အာဆီယံအထူးသံခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရနိုင်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ အခု ဇွန်လဆန်း မှာပဲ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ရှိပါတယ်။ စစ်ကောင်စီကလည်း အထူး သံရဲ့ခရီးစဉ်ကို အတည်ပြုထားပေမယ့် ရက်အတိအကျကိုတော့ အခုချိန်ထိ ထုတ်မပြော သေးပါဘူး။
ပရက်ဆော့ခွန်းက သူ့ရဲ့ ဒီတစ်ကြိမ် မြန်မာနိုင်ငံခရီးစဉ်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဖို့၊ ကိုဗစ်ကာကွယ်ဆေးတွေ ပေးနိုင်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့နဲ့ အဲဒီကိစ္စတွေကနေ ရလဒ်ကောင်းတွေ ရရှိဖို့ စတဲ့အချက် ငါးချက်ကို ရည်မှန်းထားတယ်လို့ မေ ၂၇ ရက် ကုလ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ထုတ်ပြောထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ အထူးသံရဲ့ ဒီတစ်ကြိမ်ခရီးစဥ်မှာ လည်း အမှုရင်ဆိုင်နေရသူတွေ၊ အရေးယူခံထားရသူတွေနဲ့ ပေးမတွေ့နိုင်ဘူးလို့ မေလ ၃၁ ရက်နေ့က RFA ကို ပြောပါတယ်။
“ကျနော်တို့အနေနဲ့ပြောပြီးသားဖြစ်တယ်၊ အမှုရင်ဆိုင်နေရတဲ့သူတွေနဲ့ တွေ့ဆုံခွင့် မပေးနိုင်ဘူး။ ကျနော်တို့နိုင်ငံ တစ်နိုင်ငံတည်း တွေ့ဆုံခွင့်မပေးတာမဟုတ်ဘူး။ ကျန်တဲ့ နိုင်ငံတွေလည်း ဒီအတိုင်းပဲဖြစ်တယ်။ EAO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ နိုင်ရေး ဆောင်ရွက်ဖို့ရှိတယ်။ သူ့အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ဆုံနိုင်အောင် ကျနော်တို့ လမ်းဖွင့်ပေးထားပါတယ်”
ဇွန်လ ၁ ရက် မနေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာလည်း အရေးယူခံ ထားရသူတွေနဲ့ အာဆီယံအထူးသံကို ပေးမတွေ့နိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံအတည်ပြုသွားပါတယ်။
မကြာခင်လာရောက်မယ့် ပရက်ဆော့ခွန်းရဲ့ ခရီးစဥ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ်တုန်းက မတ်လ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံမှာ သုံးရက်ကြာ ခဲ့ပေမယ့် အဖမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် တို့နဲ့ တွေ့ခွင့်မရခဲ့ပါဘူး။
ယခု ဒုတိယအကြိမ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့ တွေ့ခွင့် ပေးဖို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ကိုယ်တိုင် စစ်ကောင်စီကို တောင်းဆိုထားပေမယ့် မပေးနိုင်ကြောင်း စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြောလာတာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ အဓိက အရေးပါသူတစ်ဦးဖြစ်တာမို့ အထူးသံရဲ့ခရီးစဥ်မှာ တွေ့ခွင့်ရဖို့ အကြိမ်ကြိမ် တောင်းဆိုနေပြီး ဒါကို ငြင်းပယ်နေတာဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ချိုးဖောက်နေတာလို့ လေ့လာသူတွေက ထောက်ပြဝေဖန်ပါတယ်။
အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မယ့် လုပ်ငန်းစဉ်အသေးစိတ်ကို တိုင်ပင်ဆွေးနွေးသင့်ပြီလို့ အာဆီယံအရေး ကျွမ်းကျင်သူ ဒေါ်မိုးသူဇာ က တိုက်တွန်းပါတယ်။
“လက်ရှိအနေအထားအတိုင်း သုံးသပ်ရမယ်ဆိုရင်တော့ ဒီအာဆီယံရဲ့ ဘုံသဘော တူညီချက်ကို ဒီ ၂၀၂၂ ခုနှစ်မှာ မည်သို့ မည်ပုံ ပိုပြီးတော့မှ ထိထိရောက်ရောက် အကျိုးရလဒ်တွေ ထွက်ပေါ်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ် ဆိုတဲ့ လုပ်ငန်းစဉ်အသေးစိတ်ကိုတော့ အာဆီယံအနေနဲ့ စဉ်းစားတိုင်ပင်ဆွေးနွေးဖို့ ပိုပြီး အရေးပါတယ်လို့ မြင်ပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကတော့ အာဆီယံအနေနဲ့ စစ်ကောင်စီကို ပိုဖိအားပေးပြီး NUG နဲ့ရော၊ တိုင်းရင်းသားခေါင်းဆောင် တွေနဲ့ပါ တရားဝင်ထိတွေ့ဆက်ဆံ အဖြေရှာသင့်တယ်လို့ ပြောပါတယ်။
“ဒီဘုံသဘောတူညီချက် ငါးရပ်ဆိုတာ တစ်နှစ်ကျော်ကျော်ရှိပြီ။ ဘာမှ မည်မည်ရရ မဖြစ်လာဘူး။ အာဆီယံအနေနဲ့က အခု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးပွဲတွေ ပေးမတက်ဘူး။ အဲ့ဒါထက်တိုးပြီး သူတို့ရဲ့ကိုယ်စားလှယ် တွေ၊ ဝန်ကြီးတွေပဲဖြစ်ဖြစ်၊ ဒုဝန်ကြီးတွေပဲဖြစ်ဖြစ် သူတို့ရဲ့ကိုယ်စားလှယ်တွေ တစ်ယောက်မှ အာဆီယံဆွေးနွေးပွဲတွေကို ဖိတ်မခေါ်သင့်ပါဘူး။ အဲ့လိုမျိုး သူတို့ကို ဖယ်ကြဉ်ထားသင့်တယ်။ တစ်ချိန်တည်းမှာပဲ Stakeholder အကုန်လုံးဖြစ်တဲ့ NUG တို့၊ EAO တွေနဲ့ တွေ့ဆုံပြီး တရားဝင်ဆွေးနွေးပွဲတွေလုပ်ပြီး အခုကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ နည်းလမ်းရှာဖွေသင့်ပါတယ်"
