မြောက်ဦးမြို့က ရှေးဟောင်း အဆောက်အဦးတွေ ထိခိုက်မှုတွေရှိနေ


2019.04.12
mrauku-pagoda-622.jpg မြောက်ဦးမြို့ အနောက်မြေထဲစေတီပေါ်မှာ လက်နက်ကြီးကျရောက်တာကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့နေရာကို ၂၀၁၉ မတ်လ ၁၆ ရက်နေ့ကတွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်းဇုန် နယ်မြေအတွင်းကနေပြီး အမြောက်ကြီးတွေနဲ့ ပစ်ခတ်နေမှုတွေကြောင့် ရှေးဟောင်းအဆောက်အဦးတွေအပေါ် ထိခိုက်တာတွေရှိနေတယ်လို့ ရှေးဟောင်းသုတေသနဌာနနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေအတွင်းမှာရှိတဲ့ တောင်တွေပေါ်ကနေ လွန်ခဲ့တဲ့ ၁ လကျော်လောက်ကနေစပြီး အစိုးရတပ်က အမြောက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တာလို့ မြောက်ဦးမြို့ခံတွေက ပြောပါတယ်။

AA အဖွဲ့ရှိတယ်လို့ သံသယရှိတဲ့ တောတွေတောင်တွေဘက်ကို လှမ်းပစ်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

မြောက်ဦးမြို့နယ်မှာရှိတဲ့ ကျေးရွာအချို့ကနေ ဒေသခံတွေဟာ ကယ်ဆယ်ရေးစခန်းတွေဆီကို ထွက်ပြေးနေကြ ရတဲ့ အကြောင်းရင်းတွေထဲမှာ အစိုးရတပ်က အခုလို အမြောက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်လည်း ပါဝင်တယ် လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရက္ခိုင့်တပ်မတော် AA က ဘုရားကြို ဘုရားကြားကနေ ချောင်းမြောင်းပစ်ခတ်တာကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ်ရတာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောဆိုထားပါတယ်။

အခုလို အမြောက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးမြို့က ထင်ရှားတဲ့ ရှေးဟောင်းလက်ရာတစ်ခုဖြစ်တဲ့ ကိုးသောင်းပုထိုးတော်ကြီးမှာဆိုရင် အက်ကွဲမှုတွေဖြစ်နေတာကို မနေ့က တွေ့ရှိထားတယ်လို့ မြောက်ဦး ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က RFA ကို ဒီနေ့ပြောပါတယ်။

"ကျွန်တော့ဝန်ထမ်းတွေရဲ့ ကွင်းဆင်းတွေ့ရှိချက်တွေအရဆိုလို့ရှိရင် ကိုးသောင်းဘုရားကြီး ပတ်ဝန်းကျင်မှာ တုန်ခါမှုကြောင့်ပေါ့ဗျာ၊ အဲလိုမျိုးတွေကြောင့် ရှေးဟောင်းအဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုရှိတယ် ဆိုတာမျိုးတော့ သိရတယ်။ ဘယ်လောက်အထိ ပျက်တယ်ဆိုတာမျိုးတော့ ကျွန်တော်တို့ စစ်တမ်းကောက်ဖို့ တော့ လိုပါသေးတယ်ဗျ။ တုန်ခါမှုကြောင့် အက်ကွဲမှုတွေဖြစ်တယ်တို့ ဘာတို့ဆိုတဲ့ ဟာမျိုးလေးတွေတော့ လက်ရှိသတင်းတော့ ရတာပေါ့လေ။ အင်ဂျင်နီယာအဖွဲ့ ပဏမာ ကွင်းဆင်းထားတာမျိုးတော့ ရှိပါတယ်။ ကျွန်တော်တို့ အသေးစိတ်ဆင်းဖို့တော့ လိုပါသေးတယ်ခင်ဗျ"

