အာဆီယံသဘောတူညီချက် စစ်ကောင်စီကြောင့် အကောင်အထည်မပေါ်တာလို့ NUG ပြော
2023.05.10

အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်မဖော်နိုင်တာ စစ်ကောင်စီက ပျက်ကွက်လို့ ဖြစ်ပြီး ရှမ်းပြည်နယ်မှာ အာဆီယံ ထောက်ပံရေးယာဉ် တိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ကောင်စီတပ်နဲ့ သူ့မဟာမိတ်လှုပ်ရှားတဲ့နေရာ ဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေး အစိုးရက ပြောခွင့်ရသူက ပြောလိုက်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဖို့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများ အသင်းက ဆောင်ရွက်နေတာကို NUG အမျိုးသားညီညွတ်ရေး အစိုးရက ကြိုဆိုလိုက်ပါတယ်။
ဒါပေမဲ့ ဒီဘုံသဘောတူညီချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုများလာတာလို့ NUG ပြောခွင့်ရ ဦးကျော်ဇော်က မေ ၁၀ ရက်က RFA ကို ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံထပ်သီးအစည်းအဝေးကျင်းပချိန်မှာ ပြောလိုက်တာဖြစ်ပြီး အာဆီယံနဲ့ NUG က ပူးတွဲဆောင်ရွက်ဖို့ အဆင်သင့်လည်းရှိ၊ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံနဲ့လည်း ဆွေးနွေးနေပါတယ်လို့ ဦးကျော်ဇော် ကပြောပါတယ်။
“ကျွန်တော်တို့က အာဆီယံ ဘုံသဘောတူညီချက်ကို ကြိုလည်း ကြိုဆိုတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လည်း အသင့်ရှိပါတယ်။ စစ်ကောင်စီက ဒါကို အကောင်အထည်မဖော်တဲ့အတွက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုဖြစ်ပွားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အာဆီယံ အဖွဲ့ကြီးရဲ့ စေ့စပ်ဆွေးနွေးမှုကို ကြိုဆိုပါတယ်။ အာဆီယံလက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံနဲ့လည်း ဆွေးနွေးနေပါတယ်။ အာဆီယံက မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ကူညီဆောင်ရွက်ဖို့ ကြိုးစားနေတာကိုလည်း ကျွန်တော်တို့ ကြိုဆိုလက်ခံပါတယ်။ ”
မြန်မာ့ပြဿနာဖြေရှင်းရေးမှာ နိုင်ငံတကာက ဒီဘုံသဘောတူညီချက် အကောင်အထည် ဖော်ဖို့တိုက်တွန်းနေတာပဲ ရှိပြီး လက်တွေ့မှာ မအောင်မြင်တာနဲ့ စပ်လျဉ်းလို့ မူဘောင်ကို ပြင်ဆင်မှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့လည်း ပြောပါတယ်။
“ အာဆီယံ ဘုံသဘောတူညီချက်က ကောင်းတဲ့ အခြေခံတစ်ခုပါပဲ။ ဒါပေမဲ့ ဒါ့ထက်ပိုကောင်းအောင် expand လုပ်ဖို့ မူဘောင်ပြင်ဖို့ လိုအပ်ပါတယ်။ လက်တွေ့ကျတဲ့၊ တိုင်းတာနိုင်တဲ့ action plan တစ်ခုလုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ အဲဒါကလည်း အချိန်ကာလ အပိုင်းအခြား ပါရပါလိမ့်မယ်။ အဲဒီလိုမျိုးမှသာ တကယ့်အောင်မြင်မှုရလာမယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ခုကတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေဟာ ဒေသတစ်ခုလုံးသာမက ဒီထက်မက ကြီးမားတဲ့ပြဿနာကို ဖန်တီးနေတာပါ။ ဒါကြောင့်လည်း အာဆီယံသာမက မိတ်ဆွေနိုင်ငံတွေပါတဲ့ အာဆီယံ Plus နည်းလမ်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ ”
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ထဲက အကောင်အထည်ဖော်နိုင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး ဆောင်ရွက်တဲ့အခါ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ အာဆီယံ သံတမန်တွေလိုက်ပါလာတဲ့ ထောက်ပံ့ရေးယာဉ်တန်း တိုက်ခိုက်ခံရပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ကောင်စီထိန်းချုပ်တဲ့နေရာ ဖြစ်တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။
“အာဆီယံ AHA Center ကနေပြီးတော့ ဦးဆောင်ပြီး စတိလောက်သာနည်းနည်းပါးပါး စတင်ပေးနိုင်တဲ့အနေအထားတွေရှိလာပေမယ့် စစ်တပ်ကနေပြီးတော့ အဲဒီလုပ်ငန်းတွေ မအောင်မြင်အောင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း အနှောင့်အယှက်တွေ ပေးနေတာရှိတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင်ကလေးတင် အာဆီယံ AHA Center (လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ) ကတာဝန်ရှိသူတွေပါတဲ့ ယာဉ်တန်းကို စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ နေရာမှာ ပစ်ခတ်ခံရတာပေါ့နော်။ အဲဒီနေရာက စစ်တပ်နဲ့ သူတို့ရဲ့ မဟာမိတ် PNO ပြည်သူ့စစ်ပဲ လှုပ်ရှားနေတဲ့နေရာ၊ တခြားဘယ်သူမှမရှိဘူး။ စဉ်းစားစရာပေါ့နော်။ အာဆီယံလက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားက လူသားချင်းစာနာမှုဆ်ုင်ရာ အကူအညီပေးဖို့ အခြေအနေတွေကောင်းနေတယ်လို့ သုံးသပ်မိတယ်လို့ ပြောပြီး ဘာမှမကြာခင် အကြမ်းဖက်တိုက်ခိုက်ခံရတယ်ဆိုတော့ စစ်ကောင်စီဟာ လူသားချင်းစာနာမှု အကူအညီပေးတဲ့နေရာမှာ အဟန့်အတားဖြစ်နေတယ်။ ဘယ်သူပဲလုပ်လုပ်ပေါ့နော်။ ဒါသူတို့ထိန်းချုပ်တဲ့နေရာ၊ သူတို့နေရာမှာ ဖြစ်တဲ့ကိစ္စဆိုတာတော့ ကွက်ကွက်ကွင်းကွင်းကြီး မြင်နေရပါတယ်။ ”
ယာဉ်တန်း တိုက်ခိုက်ခံရတဲ့နေရာမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ မရှိဘူးလို့လည်း ပြောပါတယ်။
စစ်ကောင်စီ မီဒီယာတွေကတော့ မေလ ၇ ရက်နေ့က လက်နက်ငယ်တွေ ကိုင်ဆောင်ထားတဲ့ “အကြမ်းဖက်သမားတွေ”ဟာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေပေးပို့နေတဲ့ ယာဉ်တန်းကို မေ ၇ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။