အာဆီယံ သဘောတူညီချက်တွေ လက်တွေ့မကျဟု ဝေဖန်သူတွေပြော

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.07.14
အာဆီယံ သဘောတူညီချက်တွေ လက်တွေ့မကျဟု ဝေဖန်သူတွေပြော (ဝဲမှ ယာ) ထိုင်း နိုင်ငံခြားရေးဝန်ကြီး၊ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတို့ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်က အမေရိကန်နှင့် အာဆီယံဝန်ကြီးများ ညီလာခံတွင် တွေ့ရစဉ်။
Reuters

မြန်မာနိုင်ငံအရေး ဖြေရှင်းဖို့အတွက် အရင်ချမှတ်ထားပြီးသား ဘုံသဘောတူညီချက် ငါးချက်ကို ဆက်လက်အခြေခံဖို့ ဇူလိုင်လ ၁၄ ရက်နေ့ ထုတ်ပြန်တဲ့ အာဆီယံ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာကို နိုင်ငံတချို့ တိုးတက်မှုအဖြစ် ရှုမြင်တယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံတာဟာ အာဆီယံရဲ့ အခန်းကဏ္ဍတွေကိုကျော်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ မှတ်ချက်ပြုပြောပါတယ်။

“အာဆီယံ အချက် ၅ ချက်ကို ကျော်တယ်၊ အာဆီယံအထူးကိုယ်စားလှယ် အခန်းကဏ္ဍတွေ အားလုံးကိုကျော် တရားမဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားတယ်၊ မိသားစုတောင်မှ တွေ့လို့မရဘူး၊ သူ့ရှေ့နေတွေတောင်မှ တွေ့လို့မရဘူး၊ ပြီးတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သော်လည်းကောင်း၊ အာဆီယံအထူးကိုယ်စားလှယ်သော်လည်းကောင်း တွေ့လို့မရဘူး ဆိုတဲ့ အနေအထားဟာ တရားမဝင်တွေ့တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အာဆီယံမှာ ပြောတယ်ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြောရေးဆိုခွင့်ရှိသူမဟုတ်ဘူး သူက မြန်မာပြည်သူလူထုကို လူမျိုးတုန်းသတ်ဖြတ်နေတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်တွေမှတစ်ဆင့် လုပ်ဆောင်သမျှ ကျိုးပမ်းအားထုတ်မှု ဟူသမျှသည် သွေးထွက်သံယိုကို ပိုများစေမယ် လူထုကို ပိုသေစေမယ် လူသတ်သမား ဆီက ထွက်လာတဲ့ ဇာတ်လမ်းအားလုံးသည် လူသတ်ခြင်းဘဲ ဖြစ်မယ်ဆိုတာကတော့ ဓမ္မတာ ဖြစ်တယ်။”

ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းမှုကြောင့် ဒေသအတွင်းလုံခြုံရေးကို ဆက်လက်ထိခိုက်နေကြောင်းနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီပြန်လည်ကျင့်သုံးရေးအတွက် စစ်ကောင်စီကို ဆက်လက်ဖိအားပေးဖို့ လိုကြောင်း အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့ မနေ့က တွေ့ဆုံရာမှာပြောကြားခဲ့ပါတယ်။ သူ့ပြောဆိုချက်ကို အာဆီယံခေါင်းဆောင်တွေက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့တယ်လို့လည်း ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

"အာဆီယံရဲ့ မူ ၅ ချက်ဆိုတာက နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားနိုင်မယ့်ကိစ္စတွေ မဟုတ်ဘူး"

