ထိုင်းရောက် အလုပ်သမားတွေ လုပ်ခအပြည့်ရဖို့ ကူညီရေးအဖွဲ့တွေ ကြိုးစားနေ

လုဆိုင်း
2020.12.03

၂၀၂၀ ပြည့်နှစ် ထိုင်း- မြန်မာနှစ်နိုင်ငံ ရွှေ့ပြောင်းလုပ်သားတွေအရေး ဆွေးနွေးတဲ့ အစည်းအဝေးမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲတွေ ထည့်သွင်းဆွေးနွေးဖို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက မြန်မာအစိုးရကို တင်ပြတာတွေ ရှိနေပါတယ်။ တင်ပြထားတဲ့အချက်တွေထဲမှာ လုပ်အားခ အလျှော့ခံရတာ အချိန်ပိုကြေးမရတာတွေ ပါဝင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားအရေး ဆွေးနွေးတဲ့အစည်းအဝေးမှာ တင်ပြမဲ့ အကြောင်းအရာတွေကို ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေ အရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတချို့က မြန်မာအစိုးရရဲ့ အလုပ်သမားရေးဌာနကို အကြံပြုချက် တင်ပြထားပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်း CI စာအုပ်ပြင်ဆင်ဖို့၊ သက်တမ်းတိုးမဲ့ကိစ္စတွေ၊ ကိုဗစ်ကာလ မြန်မာအလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ကိုဗစ်အကြောင်းပြပြီး လုပ်အားခလျှော့တာတွေ၊ အလုပ်ပိုခိုင်းပြီး အချိန်ပိုကြေး မပေးတာတွေကို တင်ပြထားတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(FED)ရဲ့ တာဝန်ခံ ဦးထူးချစ်က ပြောပါတယ်။

အခက်အခဲရှိနေတဲ့အလုပ်သမားတွေထဲမှာ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ အစိုးရသဘောတူညီချက် MOUနဲ့ သွားတဲ့ အလုပ်သမားတွေလည်း ပါဝင်ပါတယ်။

MOU အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကိုဗစ်အကြောင်းပြပြီး ဖိနှိပ်ခံရတာတွေ၊ လူမှုဖူလုံရေးရန်ပုံငွေ အကျိုးခံစားခွင့်ရဖို့ အခက်အခဲတွေကို အစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးဖို့ကိစ္စတွေ၊ MOU အလုပ်သမားတွေနဲ့ အေဂျင်စီတွေ သတ်မှတ်ထားတဲ့ အစိုးရ ပြဌာန်းထားတဲ့ ဥပဒေတွေ မလိုက်နာတာတွေကို အရေးယူပေးဖို့ တင်ပြခဲ့တယ်လို့ ဦးထူးချစ်က ပြောပါတယ်။

မြန်မာနိုင်ငံအလုပ်သမားရေးဌာနက ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို အကြံပြုဖို့ မေတ္တာရပ်ခံလို့ အကြံပြုထားတာလို့ ဆိုပါတယ်။

နှစ်စဉ် ပုံမှန်အစည်းအဝေးတွေ ၂ ကြိမ်လောက် ပြုလုပ်ခဲ့ပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ ကိုဗစ် အရေးပေါ်ကာလမှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်လို့ ဒီအစည်းအဝေးဟာ ရွှေ့ပြောင်းလုပ်သားတွေအတွက် အရေးပါတဲ့ အစည်းအဝေး ဖြစ်တယ်လို့ ဦးထူးချစ်က ပြောပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက အလုပ်သမားအရေး ဆောင်ရွက်သူတွေဘက်က အောက်ခြေရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲတွေကို ဒီလို နှစ်နိုင်ငံတွေ့ဆုံမှုမှာ ထည့်သွင်းဆွေးနွေးဖို့ အကြံပြုပေမဲ့ နှစ်နိုင်ငံအစိုးရကတော့ လက်တွေ့အကောင်အထည်ဖော်မှုမှာ အားနည်းနေတယ်လို့ သူက ပြောပါတယ်။

