မြန်မာကြောင့် အခက်ကြုံနေတဲ့ အာဆီယံ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.02.15
မြန်မာကြောင့် အခက်ကြုံနေတဲ့ အာဆီယံ ၂ဝ၁၂ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပမည့် အာဆီယံအစည်းအဝေးအတွက် အဖွဲ့ဝင်နိုင်ငံအလံများကို ပြင်ဆင်စိုက်ထူထားစဉ်။
Photo: AFP

အရှေ့တောင်အာရှ ဒေသရဲ့ လတ်တလောသမိုင်းမှာ အဆိုးရွားဆုံး ပြဿနာ အကျပ်အတည်းတွေထဲက တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းမှုပဲ ဖြစ်ပါတယ် လို့ ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြီးခဲ့တဲ့ တစ်နှစ်ကြာအုပ်ချုပ်မှုအတွင်း နိုင်ငံနဲ့ ပြည်သူတစ်ရပ်လုံးအပေါ် အလွန်အကျွံ  အကြမ်းဖက်တာတွေ၊ အကြောက်တရားနဲ့ ခြိမ်းခြောက်တာတွေကို လက်နက်သဖွယ် အသုံးပြုခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

အာဆီယံအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကလည်း အကန့်အသတ်နဲ့သာ ရှိနေကြောင်း ပြီးခဲ့တဲ့နှစ် ဖြစ်ရပ်တွေက ပြသနေတာပါ။ အာဆီယံ ကိုယ်တိုင်ရဲ့ အတွင်းကြိတ် အကွဲအပြဲတွေနဲ့အတူ မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေအပေါ် တုံ့ပြန်ဖို့လည်း အဖွဲ့အနေနဲ့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

အခုတော့ အာဆီယံဟာ မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းရေး အားထုတ်မှုတွေအတွင်း တကယ့် မုန်တိုင်းနဲ့ ရင်ဆိုင်နေရပြီလို့လည်း ဘန်ကောက်ပို့စ်က ဆိုပါတယ်။

လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို မတိုင်ပင်ဘဲ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် သံရေး တမန်ရေး လေ့ကျင့်ခန်းသဖွယ် အခွင့်ကောင်း တစ်ရပ် ဖြစ်သွားခဲ့ပါတယ်။

တချိန်တည်းမှာ မြန်မာစစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ ဩစတေးလျစီးပွားရေး အကြံပေးပညာရှင် ရှောင်တားနဲလ်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဟွန်ဆန်က မှားယွင်းကြေညာခဲ့တဲ့အတွက်လည်း တောင်းပန်ခဲ့ရပါတယ်။

ဒီအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က လတ်တလော ခန့်အပ်လိုက်တဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာကလည်း မြန်မာ့အခြေအနေ ရှေ့ရောက်ဖို့ စစ်တပ်နဲ့ အာဏာခွဲဝေရေး အဆိုပြုခဲ့လို့ ပွဲဆူသွားခဲ့ရပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကိုယ်တိုင်က သူ့ကိုယ်သူ အမြင်မှားနေပြီး သူ့မှာ နိုင်ငံကို ထိန်းချုပ်နိုင်တဲ့ ဩဇာအာဏာ မရှိဘူးလို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွက် မျှော်လင့်စရာတစ်ခုကတော့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက် နဲ့ ၁၇ ရက် နေ့တွေမှာ ကျင်းပမဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲဖြစ်ပါတယ်။ အာဆီယံအနေနဲ့ အဲဒီအခိုက်အတန့်ကို အမိအရ အသုံးချပြီး နှစ်သစ်မတိုင်ခင် အခြေခံမူတွေကို ပိုမိုကျင့်သုံးတဲ့ လမ်းကြောင်းဆီ ရှေးရှုကြရမှာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကတော့ မျှော်လင့်မထားဘဲ အာဆီယံက မင်းအောင်လှိုင်ကို နှစ်ညီလာခံတက်ရောက်ခွင့် ပိတ်ပင်လိုက်ပြီး နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ အခုသီတင်းပတ် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေးပွဲကတော့ မူလလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။

အခုအခါ အာဆီယံအနေနဲ့ မြန်မာကို ကိုယ့်ကိုကိုယ် ပြန်လည်ထုဆစ်ပုံဖော်ဖို့ စစ်ရေးအကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကနေ လွတ်ကင်းဖို့ ကြိုးပမ်းရုန်းကန်နေတဲ့ နိုင်ငံအဖြစ် အသိအမှတ်ပြုရမှာပါ။ နိုင်ငံတစ်နိုင်ငံဟာ ဒီလမ်းကြောင်းပေါ် တက်ရောက်လိုက်တာနဲ့ ဘယ်သူကမှ၊ ဘာကမှ တားဆီးနိုင်မှာမဟုတ်ကြောင်း သမိုင်းက သက်သေပြနေတယ်လို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။

ဒါပေမဲ့ ရေတိုအတွက်တော့ မြန်မာပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီသာမက၊ နိုင်ငံတကာရဲ့ အထောက်အပံ့ကိုပါ လိုအပ်နေတာ ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ စုစည်းညီညွတ်တဲ့ လှုပ်ရှားမှုကို အမြန်ဆုံးဆောင်ရွက်ကြဖို့ လိုပါတယ်။

အာဆီယံနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာပြည်သူတွေကို စစ်စစ်မှန်မှန် ကိုယ်စားပြုတဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့အတူ အဓိပ္ပါယ် ပြည့်ပြည့်ဝဝ၊ လူသိရှင်ကြား ထိတွေ့ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-02-16 02:14

We accept the wrote by Bangkok post. Our desire is to restore freedom and democracy in Myanmar as soonest.
To extinguish military dictatorship in Myanmar in year 2022