အာဆီယံအသင်းကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ အဖွဲ့ဝင်နိုင်ငံတွေ ပြင်ဆင်နေ
2022.10.12

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်တွေအတွင်း အရှေ့တောင်အာရှရဲ့စီးပွားရေးဟာ ကမ္ဘာတစ်ဝန်း အမြန်ဆန်ဆုံး ကြီးထွားလာခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးရာယဉ်ကျေးမှု ကူးလူးဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ မျှော်လင့်ချက်တွေ မြင့်မားခဲ့ပါတယ်။
ဒါပေမဲ့ ပထဝီနိုင်ငံရေး အရွေ့အပြောင်းတွေကြောင့် ကွဲပြားခြားနားမှုအသစ်တွေ ပေါ်ပေါက်လာတဲ့အတွက် အရှေ့တောင်အာရှရဲ့ ဆက်လက်တည်ရှိမှုဟာ ပိုမိုလက်တွေ့ကျတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ဆောင်ရွက်နိုင်စွမ်းအပေါ် မူတည်နေပြီဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာလမှာ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေက အဓိကရ ကမ္ဘာ့ညီလာခံတွေကို လက်ခံကျင်းပဖို့ စီစဉ်ဆောင်ရွက်နေကြပြီဖြစ်သလို တစ်ချိန်တည်းမှာ သက်တမ်း ၅၅ နှစ် ရှိပြီဖြစ်တဲ့ အာဆီယံအရှေ့တောင်အာရှနိုင်ငံများအဖွဲ့မှာလည်း ဆက်လက်တည်ရှိရေးပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
အထူးသဖြင့် ယူကရိန်းကို ရုရှားကျူးကျော်မှု၊ မြန်မာမှာ စစ်တပ်အာဏာသိမ်းမှု အပါအဝင် တခြားပြဿနာတွေ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် အာဆီယံ ပဋိညာဉ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ လူမှုရေးယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုအပေါ် နက်ရှိုင်းတဲ့ သဘောထားအမြင်လည်း ကင်းမဲ့နေပြီး ဒီအတွက် အရှိတရားကို လက်ခံရမှာဖြစ်ပြီး၊ သင့်တော်သလို ပြန်လည်ဆောင်ရွက်ရမှာဖြစ်ကြောင်း Project Syndicate သတင်းက ဖော်ပြပါတယ်။
အာဆီယံရဲ့ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဟာ မြင့်တက်မလာခဲ့သေးသလို ဒေသတွင်းကုန်သွယ်မှုက ၂၁.၃ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု က ၁၂ ရာခိုင်နှုန်းအောက်မှာသာ ရှိနေသေးကြောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
ဒါ့ပြင် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၈၈ ရာခိုင်နှုန်းက ပြင်ပရင်းမြစ်တွေကလာတာ ဖြစ်ပါတယ်။ အီးယူ ဥရောပသမဂ္ဂလို မဟုတ်ဘဲ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ ဈေးကွက်တစ်ခုတည်းနဲ့သာ ဖြစ်နေပါတယ်။ အီးယူဥရောပသမဂ္ဂလို ဈေးကွက်တစ်ခုတည်းကို ပစ်မှတ်ထားတာ မဟုတ်ဘဲ အာဆီယံဟာခရီးသွားလုပ်ငန်းအတွက် နယ်စပ်ကျော်လမ်းတွေ၊ ရထားလမ်းတွေ၊ နိုင်ငံတွေရဲ့ ပြည်သူတွေ ချင်း ထိတွေ့ဆက်ဆံရေးဆိုင်ရာ လုပ်ငန်းတွေ ဖော်ဆောင်ခဲ့ပါတယ်။
