ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ပြောင်းလဲခန့်အပ်

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2024.12.18
ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ပြောင်းလဲခန့်အပ် ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သည့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့အား ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဗဟိုစစ်သမိုင်းပြတိုက်မှာ တွေ့ရစဉ်။
Myanmar Military

စစ်တပ်မှာ နံပတ် သုံးအဆင့်ရှိတဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနေရာကနေ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ဖယ်ရှားပြီး ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၁၈ ရက်နေ့ညမှာ ကြေညာခဲ့ပါတယ်။

လစ်လပ်သွားတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးနေရာမှာတော့ စစ်တက္ကသိုလ်အပတ်စဉ် ၃၅ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ခန့်အပ်လိုက်တာပါ။

လေတပ်က CDM တပ်မတော်သား ကိုဇေယျက “သူက DSA -35 ဆင်းဆိုတော့ မင်းအောင်လှိုင်နဲ့ အရမ်းကွာသွားတယ်၊ ငယ်တော့ သူ(ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်) ပြောရဆိုရတာ ကိုင်တွယ်ရတာ ပိုကောင်းတာပေါ့ လက်ရှိ သူ (ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်) လုပ်နေတာက သူ့ကို ပြန်ဆွဲမချမဲ့သူတွေပေါ့၊ သူ ယုံရတဲ့လူမျိုးတွေပေါ့၊ ကျော်စွာလင်းက ညှိကွပ်ဖြစ်တယ်ဆိုကတည်းက သူ(ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်) သာ သမ္မတလုပ်သွားရင် ကျော်စွာလင်းက တပ်ချုပ်ဖြစ်ဖို့ များသွားပြီ။ ဘာလို့ဆို သူ (ကျော်စွာလင်း) က အထက်က ခိုင်းတဲ့အတိုင်းလုပ်တဲ့သူမျိုးပေါ့” လို့ ပြောပါတယ်။

ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းဟာ ၂ဝ၁၈ ခုနှစ်က ဗိုလ်မှူးချုပ်ရာထူးနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

သူ့ကို ၂ဝ၂ဝ ခုနှစ် မတ်လလောက်မှာ စစ်ခေါင်းဆောင်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးပေးပြီး စစ်ထောက်ချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ သူဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူရင်းတစ်ယောက်လို့လည်း နာမည်ကြီးပါတယ်။

CDM တပ်မတော်သား ကိုကောင်းသူဝင်းကလည်း စစ်ခေါင်းဆောင်က သူယုံကြည်ရတဲ့သူကို နေရာပေးလိုက်တဲ့သဘောပဲလို့ ပြောပါတယ်။

“ကျော်စွာလင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ထောက်ချုပ်ဖြစ်ခဲ့သူပဲ။ သူ့ထက် အဆင့်စောတဲ့သူတွေကို ကျော်ပြီး ဖြစ်ခဲ့တာ။ အခုလို ညှိကွပ်လိုနေရာပေးတာ သူ့လူ သူပေးတဲ့သဘောပါပဲ။ သူက အရမ်းတော့ စစ်တိုက်တော်လို့ မဟုတ်ဘူး၊ သူ(စစ်ခေါင်းဆောင်) ယုံကြည်ရတဲ့သူကို အဆင့်ထပ်မြှင့်ပေးလိုက်တာပဲ”

ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကနေ ဖယ်ရှားလိုက်တာနဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးနေရာကနေ ဖယ်ရှားလိုက်တာတွေဟာ လက်ရှိ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီ ရင်ဆိုင်နေရတဲ့ စစ်ရေးရှုံးနိမ့်မှုတွေကြောင့်လို့လည်း သုံးသပ်ကြပါတယ်။

ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမှာဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ရုံးရဲ့ ပြည်ထောင်စုဝန်ကြီး ဖြစ်လာတာပါ။

လက်ရှိ စစ်ကောင်စီ ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်ကြီး တင်အောင်စန်းအပြင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ကလည်း ဒုတိယဝန်ကြီးချုပ်တွေဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးအသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကလည်း အခုဆိုရင် ခြောက်ယောက်မြောက် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ်မှာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ်ကနေ စစ်တပ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ဖေဖော်ဝါရီလမှာတော့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ အခုလေးနှစ်နီးပါးအကြာမှာ ကာကွယ်ရေးဝန်ကြီးတာဝန် ပေးအပ်ခံရတာဖြစ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲ အဖွဲ့တွင်းမတည်ငြိမ်မှုနဲ့ အက်ကွဲမှုကိုပြသ

ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးရာထူးနေ စစ်ကောင်စီ ဖယ်ရှား

စစ်ကောင်စီက ရဲချုပ်နေရာကို လေးကြိမ်မြောက် အပြောင်းအလဲလုပ်


အခုလို အပြောင်းအလဲလုပ်လာတာဟာ စစ်ခေါင်းဆောင်က လာမယ့်နှစ်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းနေရာကို ကြိုတင်ပြင်ဆင်တာဖြစ်တယ်လို့ CDM တပ်မတော်သား ကိုနောင်ရိုးက သုံးသပ်ပါတယ်။

