တပ်မတော်ဘက်က အပစ်ရပ်သက်တမ်းတိုးလိုက်တဲ့အပေါ် မျှော်လင့်ချက်


2019.05.02
govt-army-622.jpg ကင်းလှည့်နေတဲ့ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: RFA

ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် တပ်မတော်က စစ်တိုင်း ငါးခုမှာ အပစ်အခတ်ရပ်စဲရေးကာလကို ဇွန်လ ၃၀ ရက်နေ့အထိ နောက်ထပ် နှစ်လ တိုးမြှင့်လိုက်ပါတယ်။

တပ်မတော်ရဲ့ အပစ်ရပ်ကာလ သက်တမ်းတိုးလိုက်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုကျော်လွင်ဦး က စုစည်းတင်ပြထားပါတယ်။

~~~~~~~~
(ကျော်လွင်ဦး)

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စပြီး ဧပြီ ၃၀ ရက်နေ့ မနေ့ကအထိ တပ်မတော်ဘက်က အပစ်ရပ်ကာလ လေးလ သတ်မှတ်ထားတာကနေ နောက်ထပ် နှစ်လ ထပ်မံတိုးမြှင့်လိုက်တာပါ။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ မနေ့က မူဆယ်မြို့မှာ တေ့ွဆုံဆွေးနွေးအပြီးမှာ တပ်မတော်ဘက်က သက်တမ်းတိုးကြောင်း ကြေညာလိုက်တာဖြစ်တဲ့အတွက် နှစ်ဖက်ဆွေးနွေးပွဲ အလားအလာကောင်းတယ်လို့ ယေဘုယျ သုံးသပ်ကြပါတယ်။

အပစ်ရပ်ကာလ သက်တမ်းတိုးလိုက်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ကြိုဆိုပေမယ့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက RFA ကို အခုလို ပြောပါတယ်။

"ရက်တိုးတာပေါ့ အဲဒီအတောအတွင်းမှာလည်း အဲအချိန်မှာလည်း ခုလိုမျိုးတွေ တပ်မတော်ဘက်က ထိုးစစ်ဆင်တာတွေ မလုပ်တာက အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ပြောလိုတာပါ အခုလိုမျိုးလုပ်ရင်တော့ ဆွေးနွေးပွဲကိုလည်း ထိခိုက်နိုင်တာပေါ့ အချင်းချင်း ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာလည်း အနှောက်အယှက်ဖြစ်တာပေါ့"

ပြီးခဲ့တဲ့ရက်ပိုင်းက မူဆယ်မြို့ အနီးတဝိုက်မှာ တပ်မတော်က ထိုးစစ်ဆင်တာကြောင့် KIA နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး KIA စခန်းအချို့ကို တပ်မတော်က သိမ်းယူတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် မနေ့က မူဆယ်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေချိန်မှာလည်း တပ်မတော်က မူဆယ်မြို့ အနီးတဝိုက်မှာ ထိုးစစ်ဆင်တာတွေရှိတယ်လို့ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

တပ်မတော်ဘက်ကတော့ KIA ဘက်က ကျူးကျော်ဝင်ရောက်တာကြောင့် တိုက်ခိုက်သိမ်းပိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

အပစ်ရပ်စဲရေးကာလ သက်တမ်းတိုးမြှင့်လိုက်တာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အခုလိုပြောပါတယ်။

"TNLAရယ် KIA ၊ MNDAAရယ် အဲအဖွဲ့တွေကလည်း ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ဖို့ဆိုပြီးတော့ တောင်းဆိုထားတာရှိပါတယ်။ မူဆယ်ဆွေးနွေးပွဲမှာလည်း ကျွန်တော်တို့က သူတို့လုပ်ချင်တဲ့ Biletral လက်မှတ်ရေးထိုးချင်တဲ့ဟာလေးတွေလည်း ဆက်လက်ဆွေးနွေးဖို့ သူတို့ NRPC အဖွဲ့ကို ပေးခဲ့တယ်လို့ NRPC အဖွဲ့က ထုတ်ပြန်ထားတယ် ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ဆက်လက်ဆွေးနွေးဖို့လိုပါမယ်။ ဒါတွေကြောင့်မို့ အပစ်ရပ်ကာလာ သက်တမ်းတိုးခြင်းဖြစ်ပါတယ်"

