မြန်မာ့အရေး နည်းလမ်းသစ်ရှာဖြေရှင်းဖို့ အာဆီယံကို မလေးရှားတိုက်တွန်းမည်

2022.09.20
မြန်မာ့အရေး နည်းလမ်းသစ်ရှာဖြေရှင်းဖို့ အာဆီယံကို မလေးရှားတိုက်တွန်းမည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးများနှင့် မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာတို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် စက်တင်ဘာလ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို တွေ့ရစဉ်။
Photo: RFA

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ တကယ် အလုပ်ဖြစ်၊ မဖြစ်ဆိုတာ ပြန်သုံးသပ်ဖို့နဲ့ နောက်ထပ် အစီအစဉ်တစ်ခုနဲ့ အစားထိုးသင့်၊ မသင့်ဆိုတာကို ပြန်ဆုံးဖြတ်ကြဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်း သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးတွေနဲ့ မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာတို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ တွေ့ဆုံ အပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

"အာဆီယံအနေနဲ့ တစ်ဖွဲ့တည်းနဲ့ မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့ အာဆီယံအနေနဲ့ တစ်ဖွဲ့တည်း မလုပ်နိုင်ဘူးဆိုတာ ဝန်ခံဖို့ လိုပါမယ်"

လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပြီး မြန်မာ့အရေး အချက်သုံးချက်ကို အလေးထားပြောသွားမယ်လို့ သူက ပြောပါတယ်။

"စစ်ကောင်စီကနေတစ်ဆင့် လူသားချင်းစာနာမှု အကူအညီတွေ အာဆီယံက ပေးနေတာကို ပြန်လည်သုံးသပ်ဖို့ လာမယ့် ၂၂ ရက်နေ့ အာဆီယံနိုင်ငံတွေ တွေ့တဲ့အခါမှာ မေးခွန်းထုတ်သွားပါမယ်။ အကူအညီတွေကို လွတ်လပ်တဲ့ အန်ဂျီအိုအဖွဲ့တွေကနေတစ်ဆင့် ကူညီပေးဖို့ ကျနော် တိုက်တွန်းပါမယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေဟာ အလုပ်ဖြစ်သေးသလားဆိုတာ အလေးအနက်ထားသုံးသပ်ရ ပါမယ်။ နိုဝင်ဘာလ အာဆီယံ အစည်းအဝေးတွေ ပြန်ကျတဲ့အခါ ဒီကိစ္စကို မေးခွန်း လေးလေးနက်နက် ထုတ်ရပါမယ်။ ကျနော်တို့ အဖြေ ရကို ရ ရပါမယ်"

အာဆီယံအနေနဲ့  မြန်မာပြည်သူတွေအတွက် နောက်ထပ် ဘာတွေ လုပ်နိုင်သေးလဲလို့ RFA ရဲ့ မေးခွန်းကို မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာက

"အာဆီယံအနေနဲ့ တစ်ဖွဲ့တည်းနဲ့ မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့ အာဆီယံအနေနဲ့ တစ်ဖွဲ့တည်း မလုပ်နိုင်ဘူးဆိုတာ ဝန်ခံဖို့ လိုပါမယ်။ အဲ့ဒီလိုဆိုရင် အာဆီယံနဲ့ တခြား နိုင်ငံတွေ ပူးပေါင်းတဲ့ဟာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေအပေါ် အများကြီး မူတည်ပါတယ်"

ကုလသမဂ္ဂညီလာခံမှာ မလေးရှားဝန်ကြီးချုပ် တက်ရောက်မိန့်ခွန်းပြောရင်လည်း မြန်မာ့အရေးကို ထည့်သွင်းပြောသွားမယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးတွေနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အရှေ့တောင်အာရှ လွှတ်တော်အမတ်များအဖွဲ့ APHR နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ APHR အဖွဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ မစ္စတာ Charles Santiago က -

"နိုင်ငံတကာအနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံဖို့ ပျက်ကွက် နေပါတယ်။ ကုလသမဂ္ဂကလည်း မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ဖို့ ပျက်ကွက်နေပါတယ်။ အခုအချိန်မှာ မြန်မာပြည်သူတွေနဲ့ အတူရပ်ရမယ့်အချိန်ပါပဲ၊ ကုလ သမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအတွက် ကုလကိုယ်စားလှယ် နေရာကို ကာကွယ်ပေး ရပါမယ်။ မြန်မာ့ဒီမိုကရေစီရေး ရှေ့ဆက်သွားနိုင်အောင် ကူညီပေးရပါမယ်။ ကျနော်တို့ တစ်ဖက်ကို ပြန်ကြည့်ရင် တရုတ်နဲ့ ရုရှားဟာ မြန်မာ စစ်ကောင်စီကို ထောက်ခံပံ့ပိုးနေပါတယ်။ သူတို့တွေဟာ မြန်မာ့ဒီမိုကရေစီရေးကို မထောက်ခံဘဲ စစ်ကောင်စီရဲ့ ဘက်က တစ်ရာ ရာခိုင်နှုန်းသာမက ကာကွယ်ထောက်ခံနေတာပါ။ ဒါဟာ နိုင်ငံတကာကို သတိပေးနေတာပဲ။ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ အခုမရပ်ဘူးဆို ရင် အဲဒီနိုင်ငံတွေက ဝါးမျိုသွားပါလိမ့်မယ်"

Nug APHR Press.JPG
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ ရသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတချို့ကို တွေ့ ရစဉ်။ (Photo: RFA)

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့် အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်နဲ့ အဖွဲ့ဟာ ကုလသမဂ္ဂ ညီလာခံ ကျင်းပနေတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို ‌ရောက်နေပါတယ်။

သူတို့တွေဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအပြင် အမေရိကန် အစိုးရတာဝန်ရှိသူတွေ အပါအဝင် တခြား အဖွဲ့အစည်းတွေနဲ့လည်း အလွတ်သဘော တွေ့ဆုံဖို့ရှိနေပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။