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးကလည်း စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ NUG က တိုက်တွန်းသွားပါတယ်။
"ဘုံသဘောတူညီချက် ငါးရပ်ဆိုတာ တစ်နှစ်ကျော်ကျော်ရှိပြီ။ ဘာမှ မည်မည်ရရ မဖြစ်လာဘူး"
ပြီးခဲ့တဲ့ မေ ၂၇ ရက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေး ကြပေမယ့် အဖြေထွက် မလာခဲ့ပါဘူး။ ဗြိတိန်နိုင်ငံကတင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းမှာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်၊ ပဋိပက္ခဖြေရှင်းရေးဟာ အကန့်အသတ်ရှိနေတယ်ဆိုတဲ့ ဖော်ပြချက်တွေကို တရုတ်နဲ့ ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာကြောင့် ဘာရလဒ်မှ ထွက်မလာဘဲ ပျက်ပြယ် သွားခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး ကတော့ ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ စုဖွဲ့မှုအားနည်းချက်တွေကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက သူရည်မှန်းထားတဲ့အတိုင်း ဆက်လုပ်နေတာလို့ ဝေဖန်ပါတယ်။
“UN တို့၊ အာဆီယံတို့ စုဖွဲ့မှုတွေကိုက သူ့ရဲ့ စုဖွဲ့မှုအားနည်းချက်တွေရှိနေတော့ အဲ့ဒီကနေ ပြောင်းလဲမှုဖော် ဆောင်နိုင်ဖို့ဆိုတဲ့ဟာက အင်မတန်ကို နည်းတယ်။ အဲ့ဒီလိုရှိနေချိန်မှာ တစ်ဖက်က စစ်ကောင်စီက သူ့ရဲ့ ပြတ်သားတဲ့ ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော်မယ့် ဦးတည်ချက်ကြီးက ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ပြောထားပြီးသား ရွေးကောက်ပွဲလုပ်မယ်၊ အဲ့ဒါကိုလုပ်ဖို့လည်း သူ သွားနေတယ်ဆိုတာ ကျနော်တို့ တွေ့ရလိမ့်မယ်”
ကုလသမဂ္ဂစင်မြင့်မှာ တရုတ်နဲ့ ရုရှားထံက အကာအကွယ်ရနေပြီး အိမ်နီးချင်း အာဆီယံ ဘက်ကလည်း ထိထိရောက်ရောက် ဖိအားပေးမှုတွေ မလုပ်နိုင်ဘူးဆိုရင် ပြည်တွင်း နိုင်ငံရေးအခြေအနေတွေဟာ ဘာမှ တိုးတက်လာမှာ မဟုတ်ဘူးလို့ နိုင်ငံရေး အကဲခတ် တွေက ထောက်ပြဝေဖန်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး ကလည်း လတ်တလောအခြေအနေအရတော့ စစ်ကောင်စီက သူအာဏာ ဆက်လက်တည်မြဲရေးအတွက် အင်အားသုံးဖြေရှင်းမှုတွေကိုသာ ဆက်လုပ် လိမ့်မယ်လို့ သုံးသပ်ပါတယ်။
“အခုလို အခြေအနေမျိုးမှာ နစက အနေနဲ့က နိုင်ငံတကာက ဖိအားကလည်း ကြီးကြီး မားမား ဖြစ်လာတာမျိုးမရှိဘဲနဲ့ အပေါ်ယံ လောက်ပဲရှိမယ်ဆိုရင် သူက လက်ရှိရှိတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို သူအင်အားသုံးပြီး ဖြေရှင်းသွားမယ့် အနေအထားမှာ ရှိတယ်”
အကြမ်းဖက်မှုရပ်တန့်ရေး အပါအဝင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာလည်း မြန်မာ့အရေးကို လက်တွေ့ကျကျ ဖြေရှင်းနိုင်လောက်တဲ့ အခြေအနေ မရှိဘူးလို့ ဒေါက်တာ မင်းဇော်ဦး က ပြောပါတယ်။
ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးကတော့ အာဆီယံကတစ်ဆင့် မြန်မာ့ အရေး ဖြေရှင်းမှုကို ဆက်လက်ထောက်ခံနေဆဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်ပဲ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ ဆွစ်ဇာလန်နိုင်ငံ Davos မြို့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မြန်မာ့ အရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သလို မကြာသေးခင်ကမှ နယူးယောက်မှာ ပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကာလမှာလည်း နိုလင်းဟေဇာနဲ့ အာဆီယံအထူးသံ ပရက်ဆော့ခွန်း တို့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒီလိုတွေ့ဆုံမှုတွေအပြီး မကြာခင်ရောက်လာတော့မယ့် အာဆီယံအထူးသံ ပရက်ဆော့ခွန်း ရဲ့ ဒီတစ်ကြိမ် ခရီးစဉ် ဘာထူးခြားလာမလဲဆိုတာကိုတော့ မြန်မာပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။