မြန်မာ့အရေး အာဆီယံ ထိရောက်စွာမဖြေရှင်းနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေပြော

RFA Burmese
2023.05.17
မြန်မာ့အရေး အာဆီယံ ထိရောက်စွာမဖြေရှင်းနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေပြော အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မြို့တွင် ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့က ပြုလုပ်သည့် ၄၂ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံထိပ်သီးညီလာခံကို တက်ရောက်လာသည့် အာဆီယံခေါင်းဆောင်များအား တွေ့ရစဉ်။
BAY ISMOYO / POOL / AFP

အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မြို့မှာ မေ ၉ ရက်ကနေ ၁၁ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့တဲ့ (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ရလဒ် တစ်ခုမှထွက်မလာတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နိုင်ငံရေးလေ့လာသူတွေအကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ အာဆီယံရဲ့အဓိက ရည်ညွှန်းချက်အဖြစ် ဆက်လက်တည်ရှိနေတယ်လို့ အာဆီယံက အစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရေရှည်တည်တံ့တဲ့အဖြေရဖို့ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက် ထိတွေ့ဆက်ဆံမှုကို ထောက်ခံပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကို ဦးဆောင်သွားမယ် ဆိုတာကလွဲလို့ ထူးခြားတဲ့ရလဒ်တစ်ခုမှ ထွက်မလာခဲ့တာပါ။

၂၀၂၂ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေး မှာတော့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တိကျတဲ့အချိန် သတ်မှတ်ထားဖို့ နဲ့ အချိန်မီမဆောင်ရွက်နိုင်ရင် အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ဖို့ စတဲ့အချက်တွေ အပါအဝင် ဆုံးဖြတ်ချက် ၁၅ ချက်အထိ ချမှတ်ခဲ့ပါတယ်။

ဒီနှစ်အစည်းအဝေးပွဲမှာ မနှစ်ကဆုံးဖြတ်ချက်တွေကို အကောင်အထည်မဖော်နိုင်တာ အားမရဖြစ်မိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။

"ဒီထိပ်သီးအစည်းအဝေးပွဲမှာ ကြေညာချက်ထုတ်တာကတော့ ကျွန်တော်တို့အနေနဲ့ တိတိကျကျလုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေ အကောင်အထည်ဖော်ရေး အစီအစဉ်ပေါ့နော်၊ အရေးယူဆောင်ရွက်မယ့်အစီအစဉ်။ သူတို့ ၄၀-၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး နိုဝင်ဘာလ ၂၀၂၂ ခုနှစ်ကလုပ်တဲ့ ထိပ်သီး အစည်းအဝေးပွဲမှာ ပြောကြားခဲ့တဲ့ ခိုင်မာတဲ့လက်တွေ့တိုင်းတာမှုရော၊ အချိန် သတ်မှတ်ချက်ရှိတဲ့ အရေးယူဆောင်ရွက်မှုအစီအစဉ်ကိုရော ဖော်ဆောင်နိုင်တာ မတွေ့ရပါဘူး။ အဲဒီအတွက်လည်း အားမရဘူးပေါ့နော်"

ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ချက်ဟာ မြန်မာ့အရေး အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်ကြောင်းဖော်ပြရုံသာဖြစ်လို့ စိတ်ပျက်မိကြောင်း NUG ကလည်း မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

"နိုဝင်ဘာလ ၂၀၂၂ ခုနှစ်ကလုပ်တဲ့ ထိပ်သီး အစည်းအဝေးပွဲမှာ ပြောကြားခဲ့တဲ့ ခိုင်မာတဲ့လက်တွေ့တိုင်းတာမှုရော၊ အချိန် သတ်မှတ်ချက်ရှိတဲ့ အရေးယူဆောင်ရွက်မှုအစီအစဉ်ကိုရော ဖော်ဆောင်နိုင်တာ မတွေ့ရပါဘူး"

NUG ရဲ့ထုတ်ပြန်ချက်ထဲမှာ ကုလရဲ့ဆုံးဖြတ်ချက်နဲ့ ပဋိညာဉ်ပါ အပိုဒ် ၇ အရ စစ်ကောင်စီရဲ့ ပျက်ကွက်မှုတွေကို အရေးပေါ်ဖော်ထုတ်ပေးဖို့၊ နိုင်ငံတကာတရားရုံးအနေနဲ့ ရောမ ကြေညာချက် ပုဒ်မ - ၁၂ (၃) အရ စုံစမ်းစစ်ဆေးမှု လုပ်ပေးဖို့၊ အားလုံးပါဝင်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဖိုရမ်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌက အရေးပေါ်ကျင်းပပေးဖို့ စတဲ့အချက်တွေပါဝင်တယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်မှာ အချိန်သတ်မှတ်ချက်မရှိတာက ပြသာနာတစ်ခုဖြစ်တယ်လို့ RFA ကပြောပါတယ်။

