသမားမှာ အဲဒီအရည်အချင်း ရှိတယ်ဆိုတာကို ပြည်သူအများစုက လက်ခံဖို့လိုတာ။ ဒေါ်အောင်ဆန်းစုကြည်က အဲဒါကိုရထားတာ ထူးထူးခြားခြားကို ရထားတာ၊ မြန်မာပြည်သူ အများတကာ့ အများစုရဲ့ ယုံကြည်မှုကို ရထားတာ၊ ဒါကြောင့်သူပြောရင် ပြည်သူလူထုက လက်ခံတာ"
"NLD အစိုးရခေတ်မှာ ကျမတို့ ဒီမိုကရေစီအပြည့်အဝ ရတာမဟုတ်ဘူးနော်။ သို့ပေမယ့် ရထားတဲ့ ဒီမိုကရေစီဘောင်လေးအတွင်းမှာ ပြည်သူလူထုအနေနဲ့ ဘာအကျိုးစီးပွားတွေရနိုင်မလဲ၊ လွတ်လွတ်လပ်လပ်နဲ့ ပြောစရာရှိပြောလို့ရတယ်၊ လုပ်စရာရှိ လုပ်ရဲလာတယ်။ ဒါတွေအားလုံးဟာ ဒီမိုကရေစီအရသာကို ပေးမြည်းစမ်းလိုက်တာပေါ့"
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လက်ကိုင်ထားပြီး၊ စစ်တပ်နဲ့ ရင်ကြားစေ့ရေး ဆောင်ရွက်ရမယ်ဆိုတဲ့ နိုင်ငံရေးခံယူချက်ရှိသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်သလို ဖြစ်မလာဘဲ မြန်မာစစ်တပ်ဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နောက်တစ်ကြိမ် အာဏာပြန်သိမ်းခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ(၁၉၉ဝ ပြည့်နှစ် ရွေးကောက်ခံကိုယ်စားလှယ်)
"တပ်မတော်ကို အတတ်နိုင်ဆုံးသူက ပြေရာပြေကြောင်းဖြစ်အောင် စည်းရုံးခဲ့တာတော့ အမှန်ပဲ။ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ပေါ်ကို ထားတဲ့စိတ်နေသဘောထားနဲ့ စစ်တပ်က တိုင်းပြည်ပေါ်ထားတဲ့ စိတ်နေသဘောထားဟာ နည်းနည်းမှ ထပ်တူကျခြင်း မရှိတဲ့အချက်ကြောင့် ကျနော်တို့ တိုင်းပြည်မှာ ဒီကနေ့ထိ တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပေါ်လစီခြားနားနေတယ်။
ဒေါက်တာ လှကျော်ဇော (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သမီး)
"သူတို့ အခုအကြောက်ဆုံးက တပ်ပြိုမှာ အကြောက်ဆုံးပဲ။ ဒါကြောင့်တပ်ကိုသူတို့က ပြောချင်တာ၊ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလိုပါပဲ လာဘ်စားတယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရထားတဲ့ ဆုတွေက နည်းသလားဗျာ၊ ဒီလောက်ချမ်းသာတာ၊ ဘာလာဘ်စားစရာလိုတော့လို့လဲ သူ့ဘဝမှာ"
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီပြယုဂ်အဖြစ် နိုင်ငံတကာရဲ့ လေးစားမှုကို ခံခဲ့ရတဲ့ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်ဖြစ်ပါတယ်။
ဒါပေမဲ့ ၂ဝ၁၅ ခုနှစ်မှာ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရခေါင်းဆောင် ဖြစ်လာချိန်မှာတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ကိစ္စမှာ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။ အဲဒီကိစ္စကြောင့် နိုင်ငံတကာက ချီးမြှင့်ထားတဲ့ ဆုတွေလည်း ပြန်ရုပ်သိမ်း ခံခဲ့ရပါတယ်။
ဒါ့အပြင် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICJ ထိတက်ပြီး စစ်တပ်ဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တာ မရှိခဲ့ဘူးလို့ ကာကွယ်ပြောဆိုခဲ့လို့ နိုင်ငံတကာ ထောက်ခံမှု လျော့ခဲ့ရပါတယ်။
ဒေါက်တာတင့်ဆွေ(၁၉၉ဝ ပြည့်နှစ် ရွေးကောက်ခံကိုယ်စားလှယ်)
"ဒီရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်တဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုမှာ အမာရွတ်ကြီးရခဲ့တယ်လို့ ပြောရင် မမှားဘူးလို့ ကျနော်ထင်တယ်"
"အဲဒီထဲမှာ အဓိကတရားခံက လက်နက်ကိုင်အဖွဲ့ပဲ၊ လက်နက်ကိုင်နေတဲ့ စစ်တပ်ပေါ့ သူတို့ကိုကပစ်တာ သူတို့ကသတ်တာ၊ မီးရှို့တာ နှင်ထုတ်တာ သူတို့က အဓိကကျတယ်။ လက်တွေ့တရားခံက စစ်တပ်ပဲ"
ဒေါက်တာ လှကျော်ဇော (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သမီး)
"အမျိုးသားရင်ကြားစေ့ရေးဆိုပြီး သူစဉ်းစားပုံက အဓိက မြန်မာပြည်မှာ ရင်ကြားစေ့ဖို့လိုတာ စစ်တပ်ပဲ။ ဒီလိုနည်းနဲ့ စစ်ဗိုလ်တွေကို သူချည်းကပ်ရင် ရလိမ့်မယ်လို့ တွက်ပုံရတယ်။ အဲဒီတော့ ဘေးကပြည်သူတွေပဲကြည့်ကြည့် နိုင်ငံတကာကပဲကြည့်ကြည့် မကြိုက်တာတွေ ပေါ်တာပေါ့။ သူက စစ်တပ်ဘက်က အရမ်းလိုက်တယ်ဆိုပြီး"
တချိန်က မဟာမိတ်တွေ ဖြစ်ခဲ့တဲ့ တိုင်းရင်းသားပါတီတချို့နဲ့လည်း မပြေမလည်ဖြစ် လမ်းခွဲခဲ့ရပါတယ်။
ဒေါက်တာ လှကျော်ဇော (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သမီး)
"အမျိုးသားရင်ကြားစေ့ရေးကို ရှေ့တင်ပေမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲနိုင်ပြီး စစ်တပ်နဲ့ ဆွေးနွေးတဲ့အခါမှာ မင်းအောင်လှိုင်က သမ္မတရာထူး တောင်းချိန်မှာ သူမပေးတော့ဘူး။ အလိုမလိုက်တော့ဘူး။ သူသိတာပဲ ထောင်ထဲဝင်သွားတာပဲ။ သူ့ရဲ့တချို့လမ်းတွေကို ကျမတို့မကြိုက်တာရှိပေမယ့် ပြည်သူလူထု အကျိုးစီးပွားဘက်ကပဲ သူက စဉ်းစားပုံရပါတယ်။"
အကြိမ်ကြိမ် ဖမ်းဆီးချုပ်နှောင်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့သက်တမ်းအကြာဆုံး နိုင်ငံရေး အကျဉ်းသားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သက်တမ်းရှည် နိုင်ငံရေးအကျဉ်းသား တောင်အာဖရိက သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်ဆင်မင်ဒဲလားနဲ့ နှိုင်းယှဉ်တင်စားခဲ့ကြတာပါ။
ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအောက်မှာ ကန့်သတ်ခံထားရလို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ခဲ့တဲ့အပြင် စစ်တပ်က နောက်တစ်ကြိမ် အာဏာပြန်သိမ်းထားတာမို့ အခုတော့ နိုင်ငံရေး အကျဉ်းသား ပြန်ဖြစ်ခဲ့ရပါတယ်။
ဒေါက်တာတင့်ဆွေ(၁၉၉ဝ ပြည့်နှစ် ရွေးကောက်ခံကိုယ်စားလှယ်)
"ဒေါ်အောင်ဆန်းစုကြည်က နယ်ဆင်မင်ဒဲလားလောက် ကံမကောင်းဘူး။ ကံမကောင်းဘူးဆိုတာ လူဖြူအစိုးရနဲ့ ဗမာစစ်တပ်နဲ့ မတူတာလည်းပါတယ်။ ရေခံမြေခံလည်း မတူဘူးပေါ့။တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးချောက်ထဲက ပြန်မတက်နိုင်ရင် နယ်ဆင်မင်ဒဲလားလို ခေါင်းဆောင်မျိုး ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ဝမ်းနည်းစွာပြောချင်ပါတယ်။"
ဒေါက်တာ လှကျော်ဇော (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သမီး)
