အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်အပေါ် အမြင်သုံးသပ်ချက်


2018.10.21

ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာအရ နိုင်ငံ့ဘဏ္ဍာငွေတွေ ဆုံးရှုံးနစ်နာတာနဲ့ပတ်သက်ပြီး  ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့ စည်ပင်တာဝန်ရှိသူတွေထဲက အဂတိလိုက်စားမှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ တိုင်ကြားထားတဲ့ ဒေါ်ညိုညိုသင်းရဲ့တိုင်ကြားစာကို အရေးယူဖို့ မရှိသေးဘူးလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။

အစီရင်ခံစာအရ စီမံကိန်းတွေမှာ ငွေကျပ် ၅၁ ဘီလီယံကျော် ဆုံးရှုံးနေသလို  ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းထားတဲ့ စီမံကိန်းတွေမှာလည်း နှစ်စဉ်  ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၅ ဒသမ ၈ ဘီလီယံ ဆုံးရှုံးနစ်နာနေတဲ့ အပေါ် ဥပဒေအတိုင်း  အရေးယူပေးဖို့ ဒေါ်ညိုညိုသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို  ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဲဒီတိုင်ကြားစာအပေါ် အရေးယူဖို့မရှိသေးဘူးလို့ ထုတ်ပြန်ခဲ့တဲ့ အပေါ် တိုင်ကြားသူဖြစ်တဲ့ ဒေါ်ညိုညိုသင်းက အခုလိုပြောပါတယ်။

"အခုဟာကလည်း ကျမရဲ့တိုင်ကြားစာကို ပယ်ချတာမဟုတ်ဘူး၊ ဒီအဂတိလိုက်စားမှုမှာ ပတ်သက်နေတဲ့ သူတွေကို အရေးမယူဘူးလို့ ပြောတာမဟုတ်ဘူး၊ ၁၈ ရက်နေ့မှာ သူတို့ရထားတဲ့ သတင်းအချက်အလက်တွေ အရ အဲဒီ အစည်းအဝေးအရ သူတို့ကဆုံးဖြတ်တာ"

ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာပါ အကြောင်းအရာဟာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနဲ့ သက်ဆိုင်ရာ အစိုးရဌာနတို့က ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးတာနဲ့ ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ပြဌာန်းလိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္တအကြိမ်ပြင်ဆင်တဲ့ ဥပဒေမပြဌာန်းခင်က ကိစ္စဖြစ်နေတာကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကော်မရှင်ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အဲဒီတိုင်ကြားစာပါကိစ္စတွေကို အရေးယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောခွင့်ရသူ ဦးကျော်စိုးက အခုလို ပြောပါတယ်။

"အရင်ကကိစ္စတွေပေါ့နော်။ ဒါဥပဒေ မပြဌာန်းမီက ကိစ္စတွေပေါ့နော်၊ ဒါ့ကြောင့်မို့လို့ ကျနော်တို့ကဒါကို အရေးယူဆောင်ရွက်ရန် မရှိသေးကြောင်းလို့ သတင်းထုတ်ပြန်တာပေါ့နော် ဟုတ်ကဲ့"

စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးနေတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက အခုလိုပြောပါတယ်။

"ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောခဲ့ပြီးသွားတဲ့အလုပ်ကို ဆက်ပြီးတော့အစိုးရကနေ ဆောင်ရွက်ရမှာရှိတယ်၊ သူဆောင်ရွက်ပြီးတော့မှ သူက စာရင်းစစ်ချုပ်ကို ဘာတွေကိုတော့ ဆောင်ရွက်ထား ပါတယ်၊ ဘယ်လိုတော့ ဆောင်ရွက်ထားပါတယ်ဆိုပြီးတော့ စာရင်းစစ်ကိုပြန်ပြီးတော့ အကြောင်းပြန်ရမယ့် Process တစ်ခုရှိတယ်ဗျ၊ လက်ရှိအချိန်ကတော့ ပြောရမယ်ဆိုရင် အဲ့ဒီအချိန်ကာလမှာ သွားဖြစ်နေတယ်"

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ကလည်း တိုင်းလွှတ်တော်မှာ  ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်အလက်တွေကို တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့မှု အရ ပြည်သူ့ဘဏ္ဍာ နစ်နာမှုရှိ/ မရှိ စုံစမ်းရန် ကျော်ဇောသတင်းရှိတယ်လို့ အခိုင်အမာယုံကြည်ခဲ့ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တာဝန်ယူစုံစမ်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် က တရားလွှတ်တော် ရှေ့နေ ဦးမောင်မောင်စိုးက အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

"စုံစမ်းတွေ့ရှိချက်ကို တင်ပြပြီးတော့ လောလောဆယ် ဒါတွေမပြီးပြတ်သေးတဲ့အတွက် ကော်မရှင်က ဆက်လက် ကိုင်တွယ်လို့မရတဲ့ သဘောပေါ့နော်။ ကျနော်နားလည်တာကတော့၊ ဒါအတိုင်းစုံစမ်းတဲ့တွေ့ရှိချက် ဆိုရင်တော့ အဂတိရဲ့တင်ပြချက်ကို ကျနော်တို့ လက်ခံနိုင်ပါတယ်"

လက်ရှိအချိန်ထိ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေက တိုင်းလွှတ်တော်မှာ မေးမြန်းမှုတွေရှိပေမယ့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေက ပြန်လည်ဖြေကြားတာ မရှိသေးပါဘူးခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။