စင်္ကာပူကပြန်ပို့တဲ့ ရခိုင်အသင်းဝင် ၆ ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
2019.07.12

AA ရခိုင့်တပ်တော်ကို ပံ့ပိုးကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်္ကာပူအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်အသင်း (စင်္ကာပူ) က ခြောက်ယောက်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းလိုက်ပါတယ်။
အသင်းဥက္ကဋ္ဌ ကိုဟိန်းဇော်ကို ဇူလိုင်လ ၁၁ ရက် ကြာသပတေး နေ့လည်နှစ်နာရီခွဲ၊ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာချိန်မှာ သတင်းတပ်ဖွဲ့က ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။ ည ၁၁ နာရီမှာတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီဖြစ်သူ ကိုအောင်မြတ်ကျော်နဲ့ ကိုထွန်းအေးတို့ ရန်ကုန်လေဆိပ်ကို ရောက်လာချိန်မှာ သတင်းတပ်ဖွဲ့က ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ ရခိုင်အသင်း (စင်္ကာပူ) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုရဲကျော်ထက်ကို ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မအူပင်လမ်း နေအိမ်ကို သတင်းတပ်ဖွဲ့က သွားရောက် ဖမ်းဆီးလိုက်တယ်လို့ Tomorrow News Journal ရဲ့ Facebook စာမျက်နှာမှာ ဓာတ်ပုံတချို့နဲ့အတူ ဒီနေ့ညနေက ဖော်ပြထားပါတယ်။
ဇူလိုင်လ ၁ဝ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတင်လှိုင်ဦးနဲ့ အသင်းဒုဥက္ကဋ္ဌ မအေးမြတ်မွန်တို့ နှစ်ယောက်ကိုတော့ အဲဒီနေ့ညက လေဆိပ်မှာ တွေ့လိုက်ရပြီးနောက် အဆက်အသွယ်မရတော့ဘဲ ပျောက်နေပါတယ်။ နောက်နေ့မှာတော့ သူတို့ကို နေပြည်တော်မှာ ရဲတပ်ဖွဲ့က ဖမ်းထားပြီဆိုတဲ့ သတင်းကြားရတယ်လို့ မိသားစုဝင်ရော၊ နီးစပ်သူတွေကပါ RFA ကို ပြောပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်လို့ သမ္မတရုံးညွန်ကြားရေးမှုချုပ် ဦးဇော်ဌေး ကို RFA က ဆက်သွယ် မေးမြန်းတဲ့အခါမှာ... ဒီကိစ္စ ပြည်ထဲရေးနဲ့ ဆိုင်တာဖြစ်လို့ ပြည်ထဲရေးကိုမေးဖို့နဲ့၊ သူအနေနဲ့ ဖုန်းနဲ့ ဖြေဆိုတာတွေ မလုပ်ဘူး လို့ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ညွန်ကြားရေးမှုးချုပ်နဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) ညွန်ကြားရေးမှူးကို RFA က ဆက်သွယ်ပြီးအတည်ပြုဖို့ ကြိုးစားတဲ့အခါမှာတော့ အဲဒီလူနှစ်ယောက်အကြောင်း သူတို့မသိသလို၊ သူတို့ဆီ သတင်းမရောက်ဘူးလို့သာ RFA ကိုပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ညွန်ကြားရေးမှုးချုပ် ဦးခိုင်ထွန်းဦးကလည်း... နေပြည်တော်မှာဖမ်းတာဆိုရင် ရဲတပ်ဖွဲ့က ဖြစ်နိုင်တာကြောင့် ရဲတပ်ဖွဲ့ကိုမေးမြန်းဖို့ RFA ကို ပြောပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးတာ ဟုတ်မဟုတ် အတည်ပြုချက်ရဖို့ နေပြည်တော်ကရဲမှူးကြီး မျိူးသူစိုးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့... ဒီကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ် ပြောစရာမရှိတဲ့အကြောင်းနဲ့ လိုအပ်ရင် သတင်းထုတ်ပြန်ပေးမယ်လို့သာ ပြောဆိုပါတယ်။