အခုလို ဒေသတွင်းစီးပွားရေးဟာ ကမ္ဘာမှာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာနေချိန်ဟာ မြန်မာနိုင်ငံရဲ့ ၂၀၁၁ ခုနှစ်အလွန် နိုင်ငံရေး ပွင့်လင်းလာတာ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုက်ဆိုင်နေပါတယ်။
ဒေသတွင်းအရှိန်အဟုန်ကို မြှင့်တင်တဲ့အနေနဲ့ အာဆီယံဟာ ဒေသတွင်းက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးစီမံချက်တွေ၊ အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ဆွေးနွေးပွဲတွေ၊ အာဆီယံ ဒေသတွင်းဖိုရမ်၊ အရှေ့အာရှညီလာခံ၊ အာဆီယံ ကာကွယ်ရေးဝန်ကြီးများဆွေးနွေးပွဲ၊ အာဆီယံဗဟိုပြု မဟာဗျူဟာ စတဲ့ ဆွေးနွေးပွဲတွေ ဖော်ဆောင်ကျင်းပခဲ့ပါတယ်။

အာဆီယံဒေသဟာ ကော်ပိုရေးရှင်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဂျီဒီပီ ၃ ထရီလီယံကျော်နဲ့ လူဦးရေ သန်း ၆၈၀ ကျော် ရှိပြီးလူငယ်အများစုနဲ့ လူလတ်တန်းစား ကြီးထွားလာနေတဲ့ နေရာအဖြစ်လည်း ရှုမြင်လာခဲ့ကြပါတယ်။
ဒါပေမဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းပြောင်းလဲသွားတာနဲ့အတူ အာဆီယံရဲ့တိုးတက်မှုလည်း လျော့ပါးသွားခဲ့ပါတယ်။ အာဆီယံရဲ့ အောင်မြင်မှုဟာ ငြိမ်းချမ်းရေးနဲ့အင်အားကြီးနိုင်ငံတွေကြား တည်ငြိမ်မှုရှိနေတဲ့ အနေအထား လိုအပ်ပါတယ်။
နိုင်ငံကြီးတွေအနေနဲ့ ရုရှားနဲ့အနောက်နိုင်ငံတွေ သို့မဟုတ် တရုတ် သို့မဟုတ် အမေရိကန် နိုင်ငံလိုမျိုးနဲ့ ငြိမိ၊ ချိတ်မိကြတဲ့အခါ အာဆီယံနိုင်ငံတွေအတွင်း မလွှဲမရှောင်သာ အကွဲအပြဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာမှာဖြစ်ပါတယ်။
ဒါ့ပြင် တောင်တရုတ်ပင်လယ်တွင်းက တရုတ်ရဲ့အကျိုးစီးပွားတွေ၊ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခ၊ ရုရှားရဲ့ ယူကရိန်းစစ်ပွဲတွေကို ကြည့်ရင်လည်း ပြဿနာတိုင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းအတွက် မတူကွဲပြားတဲ့ ဦးတည်ရာတွေ ရှိနေကြတာပါ။
ကမ္ဘောဒီးယားက တရုတ်နဲ့အာဏာသိမ်းစစ်ကောင်စီအောက်က မြန်မာကို ထောက်ခံပေမယ့် ရုရှားကို မထောက်ခံပါဘူး။ လာအိုက အဲဒီသုံးနိုင်ငံလုံးကို ထောက်ခံပါတယ်။ ဗီယက်နမ်က ရေပိုင်နက်ကိစ္စနဲ့ တရုတ်ကို ဝေဖန်ပြစ်တင်နေသလို မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှုအပေါ် နှုတ်ဆိတ်နေပြီး ရုရှားကို စာနာနေပါတယ်။
ဒီအတွင်း အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူတို့က တောင်တရုတ်ပင်လယ်မှာ တရုတ်ပြည်ရဲ့ရန်လိုခြိမ်းခြောက်မှု၊ မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှု၊ ရုရှားစစ်ပွဲ စတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
ထိုင်းနိုင်ငံကတော့ တရုတ်ရဲ့နယ်မြေ အငြင်းပွားမှုပြဿနာကို ပြေရာပြေကြောင်း ပြောဆိုနေပြီး မြန်မာကတော့ အာဏာသိမ်းစစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ ကြိုးပမ်းနေကြောင်း သတင်းမှာ ဖော်ပြပါတယ်။