လားရှိုးအတိုက်ခံရတဲ့နေ့မှာ တအာင်းအဖွဲ့ရုံးနဲ့ နေအိမ်တချို့ အစစ်ခံရ
2019.11.18

နိုဝင်ဘာ ၁၆ ရက်နေ့က နံနက်ပိုင်းက လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု မတိုင်ခင် နာရီပိုင်းအလိုနဲ့ တိုက်ခိုက်ပြီး နေ့ခင်းပိုင်းတို့မှာ အမှတ် ၁၁ ရပ်ကွက်မှာရှိတဲ့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ TSYU ရုံးကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်က သွားရောက်စစ်ဆေးခဲ့ပါတယ်။
မနက် လေးနာရီလောက် ဝင်ရောက်စစ်ဆေးချိန်က အိပ်ခန်းဆောင်တွေကိုပါ ဝင်ရောက် ရှာဖွေခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ လူသစ်တွေ ထပ်မံလာရောက်မှု ရှိ၊ မရှိသာ မေးမြန်းခဲ့တယ်လို့ TSYU ရုံးက လွေးနွေးက ပြောပါတယ်။
ညနေပိုင်းမှာတော့ တအာင်းဥပဒေအထောက် အကူပြုအဖွဲ့ဝင် မိုင်းမျိုးအောင်ရဲ့နေအိမ်ကို ရပ်ကွက် အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ တပ်မတော် ပူးပေါင်းအဖွဲ့က သွားရောက်ခဲ့ပြီး လူသစ်တွေလာရင် အကြောင်းကြားဖို့ မှာကြားခဲ့ကြောင်း မိုင်းမျိုးအောင်က ပြောပါတယ်။
တအာင်း လို့ ခေါ်တဲ့ ပလောင်တိုင်းရင်းသားတွေနေထိုင်ရာ ရပ်ကွက်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ရှိတဲ့ နေရာတွေ ရှာဖွေ စစ်ဆေးခံခဲ့ရခြင်း ဖြစ်ကြောင်း မိုင်းမျိုးအောင်က ပြောပါတယ်။
ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်တိုင်း တအာင်းတိုင်းရင်းသားတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို အဓိကထား စစ်ဆေးတာတွေဟာ မဖြစ်သင့်ကြောင်း၊ သူတို့အနေနဲ့လည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်မှုမရှိတဲ့အတွက် ဒီလို ဝင်ရောက်ရှာဖွေတာတွေဟာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကိုပါ ခြိမ်းခြောက်သလို ဖြစ်နေကြောင်း ပြောပါတယ်။
လားရှိုးမြို့ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တအာင်းတိုင်းရင်သားတွေ နေထိုင်တဲ့ နေရာတွေအပြင် မြို့တွင်းက တည်းခိုခန်းတွေ လူနေရပ်ကွက်တွေကိုပါ ဝင်ရောက်စစ်ဆေးနေပါတယ်။
စစ်ဆေးမှုတွေမှာ လုံခြုံရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဘာတွေ တွေ့ရှိခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
လားရှိုးမြို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ မသင်္ကာတဲ့နေရာတွေကို ဝင်ရောက်မေးမြန်းတာသာဖြစ်ပြီး ပစ်မှတ်ထားရှာဖွေနေတဲ့နေရာ မရှိကြောင်း ပြောပါတယ်။
လားရှိုးမြို့ တိုက်ခိုက်ခံရအပြီးမှာ လူတစ်ချို့ဟာ ပစ်ခတ်မှုဖြစ်တဲ့ ဗြုံးတောင်ကုန်းကနေ ဆိုင်ကယ်နဲ့ အမှတ် ၁၁ ရပ်ကွက်ဖက်ကို ဆင်းသွားတယ်ဆိုတဲ့ သတင်းကြောင့် ရှာဖွေစစ်ဆေးနေရာမှာ လက်ရှိအချိန်ထိ စစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်ပြီး ပစ်ခတ်မှုကိစ္စကို အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း လားရှိုးမြို့ အမှတ် ၁ ရဲစခန်းက ဒုရဲမှူးမြင့်ကျော်က RFA ကို ပြောပါတယ်။
လားရှိုးမြို့ကနေ နမ္မတူဘက်အထွက် ဗြုံးတောင်ကနေ မြို့အတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး လက်မှာ အနည်းငယ်ထိခိုက်ခဲ့သလို နေအိမ်တချို့နဲ့ မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် လားရှိုးမြို့ လေယာဉ်ပြေးလမ်း အနည်းငယ်ပျက်စီးခဲ့တာကြောင့် လေယာဉ်ခရီးစဉ်တွေ တစ်ရက်တာ ရပ်နားခဲ့ရပါတယ်။
လားရှိုးဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ရသေးတဲ့ TNLA အဖွဲ့ ဝင်ထွက်လှုပ်ရှားတဲ့ နယ်မြေထဲမှာ ပါဝင်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ TNLA အဖွဲ့က ဆောင်ရွက်ချက်ဖြစ်ကြောင်း တပ်မတော်က စွပ်စွဲထားပေမယ့် TNLA ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့ကလည်း လားရှိုး ဟိုပိတ်ကျေးရွာဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အောင်သစ္စာ စစ်မှုထမ်းဟောင်းရပ်ကွက်က နေအိမ်တစ်လုံးပျက်စီးပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
တိုက်ပွဲကြောင့် အောင်သစ္စာနဲ့ ကုန်းဆုံရွာက ဒေသခံ ၉၀၀ လောက် မန်ဆူကျောင်းကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။