လေကြောင်းအန္တရာယ်ကြောင့် မြိုင်နဲ့ ပေါက်က ဒေသခံတွေ ဗုံးခိုကျင်းတူးနေရ

မြိုင်နဲ့ ပေါက်မြို့နယ်ထဲက ရေနံမှော်တွေရှိနေတဲ့နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ မကြာခဏတိုက်ခိုက်နေတာကြောင့် လေကြောင်းရန်ကနေ ကာကွယ်ဖို့ ဒေသခံတွေ ဗုံးခိုကျင်းတူးနေရပါတယ်။

လေကြောင်းရန်ကာကွယ်နည်း သင်ယူနေကြသည့် စစ်ကိုင်းတိုင်းအတွင်းမှ ဒေသခံကလေးငယ်များအား ၂ဝ၂၃ ခုနှစ် မေလအတွင်းက တွေ့မြင်ရစဉ်။

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်ထဲက ရေနံမှော်တွေရှိနေတဲ့နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ မကြာခဏတိုက်ခိုက်နေတာကြောင့် လေကြောင်းရန်ကနေ ကာကွယ်ဖို့ ဒေသခံတွေ ဗုံးခိုကျင်းတူးနေရပါတယ်။

ရေနံမှော်တွေရှိတဲ့ လက်ပံတို၊ ဘောင်ဘင်၊ သရက်ကန်၊ ဆုံကုန်း၊ ဆူးဝင်း၊ ဆိတ်ချေး၊ ညောင်ကုန်းနဲ့ ဂျုတ်ကုန်း ကျေးရွာအပါအဝင် ရွာပေါင်းဆယ်ရွာခန့် လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်ခံနေရတာပါ။

လေယာဉ်သံကြားရင် နီးစပ်ရာဗုံးခိုကျင်းထဲကို ပြေးပုန်းရာသလို ဗုံးခိုကျင်းကျယ်ကျယ်တူးထားပြီး ကလေးတွေကို အဲဒီအထဲမှာပဲ အမြဲထားနေရတာမျိုးတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်ထဲမှာဆိုရင် စစ်ကောင်စီတပ်က နေ့ရော ညပါ လေကြောင်းနဲ့ တိုက်ခိုက်နေလို့ ဗုံးခိုကျင်းတွေ အမြန်အဆန်တူးနေကြတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တတ်နိုင်တဲ့သူတွေက အခုလို မြေကျင်း ဗုံးခိုကျင်းတူးပြီးတော့ အပေါ်ကနေပြီးတော့ သစ်သားလေးတွေ ဘာလေးတွေချ အဓိက နံပါတ်တစ်ကတော့ ဗုံးခိုကျင်းရှိရင် ၃၅ ရာခိုင်နှုန်း အထိအခိုက် ဘာညာမရှိဘူးပေါ့နော်။ တော်တော်များများကတော့ အခု ဗုံးခိုကျင်းတူးနေကြတုန်းပေါ့နော်။ လေကြောင်းအသွားအလာက နေ့တိုင်းရှိတယ်။ ညဘက်တွေလည်း ရှိတာပဲ"

ဗုံးခိုကျင်းတစ်ခုကို အနည်းဆုံး အနက်လေးပေကနေ ခုနစ်ပေအကြားတူးရပြီး အဲဒီအပေါ်မှာ လေးလက်မကနေ ငါးလက်မအရွယ် သစ်သားတုံးတွေကို ခပ်စိပ်စိပ်တင်ရတယ်လို့ ဆိုပါတယ်။

အုတ်နဲ့ သေသေချာချာတည်ဆောက်ပါက ငွေကျပ် ၂၅ သိန်းခန့်အထိ ကုန်ကျတာကြောင့် ငွေကြေးမတတ်နိုင် သူတွေနဲ့ ယောကျ်ားသားမရှိတဲ့ နေအိမ်တွေကိုတော့ ရပ်ရွာကပဲ ဝိုင်းဝန်းကူညီပြီး လုပ်ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဗုံးခိုကျင်းရှိရင် ၃၅ ရာခိုင်နှုန်း အထိအခိုက် ဘာညာမရှိဘူးပေါ့နော်။ တော်တော်များများကတော့ အခု ဗုံးခိုကျင်းတူးနေကြတုန်းပေါ့နော်။ လေကြောင်းအသွားအလာက နေ့တိုင်းရှိတယ်။ ညဘက်တွေလည်း ရှိတာပဲ"

စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ မကြာခဏတိုက်ခိုက်နေတာကြောင့် စိုးရိမ်နေကြရတယ်လို့ မြိုင်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ဒီဒေသမှာတော့ လောလောဆယ်ကတော့ လေယာဉ်သံကြားရင်ကို လန့်နေကြတာ အကုန်လုံးက။ အဲဒီလိုလေးတော့ ရှိတယ်ဗျ။ ကျွန်တော်တို့ မင်္ဂလာဆောင်မှာ တစ်ကြိမ်၊ နောက်ပိုင်းမှာတော့ နေရာအနှံ့အပြားပေါ့နော် တိုက်ခိုက်သွားတာကို။ တစ်ညတည်းနဲ့ အဲဒီမှာလည်း ကျွန်တော်က တိုက်ခိုက်ခံရတဲ့ ရွာတစ်ရွာမှာ ကျွန်တော်က ရှိတယ်၊၊ ရှိတော့ ကိုယ်တိုင်ကြုံခဲ့၊ ကြုံရတယ်ပေါ့ဗျာ။ ကြုံခဲ့ရတယ် တိုက်တဲ့အချိန်ကတော့ အစ ပထမဆုံးတစ်ချက် ပစ်လိုက်တာတော့ ဘာသံမှမကြားလိုက်ရဘူး။ ဝှီးဆို ကျွန်တော်တို့ အသံကြားတာနဲ့ တစ်ခါတည်း ဒီမှာ ကြဲပြီးသားပဲ။ အဲဒီလို။ ကျွန်တော်ဆို ကျွန်တော်နဲ့ ပေသုံးဆယ်အကွာလောက်မှာ ဖြစ်သွားတာ၊၊ ဖြစ်သွားတော့ ကျွန်တော် အသံကြားတာနဲ့ ဒီမှာအကုန်လုံး မီးခိုးလုံးတွေထ ပျက်စီးသွားပြီ။ အမှန်အတိုင်း ပြောရရင်တော့ သေတဲ့သူတွေက ဒီ အသံကို ကြားကို မကြားလိုက်ဘူး၊၊ အသံကြားလိုက်ရတဲ့သူတွေကတော့ သေတွင်းက လွတ်ပြီးပြီပေါ့၊၊ နည်းနည်း ပြင်ဆင်ချိန်ရတာပေါ့ အဲဒီလိုလေးတွေရှိတယ်"

လက်ရှိမှာ ဒေသခံအများစုဟာ ရွာတွေထဲမှာ မနေရဲကြတော့ဘဲ တောတောင်တွေထဲနဲ့ လယ်ခင်းတွေထဲမှာ သွားရောက်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လေးလအတွင်း အရပ်သား လေးရာနီးပါး သေဆုံး

ထီးလင်းမှာ ဗုံးကြဲခံရပြီး လေးဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

နှစ်သစ်မှာ စစ်ကောင်စီတပ် လေကြောင်းကတိုက်ခိုက်မှု လူရာချီ သေဆုံး


လေကြောင်းအန္တရာယ်ကို စာတွေ့ရော လက်တွေ့ပါ လေ့လာထားသူတွေအနေနဲ့ အန္တရာယ်နည်းအောင် နေတတ်ပေမဲ့ သာမန်အရပ်သားတွေကတော့ ဒီအချက်တွေကို မသိနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဂျက်တိုက်လေယာဉ်တစ်စင်းရဲ့ ဗုံးကြဲပစ်ခတ်သံနဲ့အတူ ပေါက်ကွဲသံတစ်ခုကြားရဆိုရင် ဗုံးခိုကျင်းထဲကို ဝင်ရောက်ပုန်းခိုဖို့ ငါးမိနစ်ကနေ ဆယ်မိနစ်ကြားပဲ အချိန်ရတယ်လို့လည်း ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရေနံထွက်တဲ့ ပေါက်မြို့နယ်ထဲက ဒေသခံအများစုဟာ ရွာတွေထဲနေရဲကြဘူးလို့ ပေါက်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"ဒီက ရေနံထွက်ရှိတဲ့ဒေသဆိုတော့ အပြင်ဘက်ကလာပြီး ဒီမှာအခြေချတဲ့သူတွေရော နောက်ပြီးတော့ ပေါက်နယ်ထဲမှာ ကိုယ့်ရပ်ရွာကတော့ ပျူရွာရဲစခန်းဖြစ်နေတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့ တော်လှန်ရေး အဖွဲ့တွေကို ပူးပေါင်းဖို့ ထွက်လာတဲ့သူတွေရော နောက်ပြီးတော့ စစ်ဘေးရှောင်တွေရော ဒီဘက်မှာ အလုပ်အကိုင် အခွင့်အလမ်းလေးတွေ ရှိတဲ့အခါကျတော့ အဲလိုမျိုးမှာ လာရောက်လုပ်ကိုင်နေတဲ့ လူတွေရောပေါ့နော်။ လူဦးရေက များမယ်ပေါ့နော်။ အခုဆိုရင် ဒေသခံကျေးရွာတွေဆိုလို့ရှိရင် ကိုယ့်ရွာနဲ့ကိုယ် အိမ်ပြန်မနေရဲဘူး။ ညဆိုလို့ရှိရင်လည်း ပြန်မအိပ်ရဲဘူးပေါ့နော်။ အခုဆိုရင် နီးစပ်ရာတောတောင်တွေထဲမှာ နေနေကြတယ်။ ပစ္စည်းယူစရာရှိရင် ပြန်ယူတယ် ပြီးရင် ရွာထဲမှာ မနေရဲကြဘူးပေါ့နော်"

