မြန်မာ့အရေး အာဆီယံရဲ့ ကိုင်တွယ်ဖြေရှင်းမှု စိတ်ဝင်စားမှု မြင့်တက်နေ

2022.08.09
မြန်မာ့အရေး အာဆီယံရဲ့ ကိုင်တွယ်ဖြေရှင်းမှု စိတ်ဝင်စားမှု မြင့်တက်နေ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ၂၀၂၂ ခုနှစ် သြဂုတ် ၃ ရက်နေ့ကကျင်းပသည့် အာဆီယံအစည်းအဝေးကို တွေ့ရစဥ်
AFP Photo

၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်း အဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ဇူလိုင် ၃၁ ရက်ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ “စိန်ခေါ်မှုတွေကို အတူရင်ဆိုင်ဖြေရှင်းမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပြီး မြန်မာ့အရေးဟာ ထိပ်တန်းအကြောင်းအရာ တစ်ခုအဖြစ် လွှမ်းမိုးနေခဲ့ပါတယ်။

တက်ရောက်လာတဲ့ ခေါင်းဆောင်အများစုက ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကွပ်မျက်ခဲ့တဲ့ ကိစ္စအပါအဝင် အာဆီယံဘုံသဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည်မဖော် တဲ့အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမဲ့ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာသံအမတ်တစ်ဦးရဲ့ ကန့်ကွက်မှုကြောင့် စကားလုံးအသုံးအနှုန်းကအစ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတာ မျိုး မလုပ်ဘဲ အာဆီယံဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက ဘယ်လောက်အထိ အကောင်အထည်ဖော်မလဲဆိုတာကို လေ့လာအကဲဖြတ်ပြီးတဲ့နောက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို လာမယ့် နိုဝင်ဘာလ အာဆီယံထိပ်သီးညီလာခံကျမှ ဆုံးဖြတ်မယ့်အကြောင်း ဖော်ပြထားပါတယ်။

အာဏာသိမ်းထားတာ အချိန် တစ်နှစ်ခွဲရှိလာပြီမို့ အာဆီယံအနေနဲ့ ပြစ်တင်ဝေဖန်ရုံနဲ့ မလုံလောက်တော့ဘဲ လက်တွေ့အရေးယူမှုတွေ စလုပ်သင့်ပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော် က ပြောပါတယ်။

“အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အလေးမထားဘဲနဲ့ ဆက်လက်ပြီး လျစ် လျူရှုနေတယ်။ တစ်နှစ်ကျော်၊ တစ်နှစ်ခွဲနီးပါးရှိလာပြီ။ ကျနော်တို့ မြန်မာနိုင်ငံအရေး ကို ရှုတ်ချတာ၊ စိုးရိမ်တာတွေပြောတာဟာ ကျေးဇူးတင်ဖို့ကောင်းပေမယ့်လည်း အခုချိန်မှာ အဲ့ဒါတွေပြောတာ နည်းနည်းလျှော့ပြီး အရေးယူဖို့ အချိန်ရောက်ပြီဆိုတာ ထပ်ပြောချင်တယ်”

ရှေ့ဆက်လုပ်မယ့် အာဆီယံရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ အဆင့်မြင့်ကိုယ်စားလှယ် တွေကို တက်ရောက်ခွင့်မပြုဖို့ ၊ အာဆီယံဘုံသဘော တူညီချက်တွေ အကောင်အထည်ဖော်မှုကို အချိန်တိတိကျကျ သတ်မှတ်ဖို့ ၊ NUG နဲ့ တရားဝင် တွေ့ဆုံဆွေးနွေးဖို့ စတဲ့ အချက်တွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အကြား ဆွေးနွေးပြောဆိုခဲ့တဲ့အတွက်တော့ ကြိုဆိုတယ်လို့ ဦးကျော်ဇော် က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း စစ်ကောင်စီဘက်က အာဆီယံဘုံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဆက်ပြီးငြင်းဆန်နေ ဦးမယ်ဆိုရင် မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းတာအပါအဝင် တခြား နည်းလမ်းတွေနဲ့ အရေးယူသင့်တယ်လို့ သြဂုတ်လ ၅ ရက် VOA Khmer သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

အာဆီယံရဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်လို့ အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆို ခြင်း မရှိပါဘူး။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို အဆင့်နှိမ့်ပြီး ဖိတ်ကြားတာဟာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် ၅ ကို ချိုးဖောက်တာ ဖြစ်တယ်၊ အာဆီယံဘုံသဘောတူ ညီချက်တွေကို အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ တိုးတက်မှု မရှိဘူးဆိုပြီး အာဆီယံ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကို ကန့်ကွက်ကြောင်း သြဂုတ်လ ၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်ထားပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ မြန်မာဟာ အာဆီယံအဖွဲ့ဝင် အဖြစ်ကနေ ရပ်ဆိုင်းခံရရင်တောင် ထိခိုက်စရာ ဘာမှမရှိဘဲ အာဆီယံအဖွဲ့သာ ပိုအားပျော့သွားလိမ့်မယ်လို့ တုံ့ပြန်ပါတယ်။

“အခုလောလောဆယ်မှာတော့ မြန်မာကို ချက်ချင်းထုတ်ပယ်ပစ်တဲ့ဟာမျိုး လုပ်ဖို့ မလွယ်သေးဘူး။ ဒါပေမဲ့ အဲ့ဒီလို ထုတ်ပယ်ပစ်ခဲ့ပြီဆိုရင်တောင်မှ မြန်မာအနေနဲ့ ထူးပြီး အကျိုးစီးပွား ယုတ်လျော့သွားစရာ အကြောင်းမရှိဘူး။ ထုတ်ပယ်လိုက်တဲ့အတွက် အာဆီယံ ပိုအားပျော့သွားပြီး ပြိုကွဲသွားတဲ့ပုံစံ ရောက်သွားနိုင်တယ်လို့ သုံးသပ်ပါ တယ်”

သြဂုတ်လ ၁ ရက် အာဏာသိမ်း ၁၈ လပြည့် စစ်ကောင်စီဥက္ကဋ္ဌရဲ့ မိန့်ခွန်းမှာတော့ ပြီးခဲ့တဲ့ နှစ်အတွင်း အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည်မဖော်နိုင် ခဲ့တဲ့အပေါ် ဝန်ခံထားပြီး၊ အခုချိန်မှာ ပြည်တွင်းအခြေအနေတွေ တိုးတက်လာတဲ့အတွက် သဘောတူညီချက်တွေထဲက လုပ်နိုင်တဲ့အချက်ကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပြောသွားပါတယ်။

“အာဆီယံအနေနဲ့ အခုချိန်မှာ လုပ်စရာအများကြီး ရှိမနေဘူး"

စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ပြည်သူ့ရေးရာ မဟာတန်းတက်နေတဲ့ ကိုကြည်စင် ကတော့ စစ်ကောင်စီအနေနဲ့ ဒီကာလအတွင်း အာဆီယံဘုံသဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည်မဖော်ဘူးဆိုရင် အာဆီယံရဲ့ မြန်မာ့အရေးပေါ် ချဉ်းကပ်မှုပုံစံ လုံးဝပြောင်းလဲသွားတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“မြန်မာပြည်နဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ချဉ်းကပ်ပုံပေါ့၊ အဓိက မူဘောင်ဖြစ်တဲ့ ဘုံသဘောတူညီချက် ငါးခုကို ပြန်ပြီး စဉ်းစားသုံးသပ်ဖို့ ပြောရရင် သဘောတူညီချက် ငါးခုကို ပြန်ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အစအဆုံးပြန်ပြီး တစ်ခုခုနဲ့ အစားထိုးတာလည်း ဖြစ်နိုင်တယ်။ အဲ့ဒါမျိုး လုပ်ဖို့အတွက် အာဆီယံခေါင်းဆောင် တွေရဲ့ ထိပ်သီးညီလာခံမှာ ဆွေးနွေးဖို့ အကြံပြုထားတာ ရှိတယ်။ ဒါက မြန်မာပြည် ဆိုင်ရာ အာဆီယံရဲ့စဉ်းစားတဲ့ မူဝါဒက အစအဆုံး တစ်ခုလုံး ပြောင်းသွားတာလည်း ဖြစ်နိုင်တယ်”

