မြန်မာ့အရေး အာဆီယံအဖွဲ့တွင်း သဘောထားကွဲပြားနေဆဲ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.07.11
မြန်မာ့အရေး အာဆီယံအဖွဲ့တွင်း သဘောထားကွဲပြားနေဆဲ ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂာကာတာမြို့တွင် ကျင်းပသည့် ၅၆ ကြိမ်မြောက် အာဆီယံအစည်းအဝေးတွင် မြန်မာကိုယ်စားပြုထိုင်ခုံနေရာ လစ်လပ်နေသည့် မြင်ကွင်း။
AFP

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ လုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ က ဆွေးနွေးပြောဆိုမှုတွေမှာ မြန်မာနိုင်ငံပြဿနာအကြောင်း လွှမ်းမိုးနေခဲ့ပေမယ့် မြန်မာနိုင်ငံပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပြန်ပြီးထိတွေ့ဆက်ဆံမှုတွေ လုပ်သင့် မလုပ်သင့် ဆိုတဲ့အပေါ် အာဆီယံအဖွဲ့ဝင်တွေအကြား သဘောတူညီမှုမရခဲ့တဲ့အကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက အာဆီယံဟာ ဒေသတွင်းနဲ့ကမ္ဘာ့အရေးကိစ္စတွေမှာ ကိုင်တွယ်ဆောင်ရွက်နိုင်ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြသဖို့ လိုပါတယ်။ ဒီလိုလုပ်နိုင်ဖို့ အာဆီယံနိုင်ငံတွေအကြား ညီညွတ်မှုနဲ့ ဘက်မလိုက်မှုတွေကို ဆက်လက်ပြီး ထိန်းထားနိုင်မှ ဖြစ်ပါလိမ့်မယ် လို့ ပြောသွားပါတယ်။

အင်္ဂါနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး သဘောတူညီမှု မရနိုင်တဲ့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ ထုတ်ပြန်မယ့် ပူးတွဲကြေညာချက်ရဲ့မူကြမ်းမှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ စာပိုဒ်ကို အလွတ်အဖြစ်ထားရှိတာ တွေ့ခဲ့ရတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

ဒီအလွတ်ထားတဲ့ စာပိုဒ်နေရာမှာ ဘာဖြည့်စွက်မလဲဆိုတာကို အာဆီယံနိုင်ငံတွေကြားမှာ ဆွေးနွေးနေဆဲဖြစ်ကြောင်း၊ အာဆီယံဝန်ကြီးတွေအနေနဲ့ မြန်မာ့အရေးအတွက်အဆိုပြုချက်ကို အချိန်ယူဆွေးနွေးနေကြတဲ့အကြောင်း နာမည်မဖော်ပြဖို့ တောင်းဆိုထားတဲ့ အာဆီယံသံအမတ်တစ်ဦးက AFP သတင်းဌာနကို ပြောသွားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့်စက်တင်ဘာမှာ လုပ်မယ့် အာဆီယံထိပ်သီးညီလာခံမတိုင်ခင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ညီညွတ်တဲ့ သဘောတူညီချက် တစ်စုံတစ်ရာရဖို့ ပိုပြီးကြိုးစားနေကြရပေမယ့် လက်ရှိအချိန်မှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံအချို့က ကွဲပြားတဲ့အမြင်တွေ ရှိနေတဲ့အတွက် မျှော်မှန်းထားသလို ညီညွတ်တဲ့သဘောတူညီချက် ရမယ်လို့ မထင်တဲ့အကြောင်း အဲဒီသံတမန်ကပဲ ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟာ ၂၀၂၁ ခုနှစ်ကတည်းက အာဆီယံခေါင်းဆောင်တွေနဲ့ ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် အာဆီယံထိပ်သီးညီလာခံတွေကို တက်ရောက်ခွင့် ပိတ်ပင်ခံထားရတာပါ။

asean4.jpg
၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် ၅၆ ကြိမ်မြောက် အာဆီယံအစည်းအဝေး မြင်ကွင်းတစ်ခု။ (Photo: Reuters)

ဒီလိုအခြေအနေမှာ ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံဟာ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ လုပ်လိုက်ပါတယ်။ ဒီအစည်းအဝေးကို အရေးပါတဲ့အာဆီယံနိုင်ငံတွေက မတက်ရောက်ကြဘဲ ထိုင်း၊ လာအိုနဲ့ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးတွေပဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အခုလို ထိုင်းနိုင်ငံရဲ့လုပ်ရပ်ကြောင့် အာဆီယံအဖွဲ့ဝင်တွေ ကြားမှာ သဘောမတူညီမှုတွေ ပိုပြီး နက်ရှိုင်းလာတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ အလွတ်သဘောဆွေးနွေးပွဲသာဖြစ်ပြီး၊ အာဆီယံရဲ့တရားဝင်အစည်းအဝေး မဟုတ်တဲ့အကြောင်း၊ အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည် ဖော်နိုင်ရေး မူကိုပဲ ဆက်ပြီးဆွဲကိုင်သွားမှာ ဖြစ်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မတိုင်ခင်မှာ ပြောထားပါတယ်။

asean8.jpg
၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် ၅၆ ကြိမ်မြောက် အာဆီယံအစည်းအဝေးတက်ရောက်လာသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ။ (Photo: Reuters)

အင်္ဂါနေ့က လုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗော့တို့ တက်ရောက်ဖို့ ရှိတဲ့ အရှေ့အာရှထိပ်သီးညီလာခံနဲ့ အာဆီယံဒေသတွင်းဖိုရမ်တွေ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကတော့ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်နိုင်မှာ မဟုတ်ဘဲ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးကော်မရှင် အကြီးအကဲ ဝမ်ယိက တက်ရောက်မယ်လို့ အတည်ပြုခဲ့တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။