မြန်မာအရေး သမိုင်းတွင်ဖို့ အင်ဒိုနီးရှား ရပ်တည်မည်
2022.10.11
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ဖို့ ပြင်ဆင်နေတဲ့ အင်ဒိုနီးရှားအနေနဲ့ သမိုင်းဝင် လမ်းဆုံလမ်းခွမှာရောက်ရှိနေပြီး မြန်မာ့နိုင်ငံနဲ့ပတ်သက်လို့ မှန်ကန်တဲ့ဘက်ကရပ်တည်ဖို့ ဆုံးဖြတ်ထားကြောင်း Straits Times သတင်းစာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီဖြစ်ထွန်းလာရေး ကြိုးပမ်းနေ စဉ် အင်ဒိုနီးရှားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ ရွေးချယ်စရာ ရှိနေပါတယ်။
ပြည်သူတွေနဲ့ ပြည်သူ့ကိုယ်စားပြု ဥပဒေနည်းကျ ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်စားလှယ်တွေနဲ့အတူ ရပ်တည်ရေး၊ နိုင်ငံကိုစစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ပြန်လည်ထူထောင်ရေးမှာ ပါဝင်ပံ့ပိုးကူညီဖို့လိုအပ်နေပါတယ်။
စစ်တပ်ရဲ့တရားမဝင်အာဏာသိမ်းမှု၊ ရက်စက်ကြမ်းကြုတ်အကြမ်းဖက်မှုတွေကြောင့်၊ ထောင်နဲ့ချီတဲ့ ပြည်သူတွေ သတ်ဖြတ်ခံရ၊ အိုးအိမ်စွန့်ခွာရွှေ့ပြောင်းကြရတာတွေကို ဆန့်ကျင်ဖို့လည်း လိုအပ်ပါတယ်။
ဒီနှစ်အစပိုင်း ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ လေးဦးကို အာဏာသိမ်းစစ်ကောင်စီက သေဒဏ်စီရင်ခဲ့တာ၊ စစ်ကိုင်းတိုင်းအတွင်းက မူလတန်းကျောင်းတစ်ကျောင်းကို စစ်တပ်က လေကြောင်းကပါ ဝင်ရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာတွေဟာ နိုင်ငံတကာအထိ သတင်းပျံ့နှံ့သွားခဲ့တာပါ။
ဒါပေမဲ့ အဲဒီဖြစ်ရပ်တွေက ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းခဲ့တာရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ အနေနဲ့သာ အကျုံးဝင်သွားခဲ့ပါတယ်။
တစ်ခါတစ်ရံ တရားမဝင် အာဏာသိမ်းမှုတွေ အောင်မြင်သွားခဲ့ရင် ပုံမှန်အခြေအနေသစ်တစ်ရပ်ကို အမြန် ထူထောင်လိုက်တဲ့အခါ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက လက်ခံလိုက်ကြတာပါ။
ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ရာနဲ့ထောင်နဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေ ဆန္ဒပြကြတဲ့အခါ စစ်တပ်ရဲ့ ညွှန်ကြားချက်တွေကို ငြင်းပယ်ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေ လမ်းတွေပေါ်ထွက်လာခဲ့ကြတာပါ။
ပြည်သူကိုယ်စားပြု ကြားဖြတ်အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းတာဟာ ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်တာဖြစ်သလို နိုင်ငံကိုစစ်အာဏာသုံးပြီး ထင်သလို အုပ်ချုပ်ဖို့ဖြစ်ကြောင်း အခုအခါ ၂၀၀၈အခြေခံဥပေဒဟာ ဥပေဒအရရော၊ နိုင်ငံရေးအရပါ ပြီးဆုံးသွားခဲ့ပြီလို့ Straits Times သတင်းစာကဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ ထိထိရောက်ရောက် ထိန်းချုပ်မှုကိုတော့ မထူထောင်နိုင်သေးပါဘူး။

အင်ဒိုနီးရှားရှေ့နေနဲ့ နိုင်ငံရေးသမား Marzuki Darusman အပါအဝင် မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ ကတော့ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရဲ့ ၁၇ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ်နိုင်ပြီး ကျန်တဲ့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUGရဲ့ လွတ်မြောက်နယ်မြေတွေ ဖြစ်နေကြောင်း မကြာခင်ကပြောဆိုခဲ့ပါတယ်။
ဒီအတွင်း ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်တွေက တခြားနိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ NUG နဲ့ ကြားဖြတ်လွှတ်တော်အပါအဝင် ကြားဖြတ်အဖွဲ့အစည်းတွေထူထောင်ဖို့ စုစည်းခဲ့ကြပါတယ်။
NUG ဟာ ဝန်ကြီးအဆင့်မှာ အွန်လိုင်းကနေ အများဆုံး အလုပ်လုပ်လေ့ရှိပြီး နိုင်ငံတွင်းက လွတ်မြောက်နယ်မြေတချို့ကိုလည်း စီစဉ်ညွှန်ကြားရပါတယ်။
အလုပ်အကိုင်အမျိုးမျိုး နိုင်ငံရေးနောက်ခံအမျိုးမျိုးက လာတဲ့သူတွေအပြင် အရပ်သားတွေလည်းပါဝင်ပါတယ်။
NUG ရဲ့ အဓိကဦးတည်ချက်က စစ်တပ်ရဲ့ တရားဝင်လွှမ်းမိုးမှုကို လက်မခံငြင်းဆန်ဖို့ဖြစ်ပြီး၊ အခြေခံဝန်ဆောင်မှုတွေပေးဖို့၊ ပညာရေးမှာလည်း နိုင်ငံအနှံ့ကျယ်ပြန့်တဲ့ မြေအောက်ပညာရေး ဆန်ဆန်စနစ်မျိုးထူထောင်ဖို့၊ အခြေခံဥပဒေသစ်ရေးဆွဲနိုင်ဖို့ စတာတွေ ပါဝင်ပါတယ်။
စစ်တပ်ခေါင်းဆောင်တွေကတော့ ပြီးခဲ့တဲ့နှစ် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ အာဆီယံခေါင်းဆောင်များ ဆွေးနွေးပွဲမှာချမှတ်ခဲ့တဲ့ အချက်ငါးချက်ပါ အာဆယံ သဘောတူညီချက်နဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင် ဆုံးဖြတ်မှာ မဟုတ်ကြောင်း ပြောဆိုကြပါတယ်။