Adani Ports ကုမ္ပဏီ ပြန်ထွက်တာ ပိတ်ဆို့ဒဏ်ခတ်မှုရဲ့ ရလဒ်ဖြစ်

RFA Burmese
2023.05.15
Adani Ports ကုမ္ပဏီ ပြန်ထွက်တာ ပိတ်ဆို့ဒဏ်ခတ်မှုရဲ့ ရလဒ်ဖြစ် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံရှိ Adani ဆိပ်ကမ်းတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။
Adani

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ငါးနှစ်ကြာ လက်တွဲ လုပ်ကိုင်ခဲ့တဲ့ အိန္ဒိယကုမ္ပဏီ Adani Ports ဟာ မြန်မာနိုင်ငံကသူ့ရဲ့ လုပ်ငန်းတွေကို အမေရိကန်ဒေါ်လာသန်း ၉၀ ကျော် အရှုံးခံရောင်းချမယ့်အကြောင်း မေလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

Adani Ports and Special Economic Zone Ltd (APSEZ) ဟာ ရန်ကုန်တိုင်း အလုံမြို့နယ်မှာ ကုန်တင်ဆိပ်ကမ်းကြီးတစ်ခု တည်ဆောက်ဖို့ MEC နဲ့ ပူးတွဲလုပ်ကိုင်နေပြီး အမေရိကန်ဒေါ်လာ ၁၂၇ သန်း မြှုပ်နှံထားပြီးပါပြီ။

“ဖိအားဒဏ်မခံနိုင်တဲ့သူတွေ ထွက်ကြပါလိမ့်မယ်။ ဒါပေမဲ့ အကျိုးစီးပွားအများကြီး ရှိတဲ့သူတွေကတော့ ကျန်နေကြဦးမှာပေါ့"

အခုတော့ ရင်းနှီးမြှုပ်နှံထားသမျှအားလုံးကို ဒေါ်လာသန်း ၃၀ နဲ့ပဲ အရှုံးခံရောင်းချပြီး ပြန်ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာပါ။

မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံက ကုမ္ပဏီကြီးတွေ ပြန်ထွက်သွားတာဟာ ဆက်လုပ်နေရင်လည်း အကျိုးမရှိတော့ဘူးဆိုတာ သိသွားတာကြောင့်ဖြစ်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုမိုက်က ပြောပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်မှု အကြီးအကျယ်ဖြစ်နေတဲ့ဟာမျိုးတွေမှာ ဘယ်လိုဘယ်ဝါ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ဟာမျိုးတွေကို သက်သေအထောက်အထားတွေနဲ့ ပြောနိုင်ရင်တော့ အဲဒီကုမ္ပဏီတွေက ဆက်ပြီးနေဖို့ခက်ပါတယ်။ တချို့ကုမ္ပဏီတွေ ကတော့ ဥပမာ တရုတ်ကုမ္ပဏီတွေလိုမျိုး၊ အိန္ဒိယ ကုမ္ပဏီလိုမျိုး၊ ထိုင်းကုမ္ပဏီလိုမျိုး လူ့အခွင့်အရေးလည်း သူတို့ဂရုမစိုက်ဘူး။ ကုမ္ပဏီအနေနဲ့ သိက္ခာရှိတဲ့ လုပ်ငန်းအနေနဲ့ ရပ်တည်နိုင်ဖို့ သို့မဟုတ် ရပ်တည်နိုင်ခြင်း ရှိ၊ မရှိကို သိပ်ဂရုမစိုက်ဘူးဆိုတဲ့ ကုမ္ပဏီတွေအနေနဲ့ကျတော့ (ထွက်ခွာဖို့) အလွန်ခက်ခဲပါတယ်။ သူတို့ရဲ့ အကျိုး စီးပွားကို ထိခိုက်လာမယ်ဆိုရင်တော့ ဆက်ပြီးနေဖို့မရှိဘူးလို့ ကျွန်တော့်အနေနဲ့ ဖြေချင်ပါတယ်ခင်ဗျ”

