အာဆီယံအစည်းအဝေးကာလ စစ်ကောင်စီအကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေ
2023.07.12

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အင်ဒိုနီးရှားနိုင်ငံမှာ ခေါင်းချင်းဆိုင် မြန်မာ့အရေးဆွေးနွေးနေပေမဲ့ စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်မသွားဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ရွာတွေထဲဝင်ပြီးနေအိမ် မီးရှို့တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေနဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။
အာဆီယံအစည်းအဝေးစတဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာပဲ ထိုင်း-မြန်မာနယ်စပ် ကယားပြည်နယ် မယ်စဲ့မြို့က ဒေါနိုးကူး စစ်ဘေးဒုက္ခသည်စခန်းကို မနက်အစောကြီးမှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒုက္ခသည်လေးထောင်ကျော်နေတဲ့ အဲဒီစခန်းကို စစ်ကောင်စီက လေးကြိမ်တိုင်တိုင် ဗုံးကြဲခဲ့တာလို့ ကရင်နီတိုးတက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က RFA ကိုပြောပါတယ်။
"မနက်တစ်နာရီလောက်မှာ တိုက်လေယာဉ်နဲ့ လေးကြိမ်လောက်လာကြဲသွားတာ၊ စာသင်ကျောင်းတစ်ကျောင်း လုံးဝပျက်ဆီးသွားတယ်၊ လူနေအိမ်တချို့ထိသွားတယ်၊ ဆေးခန်း တစ်ခန်းထိသွားတယ်၊ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ယောက်သေသွားတယ်၊ နှစ်ဦးဒဏ်ရာရသွားတယ်"
အလားတူပဲ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရွာတွေထဲ ဇူလိုင်လ ၁၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး မလဲသာ၊ ညောင်ပင်နဲ့ ကန်ရင်းရွာတွေက နေအိမ် ၁ဝဝ နီးပါးကို မီးရှို့သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"စစ်ကြောင်းက ရွှေဘိုကလာတာ၊ ပျူတွေနဲ့ အင်အား တစ်ရာလောက်ပါတယ်။ မီးမရှို့ခင် အရင်ရက်က စစ်ကြောင်းရောက်နေပြီး နောက်နေ့မနက်စောစောမှာ ရှို့တာ၊ ဓားစာခံတွေလည်းဖမ်းသွားတယ်"
နေအိမ်တွေ မီးရှို့သွားရုံတင်မက လူသုံးယောက်လည်း သတ်ဖြတ်ခံရပြီး၊ ဓားစာခံလမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ရွာနားမှာပဲ စခန်းချနေတာကြောင့် ဒေသခံတွေ တောတောင်တွေထဲ ပုန်းရှောင်နေရပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့၊ မုံရွာ၊ ယင်းမာပင်မြို့နယ်တွေမှာလည်း စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတွေသေဆုံးတာ၊ လေကြောင်းကနေ တိုက်ခိုက်ခံရတာ၊ နေအိမ်မီးရှို့ခံရတာတွေ အာဆီယံအစည်းအဝေး ကျင်းပနေချိန်အတွင်း ဆက်ရှိနေပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံက ဘုံသဘောတူညီ ငါးချက် သတ်မှတ်ထားပါတယ်။ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေး၊ အကြမ်းဖက်မှုတွေရပ်တန့်ရေး စတဲ့အချက်တွေပါပါတယ်။ ဒီဘုံသဘောတူညီချက်တွေကို ချမှတ်ထားတာ ၂ နှစ်ကျော်လာပြီဖြစ်ပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်တာ မရှိပါဘူး။
အာဆီယံအရေးလေ့လာသူ ကိုကြည်စင်က "သူတို့အကြမ်းဖက်မှုတွေ ပိုလုပ်လာတာနဲ့အမျှ ပြည်သူတွေ အသက်သေဆုံးတာနည်းအောင်ဆိုပြီး နိုင်ငံတကာက သူတို့ (စစ်တပ်)ဆီလာပြီး ဖျောင်းဖျအောင်၊ သံတမန်တွေလာတွေ့ပြီး ဆွေးနွေးတာလုပ်လာအောင် ဒီလိုလုပ်လာတာလို့လည်း ယူဆလို့ရတယ်၊ တစ်ဖက်ကကြတော့ ဘာမှဂရုမစိုက်ဘဲ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေတယ်လို့လည်း ယူဆလို့ရတယ်"
ဒီရက်ပိုင်း နေအိမ်မီးရှို့တာခံနေရတဲ့ အရာတော်မြို့နယ်က ဒေသခံတစ်ဦးကလည်း " သူတို့(အာဆီယံ) ရှုတ်ချတယ်ဆိုတဲ့ စကားတွေထွက်မနေပေမဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကပိုဆိုးလာတယ်။ အရင်ကဆို သုံးလေးရွာမှ တစ်ရွာလောက်ရှို့တာ၊ အခုက ဝင်သမျှရွာ အကုန်ရှို့တာ"
အခုရက်ပိုင်း လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ရွာတွေထဲဝင်ပြီးနေအိမ် မီးရှို့တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရဆီ မေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမဲ့ ဖုန်းကိုင်တာမရှိပါဘူး။
ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့အစည်းအဝေးအတွင်း မြန်မာ့အရေး အဓိကဆွေးနွေးကြပါတယ်။ စစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေ မရပ်ရင် နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးစတင်ဖို့နဲ့ အကူအညီပေးရေးတွေ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။
"အာဆီယံအနေနဲ့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ တိုးလာနေတာကို စိုးရိမ်သလို ကန့်ကွက်လည်း ရှုတ်ချပါတယ်၊ အရပ်သားတွေသေဆုံးရတဲ့ ဆေးရုံ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေလို အဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေရပ်ဖို့ အာဆီယံက တောင်းဆိုပါတယ်၊ အကြမ်းဖက်တာတွေ မရပ်ဘဲ တွေ့ဆုံဆွေးနွေးတာနဲ့ အကူအညီတွေပို့ဖို့ ကိစ္စတွေစဖို့ ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ပါဘူး"
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဘက်က ဒီလိုတွေပြောဆိုနေပေမဲ့ စစ်ကောင်စီကတော့ အကြမ်းဖက်မှုတွေ ဒီနေ့အထိ ဆက်ရှိနေတာလို့ ဒေသခံတွေကပြောပါတယ်။
ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေကို အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေလည်း တက်ရောက်နေပါတယ်။
အမေရိကန်ကတော့ မြန်မာစစ်ခေါင်းဆောင်တွေကို ပိုပြီးဖိအားပေးဖို့ အာဆီယံကို တိုက်တွန်းနေပါတယ်။