အာဆီယံအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေး တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်နေသေး
2022.02.17

၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင် အဆက်ဆက် လက်အောက်ရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေးကျဆင်းမှု၊ နက်ရှိုင်းလာနေတဲ့ ပြည်တွင်းပဋိပက္ခ၊ များပြားကြီးထွားလာနေတဲ့ ပြည်ပရောက် နိုင်ငံသားပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။ အခုနောက်ဆုံး စစ်တပ် အာဏာသိမ်းလိုက်တာကတော့ အရင်ကထက် ပိုဆိုးတဲ့ အနေအထားတစ်ရပ်ဆီ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုနဲ့အတူ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှု နိုင်ငံလုံးအနှံ့ ပေါ်ပေါက် ပျံ့နှံ့သွားပြီး၊ နိုင်ငံရဲ့ နေ့စဉ်ဘဝဆိုင်ရာ ယန္တရားအားလုံး ရပ်တန့်သွားခဲ့ပါတယ်။ နေ့စဉ် စစ်တပ်က အကြမ်းတမ်းဆုံး နှိမ်နင်းခဲ့ပေမဲ့ စစ်အုပ်ချုပ်ရေးကို ပြည်သူတွေက ဘယ်လိုမှ လက်မခံနိုင်ကြတော့ပါဘူး။
စစ်တပ်က အကြမ်းတမ်းဆုံး ဖိနှိပ်လေ ပြည်သူရဲ့ နောက်တကြိမ်မခံတော့ဘူးဆိုတဲ့ စိတ်ဓာတ်က အချိန်နဲ့အမျှ ကျယ်ပြန့်လာလေ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း ဒဲရစ် မစ်ချယ် က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်ဆဲ ဖြစ်ကြောင်း ဒီပလိုမက် သတင်းစာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်တပ်အာဏာသိမ်းခဲ့တာ တစ်နှစ်မြောက်တဲ့ အချိန် ဖြစ်သလို၊ ပြည်သူလူထုအပေါ် စစ်တပ်ရဲ့ အလွန်အကျွံ အကြမ်းဖက်တာတွေ၊ အကြောက်တရားနဲ့ ဖိနှိပ်နေတာတွေနဲ့ ရင်ဆိုင်နေရချိန်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အာဆီယံက ဒေသတွင်း ပြည်သူတွေကို တတ်စွမ်းသမျှ အကူအညီပေးခဲ့တာပါ။
ဒါပေမဲ့ အဖွဲ့တွင်း အကွဲအပြဲတွေ၊ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လို ပုဂ္ဂိုလ်တွေလည်း ရှိနေတာကြောင့် အာဆီယံအနေနဲ့ တကယ့်မုန်တိုင်းကို ကျော်ဖြတ်နိုင်ရေးဟာ စိန်ခေါ်ချက်တစ်ရပ်လို ဖြစ်ခဲ့ရပါတယ်။
လက်ရှိအလှည့်ကျ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ဇန်နဝါရီလကစလို့ အာဏာသမား အမှားတစ်ထောင် ဇာတ်ခင်းတော့တာပါပဲ။ အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ အဖွဲ့ဝင်တွေကို မတိုင်ပင်ဘဲ မြန်မာနိုင်ငံ နေပြည်တော်ကို သွားရောက်ပြီး မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရလဒ်အနေနဲ့တော့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အတွက် ဒေသတွင်းက ခေါင်းဆောင်တစ်ဦး နဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်တဲ့ လေ့ကျင့်ခန်းအဖြစ်သာ အရာထင်ကြောင်း ဒီပလိုမက် သတင်းဆောင်းပါးက ဖော်ပြပါတယ်။
ဒီအတွင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင် ကလည်း သူ့ရဲ့ခရီးစဉ်ကြောင့် မြန်မာနိုင်ငံမှာ အကျဉ်းချခံ ထားရတဲ့ ဩစတေးလျ စီးပွားရေးအကြံပေး ဒေါက်တာ ရှောင်တားနဲလ် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း မှားယွင်းပြောဆိုမိခဲ့လို့ ပြန်လည် တောင်းပန်ခဲ့ရပါတယ်။ အလားတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ်အဖြစ် မကြာခင်က ခန့်အပ်လိုက်တဲ့ နိုလင်းဟေဇာကလည်း မြန်မာ့အရေး ရှေ့ကိုရောက်ဖို့ စစ်တပ်နဲ့ အာဏာခွဲဝေကျင့်သုံးရေး အဆိုပြုခဲ့တာကြောင့် အဝေဖန်ခံခဲ့ရပါတယ်။
စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်လည်း နိုင်ငံနဲ့ ပြည်သူအပေါ် ဩဇာမသက်ရောက်ဘဲ အပျော့ဆွဲနဲ့ ပြောဆိုနေရတာပါလို့ ဆိုပါတယ်။ တပြည်လုံးက ဒေသအများစုမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသား အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဆန့်ကျင်ဆန္ဒပြအဖွဲ့တွေက ထိန်းချုပ်ထားကြောင်းလည်း ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။

ဒီအတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ အခုသီတင်းပတ်အတွင်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံကြမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကတော့ အာဆီယံက မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ညီလာခံတက်ရောက်ခွင့်မပြုဘဲ နိုင်ငံရေးနဲ့မပတ်သက်သူတစ်ဦးကိုသာ တက်ရောက်ခွင့်ပြုခဲ့တာပါ။
ဒါဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် အာဆီယံရဲ့ သူတပါးပြည်တွင်းရေး ဝင်မစွက်ရေးမူကို လျှော့ပေါ့လိုက်ရတာဖြစ်သလို အခုသီတင်းပတ်အတွင်း ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေး န်ကြီးများ စည်းဝေးပွဲဟာလည်း အဲဒီလမ်းကြောင်းပေါ်ကို ရောက်ရှိဖို့ အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။
အခုအခါ အာဆီယံအနေနဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ သြဇာကိသုံးပြီး မြန်မာ့ ဒီမိုကရေစီအရေး ထောက်ခံအားပေးခြင်းအားဖြင့် သမိုင်းမှန်ဘက်က ရပ်တည်နေကြောင်း ပြသရမယ့် အချိန် ဖြစ်ပါတယ်။