ဒီလအတွင်း ကျင်းပမဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံဘက်က တင်ပြနိုင်ဖို့အတွက် မြန်မာအစိုးရ အလုပ်သမားရေးဌာနကနေ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သား ပူးတွဲလုပ်ရှားမှု ကော်မတီ (JACBA)၊ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED ၊ ဘန်ကောက်မြို့အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် MWRN တို့ကို တောင်းခံထားတာဖြစ်ပါတယ်။

မြန်မာပြည်သား ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက အကြံပြုချက် ၁၁ ချက်ကို တင်ပြထားတယ်လို့ ပြောပါတယ်။ အချက် ၁၁ ချက်မှာ ကိုဗစ်ကပ်ဘေးကာလ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေ ကူညီစောင့်ရှောက်ဖို့၊ လုပ်သားအင်အား လျှော့တာတွေ၊ ထုတ်တာတွေ၊ စာရွက်စာတမ်း သိမ်းဆည်းတာတွေ၊ စာရွက်စာတမ်း မပြည့်စုံတာတွေကို ပြည့်စုံအောင် ဆောင်ရွက်ပေးဖို့ အပါအဝင် ၁၁ ချက်ကို တင်ပြလိုက်တယ်လို့ သူက ပြောပါတယ်။

သူတို့ တင်ပြချက်ထဲမှာ ရွှေပြောင်းလုပ်သား ၂၀ မှာ တဦးက လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု ကိုယ်စားလှယ်အဖြစ် သင်တန်းတက်ခွင့်ပေးဖို့၊ ထိုင်းနယ်စပ်ဒေသအသီးသီးမှာ ရာသီအလိုက် ထုတ်ပေးထားတဲ့ စာအုပ်အပြာ အပိုဒ် ၆၄ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေရှိလို့ အမြန်ဆုံး ပြောင်းလဲပေးဖို့ ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့နဲ့ ကိုဗစ်ကာလမှာ မြန်မာရွှေ့ပြောင်းကျောင်းတွေ ထိုင်းကျောင်းတွေနည်းတူ အမြန်ဖွင့်လှစ်ပေးဖို့ တင်ပြလိုက်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

မူလက ဒီဇင်ဘာလ ၃ ရက်နေ့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပမှာ ဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ ဒီအစည်းအဝေးဟာ ရွှေ့ပြောင်းလုပ်သားတွေအတွက် အရေးကြီးပြီး ရသင့်ရထိုက်တဲ့ ဥပဒေပိုင်းဆိုင်ရာ အခွင့်အရေးတွေ၊ လူမှုဖူလုံရေးတွေ ပတ်သက်လို့ ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အလုပ်သမားရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကိုဗစ်အရေးပေါ်ကာလမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား သက်တမ်းတိုးမှု မလုပ်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးအရေးယူဖို့ ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွှန်ကြားရေးမှူးချုပ် စူချတ် ဖော်ချိုင်ဝိစေကွန်က နိုဝင်ဘာလ ၃၀ ရက်နေ့က ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သိန်းကျော်ရှိပြီး ကိုဗစ်ကပ်ဘေးကြောင့် အလုပ်အကိုင်မရှိတဲ့ မြန်မာလုပ်သား ၁ သိန်း ၃ သောင်းကျော်မှာ နေရပ်ပြန်သွားတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။ မြန်မာအလုပ်သမားတွေဟာ ထိုင်းမှာ အိမ်ဖော်အလုပ်၊ ပန်းရံလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့ သန့်ရှင်းရေးအလုပ်တွေကို များသောအားဖြင့် လုပ်ကိုင်နေကြတာပါ။ အများစုဟာ လုပ်အားခအနေနဲ့ ဘတ်ငွေ ကိုးထောင်ကနေ တစ်သောင်းခွဲဝန်းကျင် ရကြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေအပြင် လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက အလုပ်သမားတွေလည်း သွားရောက် လုပ်ကိုင်နေတာရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။