Adani အုပ်စုဟာ ၂၀၁၉ ခုနှစ်၊ မေလက ရန်ကုန် အလုံမြို့နယ်မှာ ဆိပ်ကမ်းတည်ဆောက်ဖို့ နှစ် ၅၀ သဘောတူစာချုပ်ကို MEC နဲ့ လက်မှတ်ရေးထိုးခဲ့ပြီး ဒါက Adani အုပ်စုအတွက် ဒုတိယမြောက် နိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဖြစ်တယ်လို့ ယူကေအခြေစိုက် စီးပွားရေး သတင်းစာတစ်စောင်ဖြစ်တဲ့ Finicial Times က ဖော်ပြပါတယ်။

ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၇၅ သန်းကနေ ၂၉၀ လောက်အထိ ကုန်ကျနိုင်တယ်လို့ Adani က အဲဒီအချိန်က ခန့်မှန်းခဲ့တာပါ။

အဲဒီခန့်မှန်းငွေထဲက ဒေါ်လာ ၁၂၇ သန်းကို အကုန်ကျခံ ရင်းနှီးထားပြီးမှ စစ်တပ် အာဏာသိမ်းပြီးဖြစ်လာတဲ့ နိုင်ငံတကာဖိအားတွေကြောင့် သန်း ၃၀ နဲ့ အရှုံးခံရောင်းချပြီး ပြန်ထွက်သွားတာပါ။

စစ်တပ်ရဲ့လုပ်ရပ်တွေကို စောင့်ကြည့်ဖော်ထုတ်နေတဲ့ Justice For Myanmar (JFM) ရဲ့ မေလ ၄ ရက်နေ့ အစီရင်ခံစာအရ Adani Port ဟာ ၂၀၁၉ ခုနှစ်က မြေနေရာရှင်းလင်းဖို့ အမေရိကန်ဒေါ်လာ ၂၂ သန်း အပါအဝင် မြေငှားရမ်းခ၊ မြေအသုံးပြုခအတွက် စုစုပေါင်း ဒေါ်လာ သန်း ၉၀ MEC ကို ပေးချေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Adani Ports က MEC ကို ငွေပေးချေထားတဲ့ အထောက်အထားတွေ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကုမ္ပဏီတို့ တိုက်ရိုက်ဆက်သွယ်မှုတွေကို JFM အပါအဝင် ဒီမိုကရေစီအင်အားစုတွေက ၂၀၂၁ ခုနှစ် မတ်လမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နော်ဝေနိုင်ငံက အချုပ်အခြာရန်ပုံငွေ Norges Bank Investment Management (NBIM) က Adani အုပ်စုရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဖွဲ့ရဲ့ ရှယ်ယာထဲကနေ ပြန်ထုတ်သွားပါတယ်။

အခုလို ကုမ္ပဏီတွေပြန်ထွက်သွားတဲ့အတွက် ကြီးမားတဲ့ထိခိုက်မှုမရှိဘူးလို့ စစ်တပ် အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျုဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

“ဖိအားဒဏ်မခံနိုင်တဲ့သူတွေ ထွက်ကြပါလိမ့်မယ်။ ဒါပေမဲ့ အကျိုးစီးပွားအများကြီး ရှိတဲ့သူတွေကတော့ ကျန်နေကြဦးမှာပေါ့။ ၈၈ ကနေ အခုအချိန်အထိဖြစ်နေတာ အဲဒီပုံစံအတိုင်း သံသရာလည် နေမှာပဲ။ ပြောရရင် စီးပွားရေးကို စီးပွားရေးလို့ မြင်တဲ့သူတွေကျန်နေကြမှာပေါ့။ တချို့သော ဖွံ့ဖြိုးတိုးတက်မှုအပိုင်းအတွက် စီးပွားရေးလည်ပတ်မှုပေါ့ အဲဒါလေး နည်းနည်းနှေးကွေးသွားတာ ရှိကောင်းရှိနိုင်တယ်။ ကြီးကြီးမားမား ဆိုးဆိုးရွားရွားကြီးတော့ မဖြစ်ဘူး”

မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အရင်ကလည်း ကြုံတွေ့ခဲ့ပြီး ဖြစ်တာကြောင့် ခံနိုင်ရည်ရှိတယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တိုတယ်လ်နဲ့ ချယ်ဘရွန် ရေနံကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံကနေပြန်ထွက်ချိန်က အလားတူပြောဆိုမှုမျိုး RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။ ပြန်ထွက်သွားတဲ့ အနောက်နိုင်ငံကုမ္ပဏီကြီးတွေရဲ့နေရာမှာ တရုတ်နဲ့ ရုရှားလို ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီတွေ ဝင်လာလိမ့်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ဖူးပါတယ်။

Adani အုပ်စုဟာ မြန်မာပြည်က သူတို့ရဲ့လုပ်ငန်းကို ဒေါ်လာ သန်း ၃၀ နဲ့ Solar Energy Limited ကုမ္ပဏီကို ရောင်းချခဲ့တာပါ။ ရိုက်တာသတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ Adani Ports ကုမ္ပဏီ ဟာ Greenfield စီမံကိန်းဆိုတဲ့ မလည်ပတ်ရသေးတဲ့ စီမံကိန်း တစ်ခုမှာ ဒေါ်လာ ၁၉၅ သန်း ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ Adani Ports က တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသလို RFA ရဲ့ အီးမေးလ်ကတစ်ဆင့် မေးမြန်းချက်ကိုလည်း တုံ့ပြန်ဖြေဆိုတာ မရှိပါဘူး။

ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ Justice For Myanmar (JFM) ရဲ့ ပြောခွင့်ရ မရတနာမောင်ကတော့ Adani Ports အနေနဲ့ တာဝန်ယူမှုရှိပြီး လူ့အခွင့်အရေးတာဝန်တွေ စနစ်တကျ ဆောင်ရွက်ဖို့အတွက် ပြန်လည်ဝယ်ယူသူရဲ့ အသေးစိတ် အချက်အလက်တွေ ကို ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီကိုအခွန်ပေးနေတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေ ပြန်မထွက်ဘဲဆက်လုပ်နေရင် ပြင်းပြင်းထန်ထန်ဆန့်ကျင်သွားမယ်လို့ ရန်ကုန် မြေအောက်လှုပ်ရှားမှုအဖွဲ့ Yangon UG Association (YUA) ရဲ့ တာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။

“စစ်ကောင်စီကို အားပေးတဲ့၊ တစ်နည်းအားဖြင့် စစ်ကောင်စီရဲ့ လူသတ်ဖို့အတွက်ကို အားပေးအားမြှောက် ဝင်ငွေလမ်းကြောင်းတွေရအောင် လုပ်ပေးနေတဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကိုမဆို ဆန့်ကျင်သွားမယ်။ အတိုင်းအတာတစ်ခုထက် ပိုပြီး ဆိုးလာရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်”

တပ်ပိုင်စီးပွားရေးလုပ်ငန်း MEC ဟာ အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ဩစတြေးလျနဲ့ အီးယူတို့ရဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူခံထားရတဲ့ လုပ်ငန်းစုဖြစ်ပြီး Adani အုပ်စုနဲ့ အာဏာမသိမ်းခင်ကတည်းက လက်တွဲလုပ်ကိုင်နေတာပါ။

Adani အုပ်စုမှာပါဝင်တဲ့ Adani Power ကုမ္ပဏီကလည်း အာဏာသိမ်းပြီးနောက်မှာ တောင် တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာ ကျောက်မီးသွေးတူးဖော်တင်ပို့နိုင်ဖို့ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီထံ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်က အဆိုပြုလွှာပို့ခဲ့ပါတယ်။