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖက်ဒရယ်ရေးရာဝန်ကြီးလည်းဖြစ်၊ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကတော့ စစ်ကောင်စီဟာ အာဆီယံနဲ့ နိုင်ငံတကာက ပြောဆိုချက်တွေကို နာခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အကြမ်းဖက်မှု အားလုံးကို ရပ်တန်းက ရပ်တန့်ရမယ်ဆိုပြီးတော့ ပြောထားပါတယ်။ အကြမ်းဖက်မှုကို ကျွန်တော်တို့ တိုင်းပြည်မှာ ဘယ်သူကျူးလွန်သလဲ ဒီအကြမ်းဖက်မှု အားလုံးကို ကျူးလွန်နေတဲ့လူက မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အကြမ်းဖက် စစ်ကောင်စီပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူလူထုတွေကို ဖမ်းဆီးတယ်၊ ထောင်ချတယ်၊ ကြိုးမိန့်ပေးတယ်၊ ပစ်သတ်တယ်။ ပြီးတော့ CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးတယ်၊ ထောင်ချတယ်၊ ပစ်သတ်တယ်၊ ရွာတွေကို မီးရှို့တယ် ဖျက်ဆီးတယ်ဆိုတော့ ဒီအကြမ်းဖက်မှု အားလုံးကို ကျူးလွန်နေတာ ဘယ်သူလဲ ထန်တလန်မြို့ကို ဖျက်ဆီးပြီးတော့ မီးလောင် တိုက်သွင်းတာ ဘယ်သူလဲ မင်းအောင်လှိုင်နဲ့ သူ့ရဲ့စကစ အကြမ်းဖက်စစ်တပ်တွေပဲ ဖြစ်တယ်။ ထို့အတွက်ကြောင့် ဒီအကြမ်းဖက်မှုကို ရပ်တန်းက ရပ်ပါဆိုတဲ့ဟာ ဘယ်သူက နာခံသလဲ ဘယ်သူက မနာခံဘူးလဲ မနာခံတဲ့လူက မင်းအောင်လှိုင် ဖြစ်တယ်။ မင်းအောင်လှိုင်က ဒီအကြမ်းဖက်မှု အားလုံးကို ငါရပ်တန့်ပါ့မယ်ဆိုတဲ့ ကြေညာချက် ခိုင်မာတဲ့ ကြေညာချက် သူအရင်ထုတ်ဖို့လိုတယ်။ အဲဒါမှပဲ အာဆီယံဘုံသဘောတူညီချက် ၅ ချက်က ရှေ့သွားလို့ရမယ်။”

အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေနဲ့ တူညီမှု မရှိတာကြောင့် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြန်လည်စဉ်းစားဖို့လိုတယ်လို့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။

“အာဆီယံ မူ ၅ ချက်က တကယ်အနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင် ကျွန်မတို့ မြန်မာနိုင်ငံကိုပေါ့နော် စစ်ဖိနပ်အောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ပြန်ပြီးတော့ တွန်းပို့တဲ့ အချက်အလက်တွေ ချည်းပဲ ဖြစ်တယ်လို့ ကျွန်မက ပြောချင်ပါတယ်။ အဓိကက သူတို့တွန်းနေတဲ့ ကိစ္စကတော့ ဗိုလ်နေမြဲ ကျားနေမြဲ အခြေအနေမျိုးကို တမင်တွန်းပို့နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ ဒီနွေဦးတော်လှန်ရေးရဲ့ အဓိက တောင်းဆိုချက်တွေနဲ့တော့ တော်တော်ကို သွေဖယ်နေတယ်လို့ ပြောလို့ရမှာပါ။ အာဆီယံရဲ့ မူ ၅ ချက်ဆိုတာက နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားနိုင်မယ့် ကိစ္စတွေမဟုတ်ဘူး နိုင်ငံတကာအနေနဲ့ အာဆီယံအနေနဲ့က ကျွန်မတို့နိုင်ငံရဲ့ ဒေသတွင်းမှာပေါ့နော် တကယ်ကို တည်ငြိမ်အေးချမ်းမှု ရှိချင်တယ်ဆိုလို့ ရှိရင် အဲဒီစဉ်းစားချက်ရဲ့ အပြင်ကနေ စဉ်းစားဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်မကတော့ ယူဆပါတယ်။”

အာဆီယံအဖွဲ့အစည်းဟာ ပြည်သူလူထုအပေါ် အခြေခံပြီး ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် ပြည်သူလူထုနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားမှု နည်းတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“အာဆီယံလို့ ပြောလိုက်ရင် အာဆီယံရယ်လို့ စုဖွဲ့ထားတဲ့ အစုအဖွဲ့ကြီး ရှိတယ်။ အဲဒီအစုအဖွဲ့ဟာ အမှန်အတိုင်း ပြောရင်တော့ အလုပ်သိပ်မဖြစ်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်တွေမှာ ရှိနေတဲ့ ပြည်သူလူထုအတွက် အလုပ်ဖြစ်တဲ့ အစုအဖွဲ့တော့ မဟုတ်ဘူး။ အစိုးရတွေ စုပေါင်းပြီးတော့ အချင်းချင်း သူတို့ အကာအကွယ်ပေးလို့ရအောင် မဟာမိတ်ဖွဲ့လို့ရအောင် အထူးသဖြင့် အနောက်နိုင်ငံ ဒီမိုကရေစီနဲ့ In line ဖြစ်မယ့် သဘောမျိုး အာဆီယံ ဒေသတွင်းမှာ ကွန်မြူနစ်အယူဝါဒနဲ့ ကွန်မြူနစ်နိုင်ငံတွေ အင်အားကြီးလာမှာကို စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ စုဖွဲ့ထားတဲ့ စုဖွဲ့မှု ဖြစ်တယ်။”

အာဆီယံရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။