ပြီးခဲ့တဲ့ အပစ်ခတ်ရပ်စဲရေး စစ်တိုင်း ငါးခုမှာ ရခိုင်ပြည်နယ် မပါဝင်တာကြောင့် ရက္ခိုင့်တပ်မတော် AAနဲ့ အစိုးရတပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ဒီသက်တမ်းတိုးလိုက်တဲ့ နယ်မြေတွေထဲမှာလည်း ရခိုင်ပြည်နယ် မပါဝင်တာကြောင့် တိုက်ပွဲတွေ ထပ်မံပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။

"စိုးရိမ်မှုရှိတာက အပစ်ခတ်ရပ်စဲရေးထဲမှာ ရခိုင်ပြည်နယ် မပါတဲ့အခါကြတော့ ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ ပိုပြီးတော့ ပြင်းလာမလားဆိုပြီးတော့ စိုးရိမ်မှုတွေရှိပါတယ်။ ဒါပေမဲ့ မေလအတွင်းမှာလည်း ဆွေးနွေးမယ်ဆိုရင် ရခိုင်မှာ ဒီကာလတွေအတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေကို နှစ်ဘက်က လျော့ချနိုင်မယ်ဆိုရင်တော့ အလားအလာကောင်းတယ် မေလအတွင်းမှာ တွေမယ့် ဆွေးနွေးပွဲမှာ ယတိပျက် အဖြေမထွက်တောင် အလားအလာကောင်းတွေ ထွက်လာမယ်လို့ ဆိုရပါမယ်"

နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုး ပြောသွားတာပါ။

ရက္ခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တပ်မတော်ရဲ့ အပစ်ရပ်သက်တမ်းတိုးတဲ့အထဲမှာ ရခိုင်ပြည်နယ်ကို ချန်လှပ်ထားတဲ့အတွက် နောက်ထပ် ထိုးစစ်ဆင်မယ့် သဘောဖြစ်နေတယ်လို့ ပြောပါတယ်။

"အပစ်ရပ်တာကို နှစ်လ သက်တမ်းတိုးတယ်ဆိုတဲ့ဥစ္စာကတော့ အဲဒီမှာ ရခိုင်ပြည်နယ်ကို ချန်ထားခဲ့တာပေါ့နော် အထူးသဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ချန်ထားခဲ့တယ် အဲဒီဥစ္စာက ရခိုင်ပြည်ကို နောက်ထက် ကွက်ပြီးတော့ပေါ့နော် စစ်ဆင်ရေး ပြင်းပြင်းထန်ထန် နှစ်လတိတိ ထပ်လုပ်ဦးမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သုံးသပ်လို့ရတာပေါ့ ဒါကတော့ ပြောရမယ်ဆိုလို့ရှိရင် အကောင်းထက် အဆိုးဘက်ကို ဦးတည်တဲ့လုပ်ရပ်လို့ ကျွန်တော်တို့မြင်တယ်"

မနေ့က မူဆယ်မှာပြုလုပ်တဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်တွေဆုံပွဲမှာ ပဏာမအပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့အတွက် အဓိကထား ဆွေးနွေးနိုင်ခဲ့သလို အခြေအနေတိုးတက်တာကြောင့် တပ်မတော်က အပစ်ရပ်ကာလ သက်တမ်းတိုးနိုင်ခဲ့ပါတယ်။

တပ်မတော်ဘက်က ပထမအကြိမ် အပစ်ရပ်ထားတဲ့ လေးလတာကာလအတွင်းမှာ အရင်က တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ KIA၊ TNLA အပါအဝင် NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ မရှိသလောက်ဖြစ်ခဲ့ပါတယ်။

ဒီသက်တမ်းတိုးထားတဲ့ကာလမှာလည်း တိုက်ပွဲတွေမရှိဘဲ တွေ့ဆုံဆွေးနွေးပွဲတွေ ထပ်လုပ်နိုင်ဖို့ ဆန္ဒရှိတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တပ်မတော်နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့က ပြောကြပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။