တိုက်ပွဲကာလ တပ်မတော်ရဲ့ အမှုဖွင့်၊ တရားစွဲဆိုမှုတွေ ဝေဖန်ခံနေရ

ကျော်လွင်ဦး
2019.11.30
aa-singapore-court-622.jpg ရက္ခိုင့်တပ်တော် AA အဖွဲ့ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်စင်္ကာပူအသင်းဝင်တွေကို ၂ဝ၁၉ သြဂုတ် ၉ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Lwin Oo/RFA

ရခိုင်ပြည်နယ်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာအထိ ရက္ခိုင့်တပ်တော် AA နဲ့ ဆက်စပ်တယ်ဆိုပြီး တရားစွဲခံရမှုပေါင်း ၄၈ မှုရှိကာ လူပေါင်း ၅၀၀ကျော် အမှုဖွင့်၊ တရားစွဲခံထားရတယ်လို့ သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားတာပါ။

ဒီစာရင်းဟာ တရားရုံးတွေမှာ တရားစွဲခံထားရသူတွေစာရင်းကို ကောက်ယူထားတာလို့ သဇင်ဥပဒေ အထောက်အကူပြု ကော်မတီအဖွဲ့ ဒါရိုက်တာ ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။

“ကျနော်တို့ လက်လှမ်းမှီသလောက် တရားရုံးတွေမှာ တရားစွဲဆိုခံရသူတွေစာရင်းကို ကောက်ယူထားတာ ဖြစ်ပါတယ်၊ ၅၀၀ကျော်လောက်ရှိတယ်ပေါ့။ အမှုပေါင်း ၄၈မှုလောက်ကောက်လို့ရတယ်၊ အဲဒီ ၅၀၀ ကျော်မှာ တရားခံပြေးတွေလည်း ပါတာပေါ့၊ အကုန်အချုပ်တော့မဟုတ်ဘူး”

ဒီ ၄၈ မှုမှာ အမှုဖွင့်၊ တရားစွဲခံရသူ ၅၀၃ ယောက်ရှိပြီး အဲဒီအထဲမှာ တရားရင်ဆိုင်နေရသူ၊ ဖမ်းမမိသေးလို့ တရားရုံးမပို့နိုင်သေးသူ အရေအတွက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

တရားစွဲခံရသူအများစုကတော့ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်က အများဆုံးဖြစ်တယ်လို့ သဇင်ဥပဒေ အထောက်ကူပြုအဖွဲ့ကပြောပါတယ်။

တရားလိုလုပ် တရားစွဲသူတွေကတော့ တပ်မတော်အရာရှိ ဗိုလ်မှူးကြီး အဆင့်ထိပါဝင်ပြီး ရဲတပ်ဖွဲ့ အရာရှိတွေလည်း ပါဝင်ကြပြီးတရားစွဲခံရသူ အများစုကတော့ ရခိုင်တိုင်းရင်းသား ဒေသခံတွေ ဖြစ်ပါတယ်။

AA တိုက်ပွဲတွေဖြစ်ပွားရင် တိုက်ပွဲဖြစ်တဲ့နေရာနားကရွာတွေကို တပ်မတော်က ပိတ်ဆို့စစ်ဆေးပြီး တရားစွဲဆိုတာတွေ ရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေကပြောကြပါတယ်။

ရွာသားတွေဟာ တပ်မတော်သားတွေကိုတွေ့ရင် ကြောက်လန့်နေကြတယ်လို့ ရခိုင်လူ့အခွင့်ရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောပါတယ်။

“ပြည်သူတွေမှာ အဓိကစိုးရိမ်နေရတာကတော့ မြန်မာတပ်မတော် ယူနီဖောင်းဝတ်လာကတည်းဆိုက ကြောက်ရွံ့နေရပါတယ်၊ စိုးရိမ်နေရပါတယ်၊ အနီးအနားရွာနားမှာ တိုက်ပွဲတွေဖြစ်တယ်ဆိုရင် တိုက်ပွဲအခြေအနေကြောင့် ဘယ်ကိုပြေးရမလဲ ဘယ်ကိုလွှားရမလဲဆိုတာ စဉ်းစားနေရပါတယ်၊ အဲလို့မှမပြေးလို့ရှိရင် သူတို့ကရွာထဲကို ဝင်တယ်၊ ပြီးရင်ရွာထဲကိုဝင်ပြီး လူငယ်လူရွယ်တွေကိုဖမ်းတယ်၊ သူတို့ကAAဆိုပြီး စွပ်စွဲတယ်၊ တရားစွဲတယ် အဲလိုဖြစ်နေကြပါတယ်၊ အဲဒါကြောင့်ရခိုင်တွေမှာ အထိတ်တလန့်နဲ့နေနေရပါတယ်”