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် အဆိုပြုမူကြမ်းတင်သွင်းရေးကိစ္စနဲ့ပတ်သက်လို့ မတ်လ ၂၈ ရက်နေ့က ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ရန်ကုန်ဌာနခွဲ)မှာ ရှေးဟောင်းသုတေသနပညာရှင်တွေက အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ မြောက်ဦးရှေးဟောင်းဇုန်နယ်မြေအတွင်းကနေ အစိုးရတပ်ကပစ်ခတ်နေတဲ့ လက်နက်ကြီးတွေဟာ အသံလှိုင်းတုန်ခါမှု ရစ်ချတ်စတာစကေး ၅၊ ၆၊ ၇ ဝန်းကျင်အဆင့်လောက်မှာရှိပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၊ ၅၀၀ ခန့်က ရှေးဟောင်းအဆောက်အဦးတွေကို ထိခိုက်မှုပိုများနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့ကြကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။

အမြောက်ကြီးပစ်ခတ်မှုကြောင့် ကိုးသောင်းဘုရားက ရှေးဟောင်းလက်ရာတွေ အက်ကွဲလာတယ်ဆိုတဲ့ ရှေးဟောင်းသုတေသနဌာနက ပြောဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA ကမေးမြန်းရာမှာတော့ ဒါဟာ အကြောင်းမရှိအကြောင်းရှာတဲ့ကိစ္စသာ ဖြစ်တယ် လို့ တုံ့ပြန်ပါတယ်။

"အဲဒါဆိုရင် ကျွန်တော်မေးပါမယ်။ ကဲ... ကျွန်တော်တို့ ပုဂံ၊ ညောင်ဦးမှာ ရှေးဟောင်းအမွေအနှစ်တွေ၊ ဘုရားတွေအများကြီးရှိတယ်။ လေယာဉ်တွေ တစ်နေ့ကို လေးငါးခြောက်စီးလောက် ဆင်းနေတာ။ အဲဒါဆိုရင် အဲဒီတုန်ခါမှုကြောင့် ရှေးဟောင်းဘုရားတွေ ပြိုတာကြာပြီပေါ့။ ယထာဘူတကျကျ နှိုင်းယှဉ်ပြတာပါ။ အမြောက်ရဲ့ဖိအားဆိုတာ ဘာမှလည်းရှိတာမဟုတ်၊ အမြောက်ရဲ့တုန်ခါမှုကလည်း အဲလောက်အထိ သက်ရောက်မှုမရှိဘူး။ ဒါသည် သူတို့ဟာသူတို့ အကြောင်းမရှိ အကြောင်းရှာပြီးတော့ တမင် ဒါကို အကြောင်း ပြပြီးတော့မှ ရမယ်ရှာတာပေါ့ဗျာ။ ဒါသည် ကျိုးကြောင်းခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူး။ ခုနက အဲဒီရဲ့အဖြေကို ကျွန်တော်ပြန်ဖြေပေးရမယ်ဆိုလို့ရှိရင် ခုနက ကျွန်တော်ပြောတဲ့အဖြေပဲ"

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ မြောက်ဦးယဉ်ကျေးမှုနယ်မြေစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကိုယူထားတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ထံကို မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ ဧပြီလ ၉ ရက်နေ့က စာတစ်စောင်ပေးပို့လိုက်ပါတယ်။

အဲဒီစာထဲမှာ အမြောက်ကြီးတွေကို စက်ရုံတောင်၊ ရဲလှတံတိုင်းနဲ့ ငမန်းဒုံတံတိုင်းရှိတောင်တွေ၊ နိဗ္ဗူဇာဘုရား တောင်တန်း၊ အမြင့်တောင်ခံတပ်၊ ရွှေတောင်၊ ရတနာ့မာန်အောင်စေတီအနီးကတောင်၊ ငပိသည်မကုန်း အစရှိတဲ့ ရှေးဟောင်းလက်ရာတွေရှိတဲ့နေရာမှာ ထားရှိပြီးတော့ နေ့စဉ်လိုလို ပစ်ခတ်နေတယ်လို့ ရေးသား ဖော်ပြထားပါတယ်။