"ဘုံသဘောတူညီချက် ငါးချက်မှာရှိနေတဲ့ပြဿနာက အချိန် အတိုင်းအတာ ကန့်သတ်မှုမရှိဘူး။ ပြီးတော့ အဲဒီ ဘုံသဘောတူညီချက် ငါးချက်က ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိပြီလဲ။ ဘယ်လောက်အထိ ရလဒ်ရှိပြီလဲ အဲဒီရလဒ်တွေကို တိုင်းထွာနိုင်တဲ့ ညွှန်းကိန်းမရှိဘူး။ အဲတော့ သူတို့က အခုချိန်မှာ တွေ့ဆုံဆွေးနွေးရေး အတွက် အကြိမ် (၆၀) မကတွေ့ထားပြီးပါပြီတို့ (၇၀) မကတွေ့ထားပြီးပါပြီတို့ အဲဒီ (၆၀)၊ (၇၀) တွေ့ရှိမှုတွေက ဘယ်လောက်အောင်မြင်မှုရှိတယ်။ ပြီးသွားရင် အဲဒီအကြိမ်ရေက ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ အစုအဖွဲ့ ဘယ်လောက်ကို ကိုယ်စားပြုမှုရနေပြီလဲ ဆိုတဲ့ဟာတွေက ကျွန်တော်တို့က အတိအကျသိမနေဘူး။ သိမနေတဲ့အတွက်ကြောင့် ဒါဟာခရီးရောက်တယ်၊ မရောက်ဘူးဆိုတာ အင်မတန်မှ အငြင်းပွားစရာဖြစ်တဲ့ကိစ္စပေါ့"

အာဆီယံနိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေ ရပ်တန့်ဖို့နဲ့ စေ့စပ် ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့အတွက် နည်းလမ်းရှာကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ မြန်မာစစ်တပ်ဟာ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိဘူးလို့ အစည်းအဝေးမှာထည့်ပြောခဲ့သလို သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သည်းခံလို့မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

(၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်တော့ တစ်စုံတစ်ရာတုံ့ပြန်တာ မတွေ့ရသေးပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးကို ထူးထူးခြားခြား မြင်ပုံမရဘူးလို့ RFA ကို ပြောပါတယ်။

"အာဆီယံကတော့ ဘုံသဘောတူညီချက်အတိုင်း သွားမယ်ဆိုတာကတော့ သူ့သဘောထား ဒါနဲ့ပတ်သက်တဲ့ သူ့ရဲ့လုပ်ဆောင်ချက်က ဒီအတိုင်းသွားမယ်ဆိုတဲ့ သဘောပါပဲ။ အဲတော့ အသေးစိတ်အရဆိုရင်တော့ သိပ် ထူးထူးခြားခြား သူတို့ဘာမှမျှော်လင့်ထားပုံမရဘူး။ ဆိုလိုတာက ချမှတ်ပြီးသားလမ်းကြောင်းပေါ်မှာပဲ ဆက်လျှောက်မယ် ဆိုတဲ့သဘောပါပဲ။ အဲဒါကတော့ ရိုးရိးရှင်းရှင်းပါပဲ။ သိပ်တော့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ သိပ်ထူးထူးခြားခြား မြင်ပုံမရဘူးလို့ပဲ ဒီလိုပဲသုံးသပ်ရပါလိမ့်မယ်"

အာဆီယံလွှတ်တော်အမတ်များအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာဥက္ကဋ္ဌ Charles Sentiago ကတော့ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ငါးချက်ပဲ ဆက်လက်ကိုင်စွဲနေရင် စစ်ကောင်စီကို ကိုယ့်ပြည်သူကိုယ်ပြန်သတ်ပြီး အာဏာ ဆက်လက်ဆုပ်ကိုင်ထားဖို့ ခွင့်ပြုရာကျတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Burma Campaign UK ရဲ့ အမှုဆောင်ဒါရိုက်တာ Mark Farmaner ကလည်း ဒီဘုံသဘောတူညီချက်တွေကိုပဲ ဆက်ဆွဲကိုင်ထားရင် မြန်မာ့အရေးအတွက် အာဆီယံဆီက ဘာမှအဖြေထွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အလားတူ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ရဲ့ အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson ကလည်း အာဆီယံရဲ့ ဒီကြေညာချက်ဟာ မြန်မာ့အရေးကို သူတို့ဘာမှမတတ်နိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အာဆီယံအနေနဲ့ စစ်ကောင်စီကို အပြစ်ပုံချတာကလွဲပြီး လုပ်စရာ မရှိတော့ဘူးလို့ RFA ကိုပြောပါတယ်။

