အာဆီယံမူဝါဒ မြန်မာပြည်သူအကျိုးမရှိဟု လေ့လာသူတွေ ပြောကြား
2023.05.12

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံရဲ့ အဓိက ရည်ညွှန်းချက်အဖြစ် ဆက်လက်တည်ရှိနေတယ်လို့ အာဆီယံက မေလ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ အဖြေရဖို့ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံမှုကို ထောက်ခံပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိုလည်း ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာ မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပတဲ့ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ့အရေး အာဆီယံက ဘုံသေဘာတူညီချက် ၅ ချက်ကို ဆက်လက်ကိုင်စွဲနေရင် စစ်ကောင်စီအနေနဲ့ ကိုယ့်ပြည်သူကိုယ် ပြန်သတ်ဖြတ်ပြီး အာဏာဆက်လက် ဆုပ်ကိုင်ထားဖို့ ခွင့်ပြုရာကျတယ်လို့ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌ Charles Sentiago က ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
“လူမဆန်ရက်စက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ တရားမဝင် မြန်မာစစ်ကောင်စီနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဒီထုတ်ပြန်ချက်ဟာ ဒေသတွင်း အရေးအကြီးဆုံး ဖြေရှင်းရမဲ့ ပြသနာတစ်ခုမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့ အာဆီယံအဖွဲ့ရဲ့ အားနည်းချက်ကို ဖော်ပြနေပါတယ်။ အာဆီယံက ဘုံသေဘာတူညီချက် ၅ ချက်ကို ဆက်လက်ကိုင်ဆွဲထားမယ်ဆိုရင် မြန်မာစစ်ကောင်စီက ကိုယ့်ပြည်သူကို သတ်ဖြတ်ပြီး အာဏာဆက်လက်ဆွဲကိုင်ထားဖို့ ခွင့်ပြုရာကျလိမ့်မယ်။ အာဆီယံအနေနဲ့ စွမ်းအားရှိတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ဖြစ်စေချင်ရင် ဒီဘုံသေဘာတူညီချက်တွေကို လေးလေးနက်နက် ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ အဲလိုလုပ်ဆောင်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသား လူနည်းစုအဖွဲ့အစည်းတွေအပါအဝင် မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုတယ်။ စစ်ကိုင်းမှာဖြစ်ပွားခဲ့တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုတွေ ထပ်တလဲလဲ မဖြစ်စေဖို့ ကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်နေတဲ့ အခြေအနေမျိုးကို အာမခံချက်ရှိတဲ့ အစီအမံတွေ လိုပါတယ်”
ဒီဘုံသေဘာတူညီချက်တွေကို ဆက်ပြီးဆွဲကိုင်ထားမယ်ဆိုရင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဆီက ဘာမှ အဖြေထွက်မှာ မဟုတ်ဘူးလို့ Burma Campaign UK ရဲ့ အမှုဆောင်ဒါရိုက်တာ Mark Farmaner ကလည်း ပြောပါတယ်။
“မြန်မာ့အရေး အာဆီယံဥက္ကဌရဲ့ ပြောကြားချက်ဟာ ပကတိအခြေအနေတွေကို ဥပက္ခာပြုပြီး စိတ်ကူးယဉ်ဆန်တယ်။ ဒီကြေညာချက်ကိုကြည့်ရင် အာဆီယံက မြန်မာ့အကြပ်အတည်းကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိဘူးဆိုတာ ပေါ်လွင်တယ်။ တိုင်းပြည်မှာ တကယ်ဖြစ်ပျက်နေတာတွေကို ကိုင်တွယ်ဖြေရှင်းလိုတဲ့ဆန္ဒ အာဆီယံမှာ မရှိဘူး။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဆီက ဘာအဖြေမှ ထွက်မှာမဟုတ်ဘူး”
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှုး Phil Robertson ကလည်း အာဆီယံရဲ့ ဒီကြေညာချက်ဟာ မြန်မာ့အရေးကို သူတို့ ဘာမှမတတ်နိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းပြသနေတယ်လို့ ဆိုပါတယ်။
“မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဟာ လမ်းပျောက်နေပြီး အခုတော့ အသက်ဆက်ရှင်သန်ဖို့ သူတို့ ကြိုးစားနေတယ် ဘယ်သူ့ပြောဆိုစကားကိုမှ လက်မခံတဲ့ စစ်ကောင်စီကို တင်းတင်းမာမာလုပ်ဆောင်ဖို့ လိုအပ်ပြီး အာဆီယံအနေနဲ့ သူတို့ဘာမှာ မတတ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်းပြသနေတယ်”
အာဆီယံရဲ့ကြေညာချက်ထဲမှာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်နိုင်ဖို့ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ဖို့ တိုက်တွန်းထားပါတယ်။