Adani Ports ရဲ့ ရန်ကုန် အလုံဆိပ်ကမ်းစီမံကိန်း ပြန်ထွက်သွားပေမယ့် Adani Power ကုမ္ပဏီ ဆက်ပြီးလုပ်ကိုင်နေသေးလားဆိုတာ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ Adani Ports နှင့် အထူးစီးပွားရေးဇုန် Ltd မှ လုပ်ဆောင်သည့် ကုန်တင်သင်္ဘောတစ်စင်းအား ၂၀၁၄ ခုနှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။  (Photo: Reuters)
အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ Adani Ports နှင့် အထူးစီးပွားရေးဇုန် Ltd မှ လုပ်ဆောင်သည့် ကုန်တင်သင်္ဘောတစ်စင်းအား ၂၀၁၄ ခုနှစ် ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)

စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံက ထွက်သွားဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစိုးရတွေ၊ ရှယ်ယာရှင်တွေကတစ်ဆင့် ဖိအားပေးဖို့လိုအပ်တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ သုတေသနနဲ့ နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက ပြောပါတယ်။

“စစ်အုပ်စုနဲ့ဆက်ပြီးတော့ အလုပ်လုပ်နေရင် သက်ဆိုင်တဲ့လိုင်စင်တွေ မပေးဖို့တို့၊ တခြား အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ပေါ့နော်၊ ဒါမျိုးတွေကလည်း အစိုးရတွေကို တိုက်တွန်းရမှာဖြစ်သလို တစ်ဖက်ကလည်း ကုမ္ပဏီနဲ့ သူ့ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေ ပေါ့နော်၊ စစ်အုပ်စုရဲ့ ဖောက်ပြန်တဲ့လုပ်ရပ်တွေ၊ လူသားအပေါ်ကျုးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေတာတွေကို (ရှယ်ယာရှင်တွေ) သေချာနားလည်အောင် လုပ်ပြီးတော့ ကုမ္ပဏီရှယ်ယာရှင်တွေဘက်က ထွက်သွားဖို့တောင်းဆိုမှုတွေ ဖြစ်ပေါ်လာအောင်တော့ နှစ်ဖက်လုံးလုပ်ဖို့ လိုမယ်လို့ထင်ပါတယ်ဗျ”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ လူ ၃၅၀၀ နီးပါး သေဆုံးပြီး တစ်သောင်းရှစ်ထောင်နီးပါး ဖမ်းဆီးခံထားရပါတယ်။

ဒီလိုလုပ်ရပ်တွေအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ကောင်စီတစ်ဖွဲ့လုံးမှာ တာဝန်ရှိတာကြောင့် သူတို့ကိုပံ့ပိုးကူညီရာရောက်မယ့် စီးပွားရေးလုပ်ငန်းမှန်သမျှ မြန်မာနိုင်ငံကနေ ပြန်ထွက်ကြဖို့ ဒီမိုကရေစီအင်အားစုတွေက တိုက်တွန်းနေပါတယ်။

ဒီလိုတိုက်တွန်းမှုတွေကြောင့် ပြင်သစ် ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီ Total Energies က ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းနဲ့ အမေရိကန် Chevron ကုမ္ပဏီက အခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လထဲမှာ ပြန်ထွက် သွားကြပါတယ်။

နော်ဝေနိုင်ငံက Telenor ဆက်သွယ်ရေးကုမ္ပဏီ၊ ဩစတေးလျ Mattel၊ စင်ကာပူ ဆေးလိပ်နဲ့ ဆေးရွက်ကြီးလုပ်ငန်း Lim Kaling၊ ထိုင်း အဆင်မြင့်အိမ်ရာလုပ်ငန်း Amata နဲ့ မလေးရှား ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း Petronas တို့လည်း စစ်တပ်အာဏာသိမ်းပြီး နောက် မြန်မာနိုင်ငံကနေ ပြန်ထွက်သွားခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။