အဲဒီနေရာတွေထဲက အချို့နေရာတွေမှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကတုတ်ကျင်းတွေတူးတာ၊ ရှေးဟောင်းလက်ရာတွေက ကျောက်တုံးတွေနဲ့ ဘန်ကာတွေကို အသုံးပြုထားတယ်လို့လည်း ပါရှိပါတယ်။

ဒီအချက်အလက်ဟာ ဘယ်လောက်အထိ ခိုင်မာသလဲလို့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကို RFA ကိုမေးမြန်းရာမှာ သူက -

"သြော် ... အဲဒါက ကျွန်မတို့က ဒီအောက်ကနေပြီးတော့မှ ကြည့်လို့ရှိရင် လူတိုင်းမြင်ရတယ်။ အမြောက်တွေကို တန်းစီပြီးတော့ ထားထားတာတွေ၊ အမြောက်တွေနဲ့ပစ်နေတာတွေ၊ နောက်တစ်ခါ အမြောက်အတွက် ဘန်ကာကျင်းတွေ လုပ်ထားတဲ့နေရာတွေမှာ ရှေးဟောင်းကျောက်တွေကို သုံးထားတာဟာ အဲဒီနားအနီးက ရပ်ကွက်ကလူတွေက အားလုံးမြင်ရပါတယ်။ ဒါတွေက မြင်ကွင်းကွယ်ပစ္စည်းတွေ မဟုတ်ဘူး။ မြင်ကွင်းရှိပစ္စည်းတွေဖြစ်ပြီးတော့ ဘယ်နေရာကပ စ်နေတယ်ဆိုလည်း မြောက်ဦး မြို့သူမြို့သားအားလုံး မြင်တွေ့ရပါတယ်။ အနီးအနားကျေးရွာတွေကတော့ ပိုမြင်ရတယ်ပေါ့နော"

အခုလို အမြောက်ကြီးတွေနဲ့ပစ်ခတ်ရာမှာ တုန်ခါမှုတွေကြောင့် ရှေးဟောင်းကိုးသောင်းဘုရားက လက်ရာတွေ ကွဲအက်မှုတွေအပြင် မြောက်ဦးမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ အခြားရှေးဟောင်းလက်ရာတွေမှာလည်း ထိခိုက်မှု တွေရှိနိုင်တယ်လို့ သုံးသပ်ထားပေမယ့် လုံခြုံရေးအခြေအနေအရ သွားရောက်ကြည့်ရှုလို့မရသေးဘူးလို့ ဒေါ်ခင်သန်း က ပြောပါတယ်။

ကိုးသောင်းဘုရား ကွဲအက်ပျက်စီးနေတာနဲ့ပတ်သက်လို့ အစီရင်ခံစာတစ်စောင် ရေးဖို့ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ဒီအခြေအနေတွေကြောင့် အမြောက်ကြီးတွေကို ဖယ်ရှားဖို့ ဒေသခံတွေနဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လိုလားနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့သဘောထားကို သိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA ကမေးမြန်းခဲ့ရာမှာ သူက -

"ဘယ်နားမှာချထားတာလဲ။ ကျွန်တော်တို့က ဘယ်နေရာမှ ချမထားဘူး။ အဲဒီနေရာမှာ ဘယ်နေရာမှ ကျွန်တော်တို့ဆီက လက်နက်ကြီးတွေချထားတာ မရှိဘူးခင်ဗျ"

မြောက်ဦးရှေးဟောင်းဇုန်နယ်မြေအတွင်းမှာ လက်နက်ကြီးတွေ ကျရောက်တာ၊ ရှေးဟောင်းတံတိုင်းတွေပေါ်က ခြုံနွယ်တွေကို မီးရှို့ခံရတာ စတာတွေကို ကြပ်မတ်ပေးဖို့အတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုထံကို မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က တင်ပြခဲ့ကြပါတယ်။

