ထိုင်းနိုင်ငံက ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ

ခင်မောင်ညိန်း
2019.11.04
asean-summit-622.jpg ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့မှာ ၂၀၁၉ နိုဝင်ဘာ ၃ ရက်နေ့ကကျင်းပစဉ်
Photo: Myanmar State Counsellor Office

၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စနေ- တနင်္ဂနွေ နှစ်ရက်က ကျင်းပခဲ့ပြီး နောက်ဆက်တွဲ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်နေပါတယ်။

အာဆီယံ ထိပ်သီးညီလာခံလို့ ဆိုပေမယ့် အာဆီယံ မဟာမိတ်တွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန် စတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ကြပြီး ညီလာခံပြင်ပမှာ သီးခြားဆွေးနွေးပွဲတွေ လုပ်လေ့ရှိပါတယ်။ မနေ့က လည်း အာဆီယံ-အိန္ဒိယ၊ အာဆီယံ-တရုတ် စတဲ့ သီးခြားဆက်စပ်ဆွေးနွေးပွဲတွေ လုပ်ကြတယ်လို့ အိန္ဒိယနိုင် ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ သီးခြားတွေ့ဆုံ ကြရာမှာ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံနဲ့ ၂ နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုပို အများကြီးအလေး ထားကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ တိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အိန္ဒိယနိုင်ငံက တစိုက်မတ်မတ် အားပေးကူညီတာတွေကို များစွာတန်ဖိုးထားကြိုဆိုကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ကလည်း ၂ နိုင်ငံကြား လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အဦတွေ တိုးတက်ရေး၊ မြန်မာနိုင်ငံက လုံခြုံရေး တပ်ဖွဲ့တွေနဲ့ စစ်ဖက်၊ အရပ်ဖက် အဖွဲ့အစည်းတွေ အရေအသွေး တိုးတက်မြင့်မားရေးအတွက် ဆက်လက်ကူညီ သွားမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၂ နိုင်ငံ ပူးပေါင်ေးဆာင်ရွက်ရေး လုပ်ငန်းတွေအတွက် နယ်စပ်ဒေသ လုံခြုံအေးချမ်းရေးဟာ အရေးကြီးတာဖြစ်လို့ နယ်စပ်ဖြတ်ကျော်လှုပ်ရှားလေ့ရှိတဲ့ သူပုန်အင်အား စုတွေကို မြန်မာအစိုးရက လက်မခံဘဲ ဟန့်တားပေးတာကို ကျေးဇူးတင် အလေးထားကြောင်း ပြောခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ညီလာခံ အပိတ် ကြေညာချက်မှာ အာဆီယံအဖွဲ့ ဥက္ကဋ္ဌက ၁၆ နိုင်ငံ ပါဝင်တဲ့ RCEP ဆိုတဲ့ ဒေသတွင်း ကုန်သွယ်ရေး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လာမယ့် ၂၀၂၀ ခုနှစ်အတွင်း လက်မှတ်ရေးထိုးကြမယ်လို့ ကတိကဝတ်ပြုကြတဲ့အတွက် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ ကုန်သွယ်မှု စစ်ပွဲကြောင့် အာဆီယံဒေသ စီးပွားရေး ဖွံ့ဖြိုးမှု နှုံးထားဟာ ၅ နှစ်အတွင်း အနိမ့်ဆုံးကို ရောက်ရှိနေတယ်လို့လည်း အာဆီယံ အရာရှိတွေက ပြောပါတယ်။ ဒါကြောင့် ဒီသဘောတူညီချက်ကို စောစောစီးစီး လက်မှတ်ရေးထိုးကြဖို့ တရုတ်ပြည်က လိုလားတိုက်တွန်းနေပြီး၊ ညီလာခံ ရက်ပိုင်းမှာ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ က ဒီကစ္စနဲ့ ပတ်သက်လို့ ဘာမှ ထုတ်မပြောဘဲ အိန္ဒိယ - အာဆီယံ စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုကိစ္စတွေကိုပဲ ပြောသွားလို့ ခေါင်းဆောင်တချို့က မကျေမခြမ်း ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

အိန္ဒိယ နိုင်ငံလို စီးပွားရေး တောင့်တင်းတဲ့နိုင်ငံ ပါဝင်ရင် ဒီအဖွဲ့ကို တရုတ်က တဖက်သတ် လွှမ်းမိုးသွားတာ ခံရဖို့အလားအလာ နည်းပါးသွားမယ်လို့လည်း အာဆီယံ အရာရှိတချို့က ပြောပါတယ်။ အခုညီလာခံကို အမေရိကန်က ထိပ်သီးခေါင်ေးဆာင်တွေ မလာရောက်ဘဲ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကိုသာ လွှတ်ခဲ့တဲ့အတွက် တရုတ်က ပိုပြီး အင်အားပြ လွှမ်းမိုးသွားမှာကို အများက စိုးရိမ်ခဲ့ကြပါတယ်။

အာဆီယံခေါင်းဆောင်တွေက စီးပွားရေးကိစ္စတွေ တောင်တရုတ်ပင်လယ်ပြင်က နယ်မြေလုတဲ့ကိစ္စတွေကို အာရုံစိုက်ပြောဆိုနေကြချိန်မှာ ကုလ - အတွင်းရေးမှူးချုပ် ဂူတားရက်စ်ကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေရှိခဲ့တာကို ကြိုဆိုကြောင်း၊ ဒါပေမဲ့ ရေရှည်ခိုင်မာတဲ့ ရလဒ်ကောင်း ပေါ်ထွက်လာနိုင်ဖို့ ထိရောက်တဲ့ တာဝန်ခံမှုတွေ ရှိလာဖို့ ပိုပြီးအလေးထား ကူညီဆောင်ရွက်သွားဖို့လိုကြောင်း ပြောသွားပါတယ်။

ထိပ်သီးညီလာခံကတော့ ပြီးသွားပါပြီ။ ဒါပေမဲ့ နောက်ဆက်တွဲ ဆက်စပ်ဆွေးနွေးမှုတွေ ဒီနေ့ ဆက်ပြီးရှိနေဆဲမို့ ဘယ်လိုထူးခြားမှုတွေ ကြားရဦးမလဲဆိုတာ စောင့်မျှော်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။