ရသေ့တောင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို RFA က ဆက်သွယ် မေးမြန်းရာမှာ… သူတို့နှစ်ယောက်ကို နေပြည်တော် ဒက္ခိဏခရိုင်မှာ ဖမ်းထားတယ်လို့ ကြားသိရကြောင်း ပြောပါတယ်။ ကျောက်တော်မြို့မှာ နေထိုင်တဲ့ ကိုတင်လှိုင်ဦးရဲ့ဖခင်- အငြိမ်းစား ကျောင်းဆရာကြီး ဦးထွန်းတင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ … သားဖြစ်သူ ပြန်လာတဲ့ညက တယ်လီဖုန်းအဆက်အသွယ်ရခဲ့ပြီး နောက်နေ့မှာ အဆက်အသွယ် မရတော့ဘူးလို့ ပြောပါတယ်။
ကိုတင်လှိုင်ဦးဟာ အင်ဂျင်နီယာ တယောက်ဖြစ်ပြီး၊ စင်္ကာပူမှာ အလုပ်လုပ်နေတာ ဆယ်နှစ်လောက် ရှိပြီဖြစ်သလို၊ ဇနီးနဲ့ကလေးကတော့ စစ်တွေမှာပဲ နေထိုင်တယ်လို့ ဖခင်ဖြစ်သူ ဦးထွန်းတင်က ပြောပြပါတယ်။ အဲဒီကနေ ရခိုင်ပြည်နယ်အတွက် သာရေးနာရေးအကူအညီတွေ ပေးနေခဲ့တာလို့ ဦးထွန်းတင်ကပြော ပါတယ်။
ကိုတင်လှိုင်ဦး ရန်ကုန်လေဆိပ်ကို ပြန်ရောက်တဲ့ ဗုဒ္ဓဟူးနေ့ညက RFA နဲ့ သီးသန့် အဆက်အသွယ် ရခဲ့တဲ့အတွက် သူတို့စင်္ကာပူမှာ ကြုံခဲ့ရတာကို မေးကြည့်တဲ့အခါ သူက အခုလို ပြောခဲ့ပါတယ်။
“အခုဖြစ်နေတာက ရခိုင်အသင်းက လူခြောက်ဦးပြဿနာ မဟုတ်ပါဘူး။ သူတို့ရဲ့စာရင်းအရဆိုရင် ရခိုင် ၈၆ ဦးအထိ ရှိပါတယ်။ အဲဒီ ၈၆ ဦးထဲမှာ အမျိုးသားရေးကို စိတ်မဝင်စားဘဲ လူမှုရေးကိုသာ သီးသန့်လုပ်နေတဲ့ သူတွေလည်း အများကြီး ပါပါတယ်။ အများထင်နေကြသလို AA အဖွဲ့ကို ပိုက်ဆံ ထောက်ပံ့နေလို့ မဟုတ်ပါဘူး”
လူမှုရေးကို အကြောင်းပြပြီး AA အဖွဲ့ကိုထောက်ပံ့နေတာရှိမရှိဆိုတာကို စင်္ကာပူအစိုးရက စစ်ဆေးခဲ့ပြီး တစ်စုံတစ်ရာ မပေါ်ပေါက်တာကြောင့် ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ RFA က ဗုဒ္ဓဟူးနေ့က ဆက်သွယ်မေးမြန်းချိန်မှာ ကိုတင်လှိုင်ဦးက ပြောပါတယ်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ - ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်အသင်း (စင်္ကာပူ) က ၆ ယောက်ဟာ စင်္ကာပူနိုင်ငံကို ခြေကုတ်ယူပြီး မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ AA အဖွဲ့ကို ပံ့ပိုးကူညီနေတာကြောင့် အရေးယူမှာ ဖြစ်တယ်လု့ိ စင်္ကာပူ ပြည်ထဲရေးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။
စင်္ကာပူပြည်ထဲရေးဌာနရဲ့ အဲဒီထုတ်ပြန်ကြေညာချက်ဟာ မျှတမှုမရှိတဲ့အတွက် ကန့်ကွက်ကြောင်း ရခိုင့်တပ်တော် AA က ဇူလိုင်လ ၁၁ ရက် မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကတော့ ဒီကိစ္စမှာ တပ်မတော်အနေနဲ့ ပါဝင်ပတ်သက်တာမရှိကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က RFA ကို ငြင်းဆိုထားပါတယ်။
(RFA သတင်းထောက် ကိုမင်းသိန်းအောင်၊ ကိုထက်အာကာနှင့် RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြသည်)