အဲဒီတင်ပြချက်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် ကနေ တစ်ဆင့် သက်ဆိုင်ရာ တပ်မတော်ရှေးတန်းစစ်ကြောင်းမှူးတွေထံကို ဆက်လက်အကြောင်းကြားခဲ့တယ်လို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကိစ္စ တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံ၊ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းက RFA ကို ပြောပါတယ်။

အခုလည်း ရှေးဟောင်းဇုန်နယ်မြေအတွင်းမှာ အမြောက်ကြီးတွေထားပြီး နေ့စဉ်လိုလိုပစ်ခတ်မှုတွေ ရှိနေတဲ့ကိစ္စကို ရပ်တန့်ပေးဖို့ဆိုပြီး အဲဒီအဖွဲ့ကပဲ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုထံကို ဧပြီလ ၉ ရက်နေ့က ဒုတိယအကြိမ် ထပ်မံတင်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ဒီတင်ပြချက်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံ၊ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းကို RFA က မေးမြန်းခဲ့ရာမှာ အခုတင်ပြစာ သူ့လက်ထဲရောက်လာတဲ့အခါ ကတ်ဘိနက်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးပြီးဆောင်ရွက်မယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ကတော့ ဘာတွေပဲလုပ်လုပ် ကတ်ဘိနက်နဲ့ ဆုံးဖြတ်ပြီးလုပ်တာ။ ဆိုတော့ အဲဒီစာရောက်လာရင် ဝန်ကြီးချုပ်ဆီ ရောက်လာရင် ကျွန်တော်တို့ ဝန်ကြီးချုပ် ကတ်ဘိနက်မှာ ဆွေးနွေးပြီးတော့မှ ကတ်ဘိနက်က ဆုံးဖြတ်တဲ့အတိုင်း ကျွန်တော်တို့ လုပ်မှာပါဗျ"

မြောက်ဦးဒေသကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် အဆိုပြုမူကြမ်းကို လာမယ့် စက်တင်ဘာလမှာ အပြီးသတ်တင်ပြဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ဒီအတွင်း မြောက်ဦးမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေသလို အစိုးရတပ်မတော်ဘက်က အင်အားတွေကိုလည်း တိုးချထားပါတယ်။

အခုလို မငြိမ်မသက်မှုတွေရှိနေပေမယ့် သတ်မှတ်ကာလအတွင်းမှာ ယူနက်စကိုဝင်နိုင်ဖို့ ပဏာမ မူကြမ်းကို တင်ပြနိုင်အောင် ဆက်လက်ကြိုးပမ်းသွားဖို့ကို မတ်လ ၂၈ ရက်နေ့က ရှေးဟောင်းသုတေသနနဲ့ အမျိုးသား ပြတိုက်ဦးစီးဌာန(ရန်ကုန်ဌာနခွဲ)မှာ ရှေးဟောင်းသုတေသနပညာရှင်တွေက ဆုံးဖြတ်အတည်ပြုခဲ့ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ အန်ကောဝပ်ကျောင်းတော်ကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းဖို့ကြိုးစားချိန်မှာ ပြည်တွင်းစစ်ပွဲတွေနဲ့ ကြုံခဲ့ရပေမယ့်နောက်ဆုံးမှာ အောင်မြင်ခဲ့တာကြောင့် အခုလည်း မြောက်ဦးဒေသကို ကမ္ဘာအမွေအနှစ်စာရင်း တင်သွင်းဖို့အတွက် နောက်မဆုတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ရမယ့်ကိစ္စရပ်တွေမှာ ရခိုင်ပြည်နယ်အစိုးရကနေတစ်ဆင့် တင်ပြပြီး သက်ဆိုင်ရာဝန်ကြီး ဌာနက ညွှန်ကြားချက်ရလာလို့ရှိရင် တပ်မတော်ဘက်ကလည်း လုံခြုံရေးဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက မြောက်ဦးမြို့တွင်းမှာ ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ရှေးဟောင်းအနောက်မြေထဲ စေတီပေါ်ကို လက်နက်ကြီးကျရောက်ခဲ့သလို ထုက္ကန့်သိမ်ပုထိုးအနီးကိုလည်း ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။