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲဆိုခံရတာ အများဆုံးဖြစ်ပြီး၊ အခုလိုတရားစွဲဆိုတာတွေဟာ တန်းတူညီမျှရေး နဲ့ ငြိမ်းချမ်းရေးကို ဝေးလာစေတယ်လို့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အေးနုစိန် က ပြောပါတယ်။

အခုကကျွဲကျောင်းနေတဲ့လူကလည်း အကြမ်းဖက်ပဲ

“ဟိုတုန်းကတော့  မတရားအသင်းအက်ဥပဒေတွေဘာတွေနဲ့၊ အခုကကျွဲကျောင်းနေတဲ့လူကလည်း အကြမ်းဖက်ပဲ၊ တစ်ရွာလုံးအဖမ်းခံရပြီးလို့ အရူးတစ်ယောက်က အော်လိုက်တာနဲ့ သေတဲ့လူကသေ၊ အဖမ်းခံရသူကဖမ်း၊ နေရတဲ့သူတွေက တရားခံပြေးဖြစ်၊ ဒီလို့အနေအထားတွေကတော့ ငြိမ်းချမ်းရေး ဆိုတာထက် တန်းတူရေး၊ တကယ်စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအရေးဆိုတာနဲ့ တော်တော်လေးကို အလှမ်းဝေးတဲ့ဆောင်ရွက်ချက်တွေလို့ ပြောလို့ရပါတယ်”

ရခိုင်တိုင်းရင်းသားတွေ တရားစွဲဆိုတာ၊ တိုက်ပွဲတွေဖြစ်ရင် ကျေးရွာသားတွေကို စစ်ဆေး တရားစွဲဆိုတာကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေရတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ သူ တုံ့ပြန်တာက ---

“လိုအပ်တဲ့စစ်ဆေးမှုတွေတော့ လုပ်မှာပဲလေ၊ လုပ်တဲ့အခါမှာ စစ်ဆေးမေးမြန်းတဲ့အခါမှာ AAနဲ့ပတ်သက်တဲ့ အထောက်အထားတွေ တွေ့တယ်၊ သဲလွန်စတွေ တွေ့တယ်ဆိုရင်တော ကျနော်တို့က ဥပဒေအရ ဆက်လုပ်မှာပဲလေ၊ ဒီလိုမလုပ်ရင် ဘယ်လို့လုပ်ရမတုန်း”

ဒီစာရင်းဟာ ရခိုင်ပြည်နယ်အတွင်းမှာသာ အဓိက ကောက်ယူထားတာဖြစ်တဲ့အတွက် တခြားပြည်နယ်နဲ့ တိုင်းမှာ တရားစွဲခံရတဲ့ အမှုတွေတော့ မပါဝင်ဘူးလို့လည်း ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ ရက္ခိုင့်တပ်တော် AA စစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြင့်နိုင် ညီနဲ့ နှမ အပါအဝင် တရားစွဲဆို ခံထားရတွေရှိသလို မန္တလေးမှာလည်း တရားစွဲဆိုခံထားရသူတွေရှိပါတယ်။

သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ဟာ- သံသယနဲ့တရားစွဲဆိုတာတွေကို လျော့ကျစေဖို့၊ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်ခံစားရတာတွေ လျော့ကျစေဖို့၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကို အထောက်ကူပြုဖို့နဲ့ ဥပဒေအရ ခံစားခွင့်တွေကို ပြည်သူတွေ ရရှိစေချင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲကာလအတွင်း တရားစွဲဆိုခံရသူတွေရှိတဲ့အပြင် နေရပ်စွန်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ကလည်း ကိုးသောင်းကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။