AIPA အဖွဲ့ရဲ့မြန်မာခရီးစဉ် လွတ်လပ်စွာလေ့လာခွင့်မရရင် အကျိုးမရှိနိုင်
2023.08.18

AIPA က မြန်မာနိုင်ငံကို လူကိုယ်တိုင်သွားရောက်ပြီး မြန်မာပြည်သူတွေရဲ့ အခြေအနေကို လေ့လာဖို့ ပြင်ဆင်နေတယ်လို့ အင်ဒိုနီးရှားလွှတ်တော် အမတ်နဲ့ ဒေသတွင်း လွှတ်တော် အမတ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ Fadli Zon က ပြောလိုက်တဲ့ အကြောင်း ဩဂုတ် ၁၁ ရက်နေ့ထုတ် AIPA ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာတွေ့ဆုံလေ့လာဖို့ စစ်ကောင်စီက ခွင့်မပြုရင်တော့ ဒီခရီးစဉ်က အကျိုးမထူးနိုင်ဘူးလို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က RFA ကိုပြောပါတယ်။
"အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဒီကိုယ်စားလှယ်အဖွဲ့ကို လွတ်လွတ်လပ်လပ် သူတို့ သွားချင်တဲ့နေရာ၊ တွေ့ချင်တဲ့သူတွေနဲ့တွေ့ဖို့ အခွင့်အလမ်းပေးဖို့က အင်မတန်မှ အရေးကြီးတယ်။ အကြမ်းဖက်စစ်ကောင်စီက အဲလိုမပေးဘူးဆိုရင်တော့ သူတို့သွားတဲ့ ခရီးစဉ်က ပြည်သူလူထုအတွက် အကျိုးရှိဖို့အတွက် အကြောင်းသိပ်မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းပေးဖို့အတွက်လည်း အလားအလာအတွက် ပေါ့၊ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်"
အာဆီယံလွှတ်တော်အမတ်တွေက မြန်မာနိုင်ငံအရေးမှာ အခုလို တက်တက်ကြွကြွနဲ့ ကူညီဆောင်ရွက်ပေးဖို့ စိတ်အားထက်သန်တာကို ကြားသိရတဲ့အတွက်တော့ ဝမ်းသာကြိုဆိုတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။
အခုလ အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ ၄၄ ကြိမ်မြောက် အာဆီယံလွှတ်တော် များ ညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီက အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်တဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းအားထုတ်မှုတွေကို စောင့်ကြည့်မယ့် ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ သဘောတူခဲ့ကြ ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံကို အထူးသံတမန်အဖွဲ့ စေလွှတ်ဖို့အတွက်ကိုတော့ AIPA က ဆုံးဖြတ်ချက်မချရသေးဘဲ ဆွေးနွေးနေဆဲဖြစ်ပြီး AIPA က သဘောတူဖို့မျှော်လင့်တယ်လို့ Fadli Zon က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး AIPA ကို RFA က ဩဂုတ်လ ၁၅ ရက်နေ့မှာ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိသေးပါဘူး။
အာဆီယံအရေးလေ့လာသုံးသပ်သူ ကိုကြည်စင်ကလည်း AIPA ရဲ့ ခရီးစဉ်ဟာ ဘာမှ ထူးခြားမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
"ကျွန်တော်အနေနဲ့ သိပ်ပြီးတော့ ထူးခြားတဲ့ရလဒ်တစ်စုံတစ်ရာထွက်လာဖို့ မလွယ်ဘူးလို့တော့ မြင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ သွားမယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေနဲ့တိုက်ပွဲတွေကြားထဲ စစ်ကောင်စီက ကိုယ်တိုင် သွားပြီး သတင်းယူခွင့်ပြုလိမ့်မယ်လို့ ကျွန်တော်မမြင်ဘူး။ ပြီးတော့ တိုင်းရင်းသား ဒေသတွေကို နယ်စပ်ကနေဖြတ်ကျော်ပြီးတော့ တစ်ဆင့်သွားဖို့ဆိုတာကလည်း ခက်ခဲလိမ့်မယ်လို့ ထင်တယ်ပေါ့နော်။ ပြီးတော့ သူတို့အနေနဲ့ ဒီလောက်အထိ အန္တရာယ်တွေကို ရင်ဆိုင်ရဲပါ့မလားဆိုတာလည်း မေးစရာရှိတယ်ပေါ့"
