AA တပ်ချုပ်ရဲ့ညီအမှု တရားလိုတင်သွင်းချက်ကို ကန့်ကွက်
2019.10.10

ရခိုင်တပ်တော် AA အဖွဲ့ကို စင်္ကာပူနိုင်ငံကနေ ငွေကြေးထောက်ပံ့တယ်ဆိုပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင် ရဲ့ညီ ကိုအောင်မြတ်ကျော်အပါအဝင် ရှစ်ဦးအမှုကို တရားစွဲထားတဲ့ တရားလို့ ဒုရဲမှူးတင့်ရွေကို ဒီနေ့ ဒုတိယနေ့ အဖြစ် ဆက်လက်စစ်ဆေးခဲ့ပါတယ်။
ဒီနေ့တရားခွင်မှာ ဒုရဲမှူးတင့်ရွှေက သက်သေအဖြစ်တင်သွင်းတဲ့ စာရွက်ဟာ မူရင်းမဟုတ်တာကြောင့် သက်သေခံ ဥပဒေနဲ့မညီဘူးဆိုပြီး တရားခံရှေ့နေတွေက ကန့်ကွက်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန် ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
“ရဲမှူးတင့်ရွှေကို ဆက်စစ်တယ်၊ ဆက်စစ်တော့ တရားလိုက စင်္ကာပူနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက် ပြီးတော့ သက်သေခံတင်သွင်းတယ်၊ အဲအပေါ်မှာ တဘက်က ကန့်ကွက်တယ်၊ ဒါနှစ်ဘက် ကန့်ကွက်လျောက်လဲချက် ကြားနာ တယ်ခေါ်တာပေါ့ဗျာ၊ ကန့်ကွက်တဲ့ဘက်ကလည်း ဘာကြောင့် ကန့်ကွက်တယ်ဆိုတာ ဥပဒေအထောက်အထားနဲ့ပြတယ်၊ တင်သွင်းလိုသူဘက်ကလည်း ဥပဒေအထောက်အထားနဲ့ ရှင်းတယ်ပြီးပြီ၊ ရှေ့ရုံးချိန်း တရားရုံးလျောက်လဲချက်ကို အမိန့်ချ ဖို့ပဲကျန်တော့တယ်”
ကိုအောင်မြတ်ကျော်ပါ ရှစ်ဦးအမှုမှာ တရားလိုဘက်က စင်္ကာ ပူနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက် မူရင်းမဟုတ်ဘဲ စင်္ကာပူအခြေစိုက် The Straits Time သတင်းဌာနရဲ့ဖော်ပြချက် ဖြစ်နေတာကြောင့် သက်သေခံတင်သွင်းတဲ့ ဥပဒေနဲ့မကိုက်ညီတဲ့အတွက် ကန့်ကွက်ရတာလို့ တရားခံတွေရဲ့ ရှေ့နေ ဦးအောင်ကျော်စိန် ကပြောပါတယ်။
“သတင်းထောက်တစ်ယောက်ရဲ့ ထင်မြင်ချက်ကို သက်သေခံလာတင်ရင်တော့ အဲကိစ္စဟာ သက်သေခံဥပဒေကို ပြင်ဆင်တဲ့ဥပဒေအရ Digital evident ကို ဘယ်လို့လက်ခံရမယ်ဆိုတဲ့ဟာနဲ့ မကိုက်ဘူး မကိုက်တော့ အဲအပေ ါ်မှာ သူတို့ရဲ့ ရဲစွဲချက်ခေါ်တာပေါ့၊ တရားစွဲတုန်းကတင်တဲ့ဖိုင်နဲ့ တွဲပါလာတဲ့ဟာက သူတို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကနေ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင်စာနဲ့ တရားဝင်တောင်းထားတယ်ဆိုတဲ့စာ ပူးတွဲပါတဲ့အတွက်ပေါ့ အဲစာပါမှတင်ပေါ့၊ အဲလို့ဆိုပြီးရှေ့နေတွေက ကန့်ကွက်တာ”
ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင်သန်းနဲ့ ကိုမြတ်လင်းဦးတို့ ရှစ်ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ၅၂ (က)တို့နဲ့ မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့ ဒုရဲမှူး တင့်ရွှေက တရားလိုလုပ်ပြီး တရားစွဲတင်ပို့ခဲ့တာကို အနောက်ပိုင်းခရိုင်တရားရုံးက လက်ခံ စစ်ဆေးနေတာပါ။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ဆက်လက်စုံစမ်းပြီး အခုလို့အရေးယူဖိ့ု တိုင်ကြားတာလို့လည်း ဒုရဲမှူးတင့်ရွှေက တရားရုံးမှာ ပြီးခဲ့တဲ့ရုံးချိန်းက ထွက်ဆိုခဲ့ပါတယ်။
ကိုအောင်မြတ်ကျော်ပါ ရှစ်ဦးဟာ စင်္ကာပူနိုင်ငံမှာ ရန်ပုံငွေရှာပြီး ရခိုင်တပ်တော် AA ကို ငွေကြေးထောက်ပံ့တာ၊ လိုအပ်တဲ့ပစ္စည်းတွေထောက်ပံ့တာနဲ့ AA အထိမ်းအမှတ်ပွဲတွေပြုလုပ်တာ၊ စည်းရုံးလှုံဆော်တာနဲ့ လူသစ် စုဆောင်းရာမှာ ထောက်ပံ့ပေးတယ်လို့ ဒုရဲမှူးတင့်ရွှေက ပြီးခဲ့တဲ့ရုံးချိန်းမှာ ထွက်ဆိုထားပါတယ်။
AA ကို ထောက်ပံ့နေတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ စင်္ကာပူအသင်းရခိုင်ဟာ ရခိုင့်တပ်တော်နဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကပြောပါတယ်။
“ပတ်သက်မှုမရှိဘူးဗျ၊ လုံးဝကိုပတ်သက်မှု လုံးဝကိုမရှိဘူးဗျ၊ သူတို့ကပြည်တွင်းထဲမှာရှိတဲ့သူတွေကိုပဲ လူမှုရေးလုပ်ငန်းတွေ အတွက်ကိုပဲ အကူညီပေးနေတာ၊ လူမှုရေးလုပ်ငန်းတွေပဲ သီးသန့်လုပ်တယ်ဆိုတာကို သူတို့အဖွဲ့တွေလည်း ထုတ်ပြန် ထားသလို ကျနော်တို့လည်း အကြိမ်ကြိမ်ပြောပြီးပြီ၊ ပြည် တွင်းကောပြည်ပကော တတ်ကြွတဲ့ရခိုင်လူငယ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အဲဒါတွေကို သူတို့အကုန်လုံး Target ထားပြီးတော့ ဖမ်းဆီးလာတာ၊ နှိပ်ကွပ်ရေးအစီစဉ်တွေလုပ်လာတာ ကျနော် တို့တွေ့ရတယ်”
ဒီအမှုကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဖိ့ု ခန့်မှန်းထားတဲ့ ဒီအမှုမှာ တရားလိုဘက်က သက်သေ ၁၄ ယောက် တင်သွင်းထားကာ ၃ လအတွင်း ရုံးချိန်း ၁၈ ချိန်းခေါ်ယူ စစ်ဆေးမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရုံးချိန်းတုန်းက တရားလိုဘက်က မြန်မာအလင်းသတင်းစာ ခြောက်စောင်ကို သက်သေအဖြစ် တင်သွင်းခဲ့ပြီး ဒီတပတ်မှာတင်သွင်းခဲ့တဲ့ သက်သေခံစာရွက်ကို လက်ခံသင့်မသင့်ကို လာမယ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ အမိန့်ချမှတ်မှာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်။)