“လက်ရှိအပြောင်းအလဲကတော့ တစ်နိုင်ငံလုံးမှာ စစ်ရေးအထိနာနေတယ်၊ စစ်မှုထမ်းစုဆောင်းတာ မအောင်မြင်တာ ဒီလိုအချက်တွေကြောင့် တင်အောင်စန်းကို အစားထိုးတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က လာမဲ့နှစ် ရွေးကောက်ပွဲပြီးရင် စစ်တပ်ခေါင်းဆောင်ပိုင်းနေရာတွေအတွက် လျာထားပြင်ဆင်နေတာလို့ ယူဆတယ်ပေါ့နော်။ လက်ရှိမှာတော့ စစ်ဘက်ခေါင်းဆောင်ပိုင်းတွေမှာ သူ့(စစ်ခေါင်းဆောင်)ရဲ့ တပည့်ရင်းတွေကို စတင်ပြီး နေရာတိုးပေးလာတာ တွေ့နေရတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့မှူး ကိုအောင်စံရှား ကလည်း လာမယ့်နှစ်အတွက် စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲလုပ်ဖို့ စစ်ခေါင်းဆောင်က ကြီးကြီးမားမား ပြင်ဆင်လာတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

"စစ်တပ်ရဲ့ အမြင့်ဆုံးရာထူးတွေ အပြောင်းအလဲတော်တော်များများ လုပ်ထားတာ ဒါထူးခြားတယ်လို့ ပြောလို့ရတယ်။ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီး ပြန်ခန့်အပ်တယ်ဆိုတာ ရာထူးချတယ်လို့ ပြောလို့ရတယ် ဒါပေမဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးတစ်ယောက်ကို ကာကွယ်ရေးဝန်ကြီးလုပ်ခိုင်းတယ်ဆိုတာ ကာကွယ်ရေးအတွက်ရော စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ပိုပြီး အရှိန်မြှင့်ဖို့လို့ သုံးသပ်လို့ရတယ်။ တစ်နိုင်ငံလုံးမှာ မင်းအောင်လှိုင်စစ်တပ်က စစ်ရေးစစ်ရာမှာ ရှုံးနိမ့်နေတာဖြစ်တာပေါ့ အဲဒါကို ပြန်အဖတ်ဆယ်ဖို့ ဒါမှမဟုတ် အပြောင်းအလဲလုပ်ဖို့ အဲ့လိုမျိုးလည်း သုံးသပ်လို့ရတယ် နိုင်ငံရေးနဲ့ပတ်သက်ရင် ဇန်နဝါရီပေါ့ အဲဒီကာလမှာ စစ်တပ်က သူတို့သက်တမ်းတိုးရမဲ့ကာလဖြစ်တယ် အဲဒါနဲ့အချိန်ကိုက် အပြောင်းအလဲလုပ်တာလို့ ပြောလို့ရတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ရှိလာမယ်ဆိုတော့ နိုင်ငံရေးနဲ့ပတ်သက်လို့လည်း ပြောင်းလဲဖို့ အရှိန်မြှင့်ဖို့လို့ ပြောလို့ရတယ်"

၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က  ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သည့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့အား ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဗဟိုစစ်သမိုင်းပြတိုက်မှာ တွေ့ရစဉ်။ (Photo :  Myanmar Military)
၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သည့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့အား ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဗဟိုစစ်သမိုင်းပြတိုက်မှာ တွေ့ရစဉ်။ (Photo : Myanmar Military)

စစ်တပ်အတွက် စိုးမိုးနယ်မြေတွေ နည်းလာချိန်မှာ စစ်ကောင်စီက စစ်ဘက်၊ အရပ်ဘက်အပြောင်းအလဲတွေ လုပ်လေ့ရှိပေမဲ့ စစ်ရေးအရ အထိနာတာကိုတော့ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ CDM တပ်မတော်သားတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။

ဒီလိုသုံးသပ်ချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ဒီနှစ်ထဲမှာပဲ စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ထားရပြီး အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း ဆုံးရှုံးလုနီးပါးဖြစ်နေပါတယ်။

လာမယ့်နှစ် ဇန်နဝါရီမှာတော့ စစ်ကောင်စီက ခြောက်ကြိမ်မြောက် တိုးထားတဲ့ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးမှာဖြစ်သလို ရွေးကောက်ပွဲကျင်းပမယ်လို့လည်း ကြေညာထားတာဖြစ်ပါတယ်။

ဒီမတိုင်ခင်မှာ စစ်တပ်ထိပ်ပိုင်းနေရာတွေမှာ အပြောင်းအလဲလုပ်လာတာဖြစ်ပြီး နောက်ထပ်လည်း အခုလိုတာဝန်ပြောင်းရွှေ့တာတွေ ရှိဦးမယ်လို့ CDM တပ်မတော်သားတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။