"အဓိကအားဖြင့်တော့ သူတို့က နစကဘက်ကို အပြစ်ပုံချတာပေါ့။ ဆိုတော့ ကျန်တဲ့ လုပ်လို့ရတဲ့ဟာတွေကို ဆက်လုပ်သွားမယ်ဆိုတဲ့သဘောပေါ့။ အဲတော့ ဒီနစက နောက်ဆုံးတက်တဲ့ အစည်းအဝေးမှာ အားလုံး ဘုံသဘောတူချထားတဲ့ ဆုံးဖြတ်ချက် ဖြစ်တော့ အခုက နစကထိပ်သီးခေါင်းဆောင်ကိုလည်း တက်ခွင့်မပြုတော့ဘူးဆိုတော့ အဲလိုမျိုး ဘုံသဘောတူညီချက်က နောက်ထပ်လည်း ချလို့မရတော့ဘူးလေ။ နောက်ထပ်လည်း ချလို့မရတော့ဘူးဆိုတော့ ဒါကိုပဲဖြစ်ဖြစ်မဖြစ်ဖြစ် ဒီအတိုင်းပဲ ဆက်လုပ်ဖို့ပဲ ပြောရတော့မှာပေါ့။ ဒီအတိုင်းမလုပ်ဘူးဆိုရင် လုပ်စရာမရှိတော့ဘူးလေ အာဆီယံအနေနဲ့က"

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘာရီအဗ္ဗဒူကဒီရာက အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံအကျပ်အတည်းကို အလေးအနက်ထားကြပေမယ့် အဖွဲ့တစ်ခုလုံးအနေနဲ့ ဘယ်လို တစုစည်းတည်း တုံ့ပြန်ဆောင်ရွက်ကြမလဲဆိုတာ သဘောတူညီမှုရဖို့ ခက်ခဲနေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ၊ Labuan Bajo မြို့တွင် ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့က ကျင်းပခဲ့စဉ်။ (Photo: ACHMAD IBRAHIM / POOL / AFP)
၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ၊ Labuan Bajo မြို့တွင် ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့က ကျင်းပခဲ့စဉ်။ (Photo: ACHMAD IBRAHIM / POOL / AFP)

အာဆီယံအထွေထွေအတွင်းရေးမှူး ကာအိုကင်မ်ဟောင်ကလည်း အာဆီယံနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ ပြင်းပြတဲ့ဆန္ဒရှိနေပေမယ့် အမှန်တကယ်လုပ်ဖို့ မလွယ်ကူဘဲဖြစ်နေကြောင်းနဲ့ အချိန်ယူဖို့ လိုတဲ့အကြောင်း ရိုက်တာသတင်းဌာနကို အစည်းအဝေးပြင်ပမှာ ပြောခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံကဆုံးဖြတ်ချက်တွေ ထွက်မလာတာဟာ အဖွဲ့ဝင်နိုင်ငံတွေကြား ညှိနှိုင်းမရတာကြောင့်လို့ RFA ကိုပြောပါတယ်။

"ဒီလောက်ပဲလုပ်နိုင်တာပေါ့ဗျာ။ ဒီထက်ပိုပြီးတော့ ညှိနှိုင်းလို့မရတဲ့သဘောပေါ့။ အာဆီယံဆိုတာကလည်း အားလုံးသဘောတူမှ ဆုံးဖြတ်ချက်ချလို့ရတဲ့အခါကျတော့ သဘောထားတွေမတူတဲ့ အခါကျတော့ ဆုံးဖြတ်ချက်က ထွက်မလာဘူးပေါ့ ဒီအဓိပ္ပာယ်ပါပဲဗျာ"

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အန်န်ရစ်မာနလိုကတော့ လက်ရှိ မြေပြင်ကအခြေအနေဟာ ခက်ခဲနေတဲ့အတွက် အာဆီယံအနေနဲ့ လုပ်လို့ရတာလုပ်နေပါတယ်လို့ ဆိုပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဆီယံရဲ့ဘုံသဘောတူညီချက်တွေ အကောင်ထည်ဖော်ဖို့ တိုးတက်မှု မရှိတာဟာ မြန်မာစစ်တပ်ကြောင့်ဖြစ်တယ်လို့ မေလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ စတဲ့ အရေးကြီး အချက်တွေ အပါအဝင် အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက ဆုံးဖြတ်ခဲ့ပေမယ့် နှစ်နှစ်ကျော်တဲ့ အထိ ထူးထူးခြားခြား တိုးတက်မလာပါဘူး။

မြန်မာ့အရေးတစိုက်မတ်မတ် ထောက်ခံအားပေးလာတဲ့ အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌ ဖြစ်ချိန်မှာလည်း ထူးထူးခြားခြား တိုးတက်မှုမရှိတာကြောင့် အာဆီယံအပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဝေဖန်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။