ခူမီး တိုင်းရင်းသားတွေကို ပြန်အပ်လိုက်ပြီလို့ AA ကြေညာ


2019.08.01
khumi-kintalin-villagers-622.jpg ၂၀၁၉ ဇူလိုင် ၃၁ ရက်နေ့က AA ပြန်လွှတ်ပေးလိုက်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကင်းတလင်းရွာက ခူမီးတိုင်းရင်းသားတွေကို တွေ့ရစဉ်
Photo: AA Website

ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာက ခူမီးတိုင်းရင်းသားတွေကို ဇူလိုင်လ ၃၁ ရက်နေ့ မနေ့ မနက်ပိုင်းက အုန်းသီးဝကျေးရွာ မှာရှိတဲ့ ရပ်မိရပ်ဖတွေထံမှာ အပ်နှံပေးခဲ့တယ်လို့ AA က မနေ့က ကြေညာချက် ထုတ်လိုက်တာပါ။

သူတို့ဟာ ၆ လ နီးပါးကြာ ထိန်းသိမ်းခံခဲ့ရတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်နေ့က ကင်းတလင်းရွာထဲကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပြီး ရွာသားတွေကို ခရစ်ယာန်ဘုရားကျောင်းမှာစုခိုင်းကာ တပ်မတော်က ရွာကိုဗုံးကြဲမှာဖြစ်လို့ သူတို့နဲ့လိုက်ခဲ့ဖို့ပြော ဆိုပြီး အတင်းအဓမ္မ ခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောကြပါတယ်။

ခူမီးတိုင်းရင်းသား ၅၄ ယောက်ကို AA ခေါ်ဆောင်သွားတာဖြစ်ပြီး နှစ်ယောက်က ထွက်ပြေးလွတ်မြောက်ခဲ့ တာကြောင့် ၅၂ ယောက် ကျန်ရှိနေတာဖြစ်ပါတယ်။

အကုန်လုံးပြန်လွတ်လာတယ်လို့ ဖုန်းအဆက်သွယ်ရပေမယ့် လက်ရှိ အုန်းသီးဝကျေးရွာမှာပဲ ရှိနေသေးပြီး မီးဇာဒုက္ခသည်စခန်းကို မရောက်သေးဘူးလို့ ပြန်လွတ်လာသူတွေနေထိုင်မယ့် မီးဇာဒုက္ခသည်စခန်းက သင်းအုပ်ဆရာမောဆက် က ပြောပါတယ်။

"ကျွန်တော့ကိုဖုန်းခေါ်ထားတယ် ၊ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်တော့မတွေ့သေးဘူး၊ ရောက်ပြီလို့တော့ပြော တယ်၊ အခုအုန်းသီးဝမှာပဲ ကျန်နေသေးတယ်လို့ပြောတယ်၊ အကုန်လုံးလွှတ်ပေးတယ်လို့ပြောတယ်၊ သူတို့ဆက် ပြီးတော့မနေပါဘူး၊ IDP ရှိတဲ့ မီးဇာမှာပဲ သူတို့နေမှာပါ၊ မီးဇာမှာ မရောက်သေးပါဘူး၊ အခုလက်ရှိတော့ ကျွန်တော်လည်းမသိရသေးဘူး၊ အုန်းသီးဝကျေးရွာကိုတော့ရောက်ပြီလို့ သတင်းတော့ပို့ထားတယ်၊ သို့သော် ကျွန်တော်က သူတို့နဲ့သွားမတွေ့ဖြစ်နိုင်သေးဘူး။"

AA က အတင်းအဓမ္မခေါ်သွားတဲ့ ကင်းတလင်းရွာက ခူမီးတိုင်းရင်းသားတွေကို တွေ့ရစဉ်
AA က အတင်းအဓမ္မခေါ်သွားတဲ့ ကင်းတလင်းရွာက ခူမီးတိုင်းရင်းသားတွေကို တွေ့ရစဉ်
Photo: AA Website

အဲဒီ ခူမီးတိုင်းရင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC နဲ့ ချင်းလူ့အခွင့်အရေးအဖဲ့ွတွေက တောင်းဆိုနေတာဖြစ်ပါတယ်။

အခုလိုပြန်လွှတ်ပေးတာကို ကြိုဆိုပြီး ကျေးဇူးတင်တယ်လို့ ချင်းအဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါပေမဲ့ နောက်နောင်အခုလိုမျိုးတွေ ထပ်မဖြစ်စေချင်ဘူးလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ သတင်းနဲ့အချက်အလက် ရှာဖွေရေးတာဝန်ခံ ဆလိုင်းတေရ က RFA ကို ပြောပါတယ်။

