ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးရာထူးနေ စစ်ကောင်စီ ဖယ်ရှား
2024.12.18

စစ်ကောင်စီက ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးရာထူးက ဖယ်ရှားလိုက်ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ခန့်အပ်လိုက်ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီးအပြင် ဒုတိယဝန်ကြီးချုပ်ရာထူးလည်း ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ ကာကွယ်ရေးဝန်ကြီးရာထူးကနေ ဖယ်ရှားခံခဲ့ပေမယ့် ဒုတိယဝန်ကြီးချုပ်ရာထူးကို ဆက်လက်တာဝန်ယူမှာဖြစ်ပြီး စစ်ကောင်စီရဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ယူမယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်း လက်ထက်မှာ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားသလို ရခိုင်ပြည်နယ်မှာလည်း အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့နယ် ၁၂ မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။