သံတွဲလေဆိပ်ကို AA သိမ်းပိုက်ပြီးနောက် တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.06.24
သံတွဲလေဆိပ်ကို AA သိမ်းပိုက်ပြီးနောက် တိုက်ပွဲပြင်းထန်နေ ရခိုင်ပြည်နယ်၊ သံတွဲမြို့လေဆိပ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရစဥ်။
Myanmar Military

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေက စစ်ကောင်စီတပ်စွဲထားတဲ့လေဆိပ်ကို ဇွန် ၂၃ ရက် မနေ့က ရက္ခိုင့် တပ်တော် (AA) က သိမ်းပိုက်လိုက်ပြီးနောက် ဒီနေ့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သံတွဲလေဆိပ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (AA) က ဇွန်လဆန်းပိုင်းကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ မနေ့ကတော့ လေဆိပ်ကို ခုခံကာကွယ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားပြီးနောက် လေဆိပ်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်တာလို့ ဒီအခြေအနေကိုသိရှိထားတဲ့ အမည်မဖော်လိုတဲ့ သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“သိမ်းလိုက်တယ်ဆိုတာက လေဆိပ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က နောက်ဆုတ်သွားတာပါ။ နောက်ဆုတ်သွားပြီဆိုတော့ သိမ်းလိုက်တဲ့သဘောပေါ့။ ဒီနေ့အခြေအနေကတော့ အခုအချိန်ထိ လက်နက်ကြီးပစ်သံတွေ ကြားနေရတယ်။ စစ်လေယာဥ်တွေ၊ ဂျက်လေယာဥ်တွေ ဝဲနေတယ်။ ဗုံးကြဲသံတွေလည်း ကြားနေတယ်။ ဘယ်နေရာကို ဗုံးကြဲတာလဲတော့ မသိဘူး”

သံတွဲလေဆိပ်နဲ့ကပ်လျက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၅၆၆) တပ်ရင်းနဲ့ လေဆိပ်နဲ့နှစ်မိုင်အကွာ ခလရ (၅၅) တပ်ရင်းအနီးအနားတွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ရော စစ်ရေယာဥ်တွေကပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

“ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဧရာဝတီတိုင်းအစပ်က ဂွမြို့နယ်နဲ့ တခြားနီးစပ်ရာ ဒေသတွေကို ထွက်ပြေးနေကြရပါတယ်”

သံတွဲလေဆိပ်ကို AA က သိမ်းပိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်လူမှုကွန်ရက်တွေမှာတော့ သံတွဲလေဆိပ်ဟာ AA အဖွဲ့ရဲ့ လက်ထဲမကျရောက်သေးသလို လေဆိပ်အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒီနေ့ ရေးသားဖော်ပြကြပါတယ်။

လက်ရှိမှာ သံတွဲမြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဧရာဝတီတိုင်းအစပ်က ဂွမြို့နယ်နဲ့ တခြားနီးစပ်ရာ ဒေသတွေကို ထွက်ပြေးနေကြရတယ်လို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံတွဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲက မြို့နားနီးလာပြီလေ။ ကိုယ်နေတဲ့နေရာနားကို ရောက်လာပြီ။ တချို့လူတွေတော့ ကျန်ခဲ့တာရှိတယ်။ ကျွန်တော်တို့ မိသားစုမှာတော့ မကျန်ဘူး။ အကုန်လုံး ထွက်ပြေးလာပြီ။ သံတွဲမြို့နယ်တောင်ဘက်ကိုတော့ ၁၅ မိုင်ပဲရောက်ရောက်၊ မိုင် နှစ်ဆယ်လောက်ပဲရောက်ရောက် အဲဒီရောက်မှအဆင်ပြေသလို ကြည့်နေမလို့ ပြေးလာခဲ့တာ”

သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ဧပြီလကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ စဖြစ်နေတာပါ။ နှစ်ဖက်တိုက်ပွဲတွေဟာ သံတွဲမြို့ရဲ့မြောက်ဘက် မိုင်နှစ်ဆယ်ခန့်အကွာမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော့ သံတွဲမြို့နဲ့ ငါးမိုင်ခန့်အကွာ ငပလီကမ်းခြေအထိ ရောက်ရှိနေတာပါ။

“လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရတာတွေလည်း ပိုတိုးလာနေပါတယ်”

စစ်ကောင်စီတပ်ကလည်း တပ်ရင်းတပ်ဖွဲ့တွေ၊ မြို့ပေါ်နဲ့ အကျဥ်းထောင်အနီးအနားတွေမှာ လူအင်အားတိုးချထားသလို ရေကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေပေးပြီး ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်ကို ခုခံနေတာတွေ့ရတယ်လို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဥ်။ (Photo: AA Info Desk)
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဥ်။ (Photo: AA Info Desk)

ရခိုင်ပြည်နယ်ကို ထိန်းချုပ်ဖို့အတွက် သံတွဲဒေသဟာ အရေးပါတာကြောင့် AA အဖွဲ့က အလုံးစုံသိမ်းပိုက်ဖို့ ကြိုးပမ်းနေတာ တွေ့ရတယ်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

“သံတွဲက အတော်လေးကို အရေးကြီးတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းကို ထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးရှိပါတယ်။ စစ်ကောင်စီမှာတော့ မြေပြင်တပ်တွေ အားကိုးလို့မရတော့ဘူး။ ရေတပ်ဆိုရင်လည်း ချောင်းတွေ၊ မြစ်ကြားတွေကို ဝင်လာလို့မရတော့ဘူး။ ပင်လယ်ကမ်းအဝေးကပဲ လှမ်းပစ်တာဆိုတော့ ထိရောက်မှုမရှိဘူး။ အခု ၂၀၂၄ ခုနှစ် နှစ်ကုန်လောက်မှာဆိုရင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေ အကုန်လုံး ကင်းစင်သွားမဲ့အခြေအနေရှိပါတယ်။ ဘာလို့လဲဆိုရင် ကြည်း၊ ရေ၊ လေတပ်တွေက ဘာမှ မလုပ်နိုင်တဲ့အခြေအနေကို ရောက်သွားလို့ဖြစ်ပါတယ်”

သံတွဲမြို့နယ်မှာ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရတာတွေလည်း ပိုတိုးလာနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့မေလက အရပ်သား ၂၃ ဦး သေဆုံးခဲ့သလို အခုဇွန်လအတွင်းမှာလည်း လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် သေဆုံးတဲ့အရပ်သား ၂၂ ဦးနဲ့ ဒဏ်ရာရသူ ၃၂ ဦးထက်မနည်းရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။