"မင်ဒဲလားကတော့ သေချာတယ်။ သူဟာသမ္မတကြီး အဖြစ်နဲ့နေခဲ့ရတယ်၊ သူ့တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးနိုင်ခဲ့တယ်။ သူလည်းသက်တမ်းစေ့နေပြီး ကွယ်လွန်သွားရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုသက်ရှိထင်ရှား ရှိနေသေးတယ်။ သူခင်းခဲ့တဲ့ လမ်းကိုလည်း ကျန်တဲ့သူတွေက လိုက်နေသေးတယ်။ သူခင်းတဲ့လမ်း ဘယ်လောက်ရောက်မယ် ဆိုတာတော့ မသိဘူးပေါ့။ အဲဒီတော့ ဇာတ်လမ်းကို အဆုံးထိ ကြည့်ရအောင်"
အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုပေါင်း ၁၉ မှုနဲ့ ရင်ဆိုင်နေရပါတယ်။
နောက်ထပ်လည်း အမှုတွေ ထပ်တိုးဖို့ စစ်ကောင်စီဘက်ကပြင်နေတာပါ။ လက်ရှိမှာ အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက်တရား ရင်ဆိုင်နေရပါတယ်။
ဒေါက်တာတင့်ဆွေ(၁၉၉ဝ ပြည့်နှစ် ရွေးကောက်ခံကိုယ်စားလှယ်)
"၉၅ ရာခိုင်နှုန်းကတော့ ဖြစ်နိုင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကကနေ ဖယ်နိုင်တဲ့အထိ ကြိုးစားသွားလိမ့်မယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကြောင့် ကံမကောင်းစွာ သူလုပ်ချင်တဲ့ ဗျူဟာတွေ မပြီးခင် နိုင်ငံရေးလောကရဲ့ ထိပ်ဆုံးနေရာမရ ဖြစ်သွားမလားလို့ ကျနော် စိုးရိမ်တယ်"
ဒေါက်တာ လှကျော်ဇော (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သမီး)
"ဒေါ်အောင်ဆန်းစုကြည် လွယ်လွယ်နဲ့ ပြန်လွတ်လာဖို့ မလွယ်ဘူး။ စစ်တပ်က သူတို့ထိလာမှ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်သုံးလိမ့်မယ်။ လောလောဆယ်က နိုင်ငံရေး သေးသိမ်အောင်လုပ်နေတာ။ အခုအချိန်က အားလုံးပြတ်သွားပြီ၊ ဒေါ်စုလည်းပြတ်သွားပါပြီ။ ဒါကြောင့်လည်း သူသမ္မတ မပေးဘဲ ထောင်ထဲဝင်သွားတာ၊ ဖမ်းဆီးခံသွားရတာပေါ့ဗျာ။"
ဒေါက်တာတင့်ဆွေ(၁၉၉ဝ ပြည့်နှစ် ရွေးကောက်ခံကိုယ်စားလှယ်)
"ဒေါ်အောင်ဆန်းစုကြည် လွတ်ရင်လည်း လွတ်လာနိုင်တယ်။ အဆိုးဆုံး ထောင်ထဲမှာ ရာဇဝတ်အကျဉ်းသားတွေလို ဘဝဆုံးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည် မပါရင်တောင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်သွားလိမ့်မယ် ကျနော်ယုံကြည်တယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တော်တော်လေး ရှုန်းကန်ရမယ်"
အာဏာသိမ်းတဲ့နေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုရှေ့မှောက်ကနေ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။
စစ်ကောင်စီက သူ့ကို လျှို့ဝှက်နေရာတစ်ခုမှာ ထိန်းသိမ်းထားပြီး တရားရုံးမှာ အမှုရင်ဆိုင်ရချိန် သူ့ရဲ့အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရ တာကလွဲရင် ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးပါဘူး။
ဒီကနေ့ကျရောက်တဲ့ အသက် ၇၇ နှစ်အရွယ် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မွေးနေ့ကို အကျဉ်းစံဘဝနဲ့ တကြိမ်ပြန်ဖြတ်သန်းနေရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြသူတဲ့ ပြည်တွင်းပြည်ပနေသူတွေကတော့ မွေးနေ့ရှင်မပါတဲ့ မွေးနေ့တွေကို ကျင်းပရင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း လွှတ်မြောက်ပါစေကြောင်း ဆုတောင်းနေကြပါတယ်။