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ၂၀၂၂ ခုနှစ် သြဂုတ် ၃ ရက်နေ့ကကျင်းပသည့် အာဆီယံအစည်းအဝေးကို တွေ့ရစဥ် (AFP Photo)
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ၂၀၂၂ ခုနှစ် သြဂုတ် ၃ ရက်နေ့ကကျင်းပသည့် အာဆီယံအစည်းအဝေးကို တွေ့ရစဥ် (AFP Photo)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ မြန်မာကို အာဆီယံအဖွဲ့ ကနေ ထုတ်လိုက်ရင် စစ်ကောင်စီကို တိုက်တွန်းဆွေးနွေးဖို့ အခွင့်အရေး ပိုနည်းသွားနိုင် တာကြောင့် ဒီလိုလုပ်ဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ မှတ်ချက်ပေးပါတယ်။

“အာဆီယံအနေနဲ့ အခုချိန်မှာ လုပ်စရာအများကြီး ရှိမနေဘူး။ နောက်အဖွဲ့ဝင်အဖြစ် ကနေ ရပ်ဆိုင်းမယ်၊ ထုတ်လိုက်တယ်ဆိုတာက အဆိုးဆုံးဖြစ်မှာပေါ့။ အဲ့ဒီလိုမျိုးဟာ သူတို့လုပ်လို့ရတဲ့ ဘောင်အတွင်းမှာ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီလောက်အထိ ဖြစ်မယ်လို့ ကျနော်မထင်ဘူး။ သူတို့အနေနဲ့ အခုလို ဖယ်ကြဉ်လိုက်ရင် ပိုပြီးတော့ စေ့စပ်ရခက် သွားပြီး၊ ပိုပြီးတော့ ဆွေးနွေးစရာလမ်းကြောင်းတွေ ရပ်သွားမယ်၊ ပြတ်သွားမယ်လို့ သူတို့ ယူဆစရာ အကြောင်းရှိတယ်။ ဆိုတော့ အဲ့ဒီလောက်အထိဖြစ်မှာမဟုတ်ဘူး”

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကြီးအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်နေတာကြောင့် မြန်မာ့အရေးမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ လိုလားတဲ့ ဆုံးဖြတ်ချက်မျိုး အာဆီယံ ဘက်က ထွက်မလာအောင် တရုတ်နိုင်ငံက သူ့ ဩဇာလွှမ်းမိုးတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေကတစ်ဆင့် ကြိုးပမ်းလိမ့်မယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း အာဆီယံဖိအားတွေကို လျှော့ချနိုင်ဖို့အတွက် အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ဖို့ စီစဉ်ပေးတာမျိုးတွေ မကြာခင် လုပ်ကောင်းလုပ်လာနိုင်တယ်လို့ လည်း ဒေါက်တာစိုင်းကြည်ဇင်စိုးက ခန့်မှန်းပါတယ်။

အာဆီယံအထူး ကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ တတိယအကြိမ် ခရီးစဉ်အဖြစ် လာမယ့် စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားပါတယ်။

အာဆီယံခေါင်းဆောင်တွေကတော့ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို ဒီကာလအတွင်းမှာ စစ်ကောင်စီဘက်က ဘယ်လောက်အထိ အကောင်အထည်ဖော်မလဲဆိုတာကို စောင့်ကြည့်မှာဖြစ်ပါတယ်။

အဲဒီနောက် အခြေအနေ တိုးတက်မှုရှိ၊ မရှိ ဆိုတာကို လာမယ့် နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံမှာ သုံးသပ်ဆွေးနွေးပြီး မြန်မာနိုင်ငံ အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ ရှိနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။