ဩဂုတ် ၈ ရက်နေ့မှာကျရောက်တဲ့ (၅၆)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ကို ပေးပို့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာတော့ အဖွဲ့ဝင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ထပ်လောင်းကတိပြုတဲ့ အကြောင်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဩဂုတ်လ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဇူလိုင်လကုန်အထိ နိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာထွက် ပြေးနေရတဲ့ ဒုက္ခသည် ၁ ဒသမ ၉ သန်းနီးပါးရှိနေတာပါ။
အဲဒီအထဲက အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ အရပ်သား ခုနစ်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
"တကယ့်တကယ် မြေပြင်မှာကျတော့ အာဆီယံဆိုတာကလည်း ကျွန်တော်တို့ပြည်သူလူထုကို ငဲ့ကြည်တာမျိုး မရှိဘူးလေ"
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဒေသခံတစ်ဦးက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့လုပ်ဆောင်ချက်တွေအပေါ် မမျှော်လင့်တဲ့အကြောင်း ပြောပါတယ်။
"အာဆီယံလာလည်း ဒီလိုပါပဲ။ စာထုတ်တာ၊ ကန့်ကွက်တာနဲ့ပဲပြီးသွားမှာပါပဲ။ တကယ့် တကယ် မြေပြင်မှာကျတော့ အာဆီယံဆိုတာကလည်း ကျွန်တော်တို့ပြည်သူလူထုကို ငဲ့ကြည်တာမျိုး မရှိဘူးလေ။ သူတို့ဘာသာသူတို့ ကန့်ကွက်တာ၊ စာထုတ်တာ၊ စီးပွားရေး ပိတ်ဆို့တာ ဒီလောက်ပဲရှိတာ။ အရင်တစ်ခေါက် အရင်တစ်ခေါက်တွေလိုပဲ ဒီအတိုင်းပဲ ပြီးသွားမယ်ထင်ပါတယ်။ ဒီအဆင့်ထက်ပိုပြီးတော့ ဘာမှ ကျွန်တာ်တို့နိုင်ငံကို ကူညီတာမျိုးမရှိဘူး။ ပြည်သူလူထုကို ကူညီတာမျိုး မရှိဘူး"
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူး စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ကျယ်ပြန့်နေတာပါ။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ တည်ထောင်သူ ကိုဗညားကတော့ AIPA က လူကိုယ်တိုင်လာရောက်လေ့လာမယ်ဆိုရင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို ပိုပြီးသိလာလိမ့်လို့ ယူဆပါတယ်။
"ကျွန်တော့်အနေနဲ့ကတော့ အပြုသဘောဆောင်တဲ့ဘက်က ပြောချင်တာတစ်ခုတော့ ရှိတယ်ပေါ့နော်။ ဥပမာအားဖြင့် AIPA က ဘာလိုပဲပြောပြော ဒီအာဆီယံလွှတ်တော် အမတ်တွေလည်း ဖြစ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့သိသလောက်လည်း သူတို့နိုင်တဲ့ဘက်က မြန်မာ့နိုင်ငံအရေးကို စိတ်ဝင်စားစွာ ထောက်ပြ တာတွေလည်း ရှိခဲ့တယ်ပေါ့နော်။ အဲတော့ ကျွန်တော်အနေနဲ့ သူတို့သွားချင်ဟာ တစ်စုံတစ်ရာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို သူတို့တွေကြားနေတာထက်စာရင် ပိုသိလာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်"
AIPA ရဲ့ မြန်မာပြည်လေ့လာရေးခရီးစဉ်မှာ စစ်ကောင်စီက ကန့်သတ်မှုတွေ ရှိခဲ့ရင်တောင် စစ်ကောင်စီက ပြည်သူလူထုကိုမကြည့်ဘဲ အာဏာတည်မြဲရေးကိုပဲ လုပ်ဆောင်နေတယ် ဆိုတာကို အာဆီယံက သိမြင်နိုင်လိမ့်မယ်လို့လည်း ကိုဗညားက သုံးသပ်ပါတယ်။
အာဆီယံလွှတ်တော်အမတ်များ ညီလာခံအဖွဲ့ AIPA ကို အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်ပြီး အဲဒီအချိန်က အာဆီယံ အဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံရဲ့ထောက်ခံမှုနဲ့ ၁၉၇၇ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာပါ။
အခုချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အဖွဲ့ဝင် ၃၀၀ ကျော်ရှိနေပြီဖြစ်တဲ့ AIPA အဖွဲ့ဟာ တစ်နှစ်တစ်ကြိမ် ညီလာခံကျင်းပပြီး ၄၄ ကြိမ်မြောက် အာဆီယံ လွှတ်တော်များ ညီလာခံကိုတော့ ၂၀၂၃ ခုနှစ် ဩဂုတ် ၇ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။