"ဟုတ်ကဲ့ ကျွန်တော်တို့လည်း အဲတာကြားတယ်၊ ဒါပေမဲ့ လူဘယ်နှစ်ယောက်လွှတ်ပေးတယ်ဆိုတာ အတည်ပြု လို့မရဘူး၊ အခုသူတို့ထားတဲ့နေရာက နည်းနည်းအလှမ်းဝေးတယ်၊ အခုခြေလျင်နဲ့ တစ်ရက်လောက်သွားဖို့ လိုတယ်၊ ဘာဖြစ်လို့လဲဆိုရင် အဲဒီနေရာက နယ်စပ်နေရာနဲ့ အရမ်းနီးစပ်နေတယ်၊ ပြီးတော့အခုမိုးတွင်းဆိုရင် နည်းနည်းအသွားအလာ ခက်ခဲတာပေါ့နော်၊ ရေကြောင်းလည်းမရဘူး၊ ခြေလျင်နဲ့ပဲရတယ်ဆိုတော့၊ ကြားပဲ ကြားတယ်၊ တကယ်ဘယ်နှစ်ယောက်လဲဆိုတာကို အတည်ပြုလို့မရဘူး၊ တကယ် သူတို့လွှတ်တယ်ဆိုတာ ကိုတော့ ကျွန်တော် တအားကြီး ကြိုဆိုတာပေါ့၊ ပြီးတော့ ကျေးဇူးလည်းတင်မိတယ်ပေါ့နော်၊ အဲလိုပြဿနာ နောက်ထပ်မဖြစ်ဖို့လည်း ကျွန်တော်မျှော်လင့်တာပေါ့နော်။"

စတင်ခေါ်သွားစဉ်ကပါသွားပြီး စခန်းကနေ ပြန်ထွက်ပြေးလာသူ နှစ်ဦးရဲ့ပြောပြချက်အရ သူတို့ဟာ မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ထိစပ်တဲ့နေရာမှာရှိတဲ့ AA ရဲ့တပ်စခန်းတွေမှာ နေထိုင်ရပြီး  အစာရေစာလုံလောက်မှု မရှိစွာနဲ့နေရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ AA ကတော့ ရွာသားတွေဘက်က အကူအညီတောင်းလို့ အကူအညီပေးကယ်ဆယ်ထားတာဖြစ်တယ်လို့ ကြေညာချက်မှာပြောထားပါတယ်။

ခူမီးတိုင်းရင်းသားတွေ ပြန်လွှတ်ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး AA ရဲ့ ပြန်ကြာရေးတာဝန်ခံ ခိုင်သုခကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

လက်ရှိ ရခိုင်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲမှာ ပလက်ဝမြို့နယ်မှာ လမ်းဖောက်နေတဲ့ ဝန်ထမ်းတွေနဲ့ နယ်စပ်ခြံစည်းရိုးခတ်နေတဲ့ အလုပ်သမားတွေကတော့ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

AA အဖွဲ့က ဖမ်းဆီးထားတဲ့ အရပ်သား ခန့်မှန်း ၁၄၀ ဝန်းကျင်လောက်ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း"ကျွန်တော်တို့ သိသလောက်အရတော့ ဖမ်းသွားတာ ၁၂၈ ယောက် ရှိတယ်၊ ပြန်လွတ်လာတာ ၁၂ ယောက်ရယ် နှစ်ယောက်ရယ် ၁၄ ယောက်ပဲ ရှိသေးတယ်ပေါ့၊ အခုကတော့ ပြန်လွတ် မလွတ်တော့ ကျွန်တော်တို့လည်း မသိသေးဘူး၊ သူတို့ဆီကတော့ ပြန်လွှတ်ထား တယ်လို့တော့ပြောတာပဲ၊ ဟိုဘက်မှာက သူထူးစံက ကုမ္ပဏီ ဝန်ထမ်းတင် ရှစ်ယောက်ရှိသေးတယ်၊ ပြီးရင်တော့ ကျွန်တော်တို့ စစ်တွေ၊ နောက်ပြီးတော့ ဧပြီလ ၃ ရက်နေ့မှာ ခမီးကြိမ်ချောင်းဆည် အဲမှာလည်း ရန်ကုန်စစ်တွေကားလမ်းက ဦးအောင်ဝင်းတို့ ဖမ်းသွားတာရှိတယ်၊ ပြီးရင် ကျွန်တော်တို့ မင်းပြားတို့ စပါးထားတို့ အဲက ၅ ယောက်ဖမ်းသွားတာရှိတယ်၊ ကျွန်တော်တို့ လက်လှမ်း မီသမျှ သိထားတာတော့ ၁၄၀ ကျော်နီးပါးရှိတယ်၊ နောက်ဆုံး အကြိမ် ဖမ်းတာတော့  မြောက်ဦးဘက်က တစ်ယောက် ဖမ်းသွား တာရှိတာပေါ့"

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA တို့ ဇန်နဝါရီလဆန်းပိုင်းကတည်းက တိုက်ပွဲတွေဖြစ်ပွားရာ လက်ရှိမှာ စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲကာလအတွင်းမှ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက် ကနေ ဒီနေ့အထိ သေဆုံးသူ အရပ်သား ၇၀ ဝန်းကျင်ရှိပြီး ဒဏ်ရာရပြီးဆေးရုံတက် ကုသခဲ့ရသူကတော့ ၁၀၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။