တောင်ညို၊ သရက်ကန်၊ ဆုံကုန်း၊ ကြက်ဆူအိုင်အပါအဝင် ရွာပေါင်း ခုနစ်ရွာခန့်က ဒေသခံတစ်သောင်းခန့်လည်း ဒီနေအထိ ဘေးလွတ်ရာမှာပဲ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိလည်း ရေနံမှော်လုပ်ငန်းတွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ရပ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက်ျာက တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသမှာ လေကြောင်းအန္တရာယ်လွတ်ကင်းအောင် ဗုံးခိုကျင်းတွေတူးထားကြဖို့ တိုက်တွန်းထားတယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ မြိုင်ပကဖနဲ့ ထိစပ် ပကဖတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးခါမှ စိုးမိုးထားတဲ့နေရာတွေကိုတော့ လေကြောင်း ခပ်စိပ်စိပ် လုပ်လာတယ်၊၊ အဲဒီ လေကြောင်းရန်ကာကွယ်ဖို့ရာအတွက်ကတော့ ကျွန်တော်တို့လည်း ပြည်သူကိုတော့ နေအိမ်တွေနဲ့ အနီးဆုံးနေရာပေါ့ လေကြောင်းရန် လေကြောင်းသံကြားပြီ၊ လေယာဉ်သံကြားပြီ ဆိုလို့ရှိရင် ကတုတ်ကျင်းထဲဆင်းပြီး ဟို ပုန်းနိုင်ရှောင်နိုင်အောင်ပေါ့ လုပ်ထားဖို့ရာတော့ အသိပေးထားပါတယ်၊၊ အသိပေးထားပြီး နောက်အခါကျ အခု ဇုန်တွေ၊ တိုက်နယ်တွေ၊ ရပ်/ကျေးတွေ၊ ဒီ ပအဖ၊ ပကဖ၊ ပလဖတွေနဲ့ အဲဒီလိုပေါ့။ မြို့နယ်ထဲရှိတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းအကုန်လုံးနဲ့ ပြီးတော့ပြီးခါမှ မိမိတို့ ဒီကာကွယ်ဖို့ရာတော့ အိမ်မှာ ကတုတ်ကျင်းတူးထားဖို့ရာနဲ့ လေကြောင်းရန် လေကြောင်းသံကြားလို့ရှိရင် ဝင်ရောက်နေထိုင်ဖို့ရာပဲ အမြန်လုပ်နိုင်အောင် စစ်ဆေးတာတွေ ကျေးရွာလေးတွေမှာ ထားပါတယ်"

စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်သတိပေးချက်ကို ဖုန်း၊ မက်ဆေ့ချ် (စာတို) နဲ့ရော လူမှုကွန်ရက်ကနေပါ ဒေသခံတွေဆီ ပညာပေးမှုတွေလုပ်နေတယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မြိုင်မြို့နယ်ထဲကရှိတဲ့ ရွာပေါင်း သုံးရာခန့်အနက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေရှိတဲ့ ရွာတွေကလွဲပြီး ကျန်တဲ့ရွာအားလုံး ဗုံးခိုကျင်း တူးနေကြတာလို့ မြိုင်ဒေသခံတွေက ပြောပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ်ထဲက ရေနံထွက်တဲ့ရွာတွေနဲ့ အနီးပတ်ဝန်ကျင်းကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ မတ်လ ၁၄ ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ သုံးကြိမ်ပစ်ခဲ့တာကြောင့် ဒေသခံ သုံးဆယ်ခန့် သေဆုံးခဲ့ပြီး ငါးဆယ်ခန့် ဒဏ်ရာရခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မြိုင်မြို့နယ်၊ ဆုံကုန်းရွာရှိ အဆောက်အအုံတချို့အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Photo: Facebook/ Red Peacock)

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းက မြိုင်မြို့နယ်၊ ဆုံကုန်းရွာမှာကျင်းပနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးရဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် လူဆယ်ဦးထက် မနည်း သေဆုံးခဲ့သလို မတ်လ ၃ ရက်နေ့ မနက်အစောပိုင်းကလည်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၅ ဦးခန့် သေဆုံးခဲ့ပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံတွေသေဆုံးတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးနိုင်မှုမရှိတော့တဲ့ နေရာတွေကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး လေကြောင်း အသုံးပြုတိုက်ခိုက်နေတာလို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

RFA ရဲ့စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်းမှာ ဒေသခံ ၁၇၆၉ ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org